spot_img
Wednesday, May 1, 2024
More
    spot_img
    Homeဆောင်းပါးဆေးပွန်းနေသောလမ်းများ

    ဆေးပွန်းနေသောလမ်းများ

    -

    ရာမညမင်းငြိမ်းချမ်း

    ကျွန်တော် ခရီးများစွာထွက်ခဲ့ဖူးသည်။ ထိုကြောင့် လမ်းများစွာကိုလည်း ဖြတ်သန်းသွားခဲ့ဖူးသည်။ လမ်းများသည် လားရာတူညီသယောင် ရှိကြသော်လည်း ဦးတည်ချက်ကွဲပြားစမြဲ။ ဦးတည်ချက်တူညီသော် ခရီးဆုံးပန်းတိုင် ခြားနားသွားခဲ့။ ပြေးလမ်းပေါ်မှ အရောင်ပြောင်းလွယ်သော လမ်းများ။ ဆေးပွန်းနေသောကြောင့် ဂိတ်ဆုံးကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ခြင်းမရှိပါ။ အသုံးပြုခြင်းမရှိသည်မှာ အချိန်ကြာမြင့်ခဲ့၍ ဟောင်းနွမ်းပေါက်ပြဲလာခဲ့။ ဟောင်းလောင်းပေါက်များကြောင့် အဆာပလာ ဖြည့်တင်မှုများ ပြုလာခဲ့ကြ။ အဆာပလာများကြောင့် လမ်းများသည် မြင်ကွင်းထဲ ပိုမိုအကျဉ်းတန်သွားသည်။ အန္တရာယ်များဆီ ပိုမိုတွန်းပို့လာသည်။

    အပေါ်ယံပြုပြင်မှုအတွက် သူ့ထက်ငါ အပြိုင်အဆိုင် ဖြစ်လာကြသည်။ အမြင်အာရုံ မှောက်မှားလောက်အောင် ဟန်ဆောင်ကောင်းခဲ့ကြသည်။ တစ်ခါတစ်ရံ သဘာဝတရားများ၏ အကူအညီဖြင့် မတော်တဆမှုများ မီးမွှေးဖန်တီးတတ်သည်။ အရှိတရားမှ သွေဖယ်သွားသည့် ဆေးပွန်းနေသော လမ်းများပင်ဖြစ်သည်။ဘဝသရုပ်အမှန်ကိုဖော်ပြ နီရဲတောက်နေသော ကျောက်စရစ်ခဲများနှင့် ခင်းကျင်းထားသော မြေနီလမ်းများ။ နေ၏ ခြစ်ခြစ်တောက်ပူလောင်မှုကြား အရည်ပျော်ကျနေသော အပေါစားကတ္တရာများ ခင်းကျင်းထားသောလမ်းများ။ ရိုရာကိုစတာစီးနေရသကဲ့သို့ အနိမ့်၊ အမြင့်များနှင့် မညီမညာ မျက်နှာသွင်ပြင်များနှင့် ကျောက်ခင်းလမ်းများ။ လမ်းဟူ၍မသတ်မှတ်နိုင်သော သက်ရှိများ ခေတ္တဖြတ်လျှောက်ရင်း ဖြစ်ပေါ်သွားသော ဖြတ်လမ်းကလေးများ။ မျှော်လင့်ချက်တစ်ခုနှင့်အတူ နင်းလျှောက်မည့်သူကို မျှော်လင့်နေရသည့် ကျဉ်းမြောင်းသေးသွယ်သော လမ်းသွယ်ကလေးများ။ ဖောက်လုပ်ထားပြီးမှ တာဝန်ယူမှုမရှိပဲ အဓိပ္ပါယ်မဲ့စွာ ပိတ်ပင်ခြင်းခံရလိုက်သော ဖြတ်လမ်းများ။

    ဆေးစက်ဗလပွနှင့် ရှင်းလင်းဆေးကြောသူမဲ့နေသော ဆေးပွန်းနေသော လမ်းများ။ ဘုရားတည်ရှိရာလမ်းကို ဘုရားလမ်း။ ဆေးရုံတည်ရှိရာလမ်းကို ဆေးရုံလမ်း။ ဘောလုံးကွင်းတည်ရှိရာလမ်းကို ဘောလုံးကွင်းလမ်း။ ထိုနာမ်စားနှင့်ပိုင်ရှင်မှ ဖွင့်လှစ်ပေးခဲ့၍ အဝှာပုဂ္ဂိုလ်လမ်း။ ဆုံမှတ်မဲ့နေသောလမ်းကို မဆုံးသောလမ်း။ ဦးတည်ချက် ပျောက်ဆုံးနေသောလမ်းကို လေလွင့်ခြင်းလမ်း။ ဤသို့နှင့် ဆေးပွန်းနေသော လမ်းများပေါ် ကျွန်တော် ဖြတ်လျှောက်ခဲ့မိသည်။

    ကောက်ကွေးတွန့်လိမ် မြွေလိမ်မြွေကောက်သဏ္ဍာန်နှင့် လမ်းများ၏ဇာတ်ရုပ်ကြား ကျွန်တော် တိုးဝင်ခဲ့သည်။ ဟောင်းလောင်းပေါက်များနှင့် ညစ်နွမ်းနေသော လမ်းများ၏အသက်ရှူသံသည် သံသယများပြည့်နှက်လျက်။ ဆေးပွန်းနေသော လမ်းများ၏ဖြစ်တည်မှုသည် ပြောင်းပြန်အချိုးနှင့်။ ဆေးပွန်းဒဏ်ရာနှင့်အတူ စိတ်ခံစားချက်ကို ရှေ့တန်းတင်တတ်သော ကျားနာတစ်ကောင်၏ နာကျင်မှုမျိုးလား။ ရေသောက်ဆင်းသည့် သားကောင်ကို အလစ်သုတ်ရန် ချောင်းမြောင်းနေသည့် ရေမုဆိုးမိချောင်း၏ ဆာလောင်မှုမျိုးလား။ ဤသည်မဟုတ် ဆန်တက်ဖို့ခက်ခဲသည့် မြားတန်းလန်းစိုက်ဝင်နေသော ရေသေမြစ်၏ဖြစ်တည်မှုပင်။ ဒိုင်ယာရီ အဟောင်းအနွမ်းများကို သမင်လည်ပြန် ပြန်လည်တမ်းတနေကြ။ ပြောင်းလဲခြင်းနှစ်များဟု အသွေးအသားထဲရိုက်သွင်း ချိတ်ပိတ်ခံထားရသော ဝါးဆစ်ပိုင်းများဖြစ်မည် ထင်ပါသည်။ ဤသည် လမ်းများ၏ဖြစ်တည်မှုပင်။

    နှင်းမြူများအုံ့ဆိုင်း ယောင်ဝါးဝါးနေ့စွဲများကြား လမ်းများပေါ် ပဋိပက္ခများပိုမိုဖြစ်ပေါ်နေသည်။ အညွှန်းပြဧရိယာတည်မြဲဖို့ ဆိုင်းဘုတ်ထောင် ကိုယ့်အိပ်ကပ်ကိုယ်နှိုက် အဆာပြေ ဖြေဖျော်မှုအတွက် အသုံးပြုခဲ့ကြ။မနိုင်ဝန်များကြား လမ်းများသည် နှိုက်ထုတ်ခံနေကြ ဝမ်းတွင်းအဆာပလာများ။ ညစ်နွမ်းမှုအတွက်ဒဏ်ခတ် ကိုယ့်ကံကြမ္မာကိုယ်စီရင်ခွင့်နှင့် ခေတ်၏တောင်းဆိုသံများ။ ချည်တိုင်မဲ့နေ့ရက်များအတွက် လမ်းများသည် အိတ်ကပ်ဖောင်းဖို့သာ အာရုံစိုက်နေကြ။ ဆေးပွန်းခဲ့သော မနက်ဖြန်တိုင်းတွင် အသေကောင်လို ယောင်ဆောင်တတ်ခဲ့။ မျှော်လင့်ချက်အသေများ ဖြည့်ဆည်းနေသော နယ်ရုပ်လေးမျှသာ။ ငြိမ်းချမ်းမှုတရားကိုရှာဖွေ သားသတ်သမားကို အိမ်ဦးနတ်သဖွယ် ပူဇော်ပသခဲ့ကြ။ ကျားသေကိုအသက်သွင်းခြင်းလား ကျွန်တော်မသိ။ `လမ်းလွှဲမှမောင်းပါ´ဆိုသည့် ဆိုင်းဘုတ် ချိတ်ဆွဲထားခြင်းပင်ဖြစ်သည်။ မညီမညာသံစဉ်လှိုင်းကြား ကျွန်တော့်စိတ်ကို စိုးမိုးချယ်လှယ်ထားသော လမ်းများ၏ဆေးပွန်းနေသော မနက်ဖြန်အကြောင်းများသာ။

    လမ်းများ၏အသက်ရှူသံကို ကျွန်တော်ဝင်ရောက် နားသောတဆင်မိသည်။ ရှုပ်ထွေးပွေလီသော ဝင်္ကပါတောထဲ တဝဲဝဲလည်နေသူတစ်ယောက်ပမာ အချိန်နာရီများ ကျွန်တော်မေ့တတ်ခဲ့သည်။ ပဉ္စလက်ဆန်ဆန် သဘာဝတရားကြီး၏ မျက်လှည့်ပြမှုအောက် ဒူးထောက်နေရသောလမ်းများ။ အရေခြုံခံစားချက်ကို ခေါင်းပေါ်တင်ရွက် အကြမ်းဖက်ဝါဒီကို ထောက်ခံအားပေးသောလမ်းများ။ လမ်းဘေးဝဲယာ မြင်တွေ့ရဆဲ ပိုင်ရှင်မဲ့အမှိုက်များ။ စည်းစနစ်ကျခြင်းသည် နေရာဒေသတစ်ခု၏ အဆင့်အတန်းဖြစ်သည်။ `မျှော်လင့်ခြင်းလမ်းများ´ဆိုသည့် သတင်းခေါင်းကြီးပိုင်းတွင် ထည့်သွင်းဖော်ပြနေသော လမ်းများ၏ လော်ဘီဆန်ဆန် လှုံ့ဆော်မှုတစ်ခုသာဖြစ်မည်။ ခရီးသွားများ စွန့်ပစ်ချသွားသော စားကြွင်းစားကျန် အနံ့အသက်ကိုရှူရှိုက် လမ်းများသည် အရောင်ပြောင်းခဲ့။ ဆေးပွန်းသွားသည့် ဒဏ်ရာသည်ကို မေ့လျော့နေသောလမ်းများပင် ဖြစ်သည်။

    မြင်ကွင်းများမှာ နီးလာလိုက်၊ ဝေးသွားလိုက်နှင့် စက္ခုအာရုံထဲ အဖြူအမည်းရုပ်ရှင် ပြသနေသကဲ့သို့ နေရာယူထားသည်။ အသက်ယဲ့ယဲ့မျှသာ ကျန်ရှိတော့သည့် လမ်းတစ်လမ်း၏ နောက်ဆုံးလက်ကျန်မျှော်လင့်ချက်ပင်။ သတိပြုမိလောက်အောင် အချိန်ရှိခိုက် ဖားထေးရုန်းကန် လှုပ်ရှားနေသောပုံရိပ်များ။ သိုးရေခြုံလွှမ်းထားသော ဝံပုလွေတစ်ကောင်နှင့် ဆင်တူနေသည်။ ရေနစ်သူဝါးကူထိုးခြင်းမျိုးမဟုတ် ပိုမိုနစ်မြှုပ်သွားအောင် နှစ်နေသကဲ့သို့ပင်။ ဝေဒနာတစ်နင့်တစ်ပို့နှင့် ချည်တိုင်ဆီ အရောက်မပြန်နိုင်တော့သည့် အိမ်ဝေးငှက်များ။ ဖြေလျော့ပေးနိုင်ခြင်းမရှိသည့် လမ်းများ၏ လမ်းအသုံးပြုခများ။ ဆေးစက်များစွာ စွန်းထင်းသွားသည့် လမ်းတစ်လမ်း၏ ဖြေဆေးကျပျောက်သောညပင်။ ငြင်းဆန်မှုကြား တင်းမာနေဆဲ လမ်းများ၏မနက်ဖြန်။ ပိုမိုရိရွဲလှိုက်စားနေဆဲအသက်ရှူသံများ။ အချိန်အဆမရှိသည့် လမ်းတစ်ချောင်း၏ လျှောက်သူမဲ့အခြေအနေများပင် ဖြစ်သည်။


    တစ်ခါတစ်ရံ လမ်းများပေါ် ဖြေရှင်းချက်မဲ့ဆေးစက်များစွာ စွန်းထင်းပြည့်နှက်နေသည်။ ငေးကြည့်ရုံမှအပ ဘာမှမတတ်နိုင်သော အနေအထားပင်။ ဝေဝါးနေသောလမ်းများ၏ ဖြစ်တည်မှုများသည် လွှဲချော်နေဆဲ။ ညည်းချင်းထုတ်နေသူ လမ်းပြုပြင်တည်ဆောက်သူများမှာ လမ်းပေါ်ဆေးစက်များ သွန်ချခဲ့။ ပြန်လည်ကူသုတ်ပေးခြင်းမရှိ အလုပ်ထွက်စာတင် ရှောင်ပြေးသည့်အလုပ်သမများ။ လိုအပ်ချက်အလျောက် တောက်ပမှုမဲ့ဆဲ။ မြေနေရာပျောက်နေဆဲ။ ရှင်းလင်းသူမဲ့အခြေအနေနှင့် ရင်ဆိုင်နေရဆဲ။ အဖာတစ်ရာထူထပ်နေသော လမ်း များသည် အဘယ်မျှသက်သောင့်သက်သာ ရှိနိုင်အံ့နည်း။ မညီမညာတေးသွားများ၏ အလှိုင်းခတ်သံစဉ် ဖယိုဖရဲပြန့်ကျဲနေဆဲ။ လမ်းပေါ်ပြေးလွှားနေသူ ခရီးသွားအတွက် ညစ်ပတ်နံစော်နေသောလမ်းပေါ် မည်မျှခံနိုင်ရည်ရှိမည်နည်း။ မသေချာခြင်းများ၏ နောက်ကွယ်တွင် တည်ရှိခြင်းအကြောင်း ပိုမိုပြောဖြစ်နေသကဲ့သို့ပင်။ ဤသို့နှင့် သပ်ရပ်မှုကင်းမဲ့စွာ အဖာတစ်ရာထူထပ်လျှက် အမောဖောက်နေသော လမ်းများပင်။

    တဖြည်းဖြည်းနှင့် မူမမှန်သည့်ရာသီဥတုကြား လမ်းများသည် ပိုမိုရှုပ်ထွေးလျက်။ ဆေးစက်များကြောင့် လမ်းများသည် လျှောက်လဲချက် အမျိုးမျိုး ပေးတတ်ကြသည်။ တောကြီးဝါဒ လက်ကိုင်ထားသူကို ဧည့်ခန်းထဲထိုင်ခိုင်းပြီး အရိုအသေပေးကြသည်။ မည်သည့်နည်းမျှလက်ခံ၍မရ။ ကြောင်သူတော်ကိုမှ ဘုရားဒါယိကာ မှားမှတ်ခဲ့လေသလား။ မိမိတို့၏ ရင်ဘတ်ထဲမှ သေရာပါဒဏ်ရာအား ပြန်စမ်းကြည့်သင့်။ အရိုင်းဆန်လာသည့် မွန်းကျပ်မှုနွံထဲ လမ်းများ တအိအိ နစ်ကျွံဝင်လျက်။ အကောင်အထည်ဖော်ရန် ခက်ခဲလျက် အရောင်ဆိုးနေဆဲ အကြောင်းတရားများ။ ဆေးပွန်းနေသောပန်းတိုင်များ။ မြေနေရာပျောက်ခဲ့ရသောလမ်းသွယ်ကလေးများ။ အပျက်ပျက်နှင့် နှာခေါင်းသွေး အလီလီထွက်ခဲ့ရသော တောကြီးဝါဒများ။ ထိုဝါဒမသေဆုံးသရွေ့ လမ်းများသည် ဦးတည်ချက် ပျောက်ဆုံးနေဦးမည်။ လမ်းများသည် ဆေးစက်ဗလပွနှင့် ပွန်းပဲ့သည့်ဒဏ်ရာ ထိရှနေဦးမည်။ လမ်းများသည် အကျအရှုံးများစွာဖြင့် အနက်ရောင်ဆေးသားများ ဆက်လက်အကျဉ်းတန်နေဦးမည် ဖြစ်သည်။

    တောင်ပေါ်လမ်းကလေးပေါ် ကျွန်တော် ဖြတ်သန်းခဲ့သည်။ လမ်းများသည်ဟောင်းလောင်းပေါက်ရယ်လို့တစ်ခုမှမရှိပါ။ ချောမွေ့သပ်ရပ်လွန်းသည်။ စည်းစနစ်ကျလွန်းသည်။ အမှိုက်တစ်စမျှမမြင်။ ဆေးစက်များဆိုသည်မှာ ချိုနှင့်လားမေးရလောက်အောင် လမ်းများသည် သန့်ရှင်းသပ်ရပ်လှသည်။ ထိုဒေသမှ ဒေသခံများသည် အဖာတစ်ရာမည်သည် မြင်ဖူးခဲ့ကြဟန်မရှိ။ အဟောက်းအနွမ်းများ ပြန်လည်ပြုပြင်ဆန်းသစ်သည်လည်း ရှိမည်မဟုတ်။ အသစ်များသာ အစားထိုး၍ ပြုပြင်ကြဟန်ရှိသည်။ သူတို့ လမ်းဟောင်းပေါ် ထပ်မံဖားထေးကြလိမ့်မဟုတ်။ ကလော်ခွာပြီး အသစ်ဆိုသည့် ခံစားမှုအသစ်ကိုသာ ပေးစွမ်းလိမ့်မည်ဟု ကျွန်တော်ထင်သည်။ အဟောင်းများကို အကောင်းအတိုင်း ပြန်လည်ရှူမြင်ဖို့ သူတို့ အချိန်ပေးကြလိမ့်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် နာရီစက္ကန့်တစ်ခုစီတိုင်း သူတို့အတွက် အရေးကြီးနေလိမ့်မည်။ ဤကြောင့်လည်း အကောင်းမြင်မှု၊ အားနာမှုတွေ ဆိတ်သုဉ်းနေကြခြင်းဖြစ်သည်။ ထို့အတွက်ကြောင့်လည်း သူတို့တိုးတက်နေခြင်းလား ကျွန်တော်မသိ။ အဆပေါင်းများစွာ သာလွန်နေခြင်းကိုတော့ ကျွန်တော်ကိုယ်တိုင် လက်တွေ့မြင်ခဲ့ရသည်။

    တံတားတစ်ချောင်း၊ ချောင်းကလေး တစ်ခုမျှသာ ခြားထားသော်လည်း လမ်းများသည် ခြားနားလွန်းခဲ့။ အမြင်များကွာခြားလွန်းခဲ့။ ရင်းသင့်သောအရင်းအနှီးများ များပြားသွားခဲ့။ ဆေးစက်ကျရာ အရုပ်ထင်မည်ဟု ထင်ခဲ့ရသောသော်လည်း လမ်းများသာ ညစ်ပတ်သွားခဲ့။ ဆေးသားများသာတိုက်စားသွားခဲ့။ အတွင်းသားများသာ နှိုက်ထုတ်လျက် ကုန်ဆုံးခဲ့။ လမ်းများသည် အတွင်းကြေ ကြေနေဆဲ။ ရိရွဲနေသော ပြည်တည်နာပမာ လှိုက်စားနေဆဲ။ လမ်းများသည် ဖြောင့်တန်းခြင်းမရှိတော့။ ကြုံသည့်နေရာမှ ဖြတ်ဖောက်ချုပ်လျက် အမျိုးမျိုးအသုံးတော်ခံတတ်ခဲ့။ ကြုံသည့်အခန်းမှနည်းအမျိုးမျိုးမျောဝင်ခဲ့။ လမ်းများသည် စည်းစနည်းကျမှု လျော့ရဲလာသည်။ လမ်းများသည် ကြိုတင်ပြင်ဆင်ချက် မရှိသလောက် နည်းပါးလျက်။ တဖြည်းဖြည်းနှင့် လမ်းများသည် လမ်းသွယ်များကြား ပိုမိုရှုပ်ထွေးနေကြလျက် ဝင်္ကပါတောထဲ တဝဲဝဲလည်လျက်ပေါ့။

    လေညင်းကလေးများ မြေနီလမ်းပေါ် ဖြတ်တိုက်သွားသည်။ ဘုရားလမ်းနံဘေးရှိ ကန်ရေပြင်သည် လှိုင်းကြက်ခွပ်များ ဂယက်ထသွားခဲ့။ လှိုင်းဂယက်များသည် သေးငယ်စဉ် မသိသာသော်လည်း ပင်လယ်ပြင်ပေါ်တွင် ကြောက်မက်ဖွယ်ရာ အသွင်ပြောင်းသွားတတ်သည်။ သေးငယ်သော ထိုလေပြေလေညှင်းမှသည် လှိုင်းတံပိုးတစ်ခုဆီ တွန်းပို့သွားသည်။ အသွင်ယူဖို့ခက်ခဲသော မာယာများနှင့် လေပြေလေညှင်းများပင်။ ထိုလေပြေလေညှင်းကလေးမှ လေပွေတစ်ခု အသွင်ဆောင်ခဲ့။ လေပွေမှအစပြု မွှေ့လည်ပတ်ချက်များသည် သက်ရှိများ၏ အသွေးအသားတစ်ခုစီအား ဝါးမြိုဖို့တာစူနေလျက်။ ဖောက်ပြန်သွားသော ရာသီဥတုကြောင့် လမ်းများလည်း အကျဉ်းတန်တော့မည်။ သက်ရှိမျိုးစိတ်များလည်း မြေစာအဖြစ် ဆက်လက်စတေးခံရတော့မည်။ သားသတ်သမားကို အိမ်ဦးနတ်အဖြစ် ပူဇော်ပသနေသရွေ့ လမ်းများသည် သွေးစွန်းနေဦးမည်။ လမ်းများသည် ဆက်လက်ဆေးပွန်းနေဦးမည်။ တောကြီးဝါဒကို အားပေးထောက်ခံသော လမ်းများသည် မည်သည့်နည်းမျှ ငြိမ်းချမ်းသောအေးရိပ်ကို ရှာဖွေနိုင်မည်မဟုတ်ပါ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,900SubscribersSubscribe
    spot_img

    Latest posts