spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလင်းယုန်စီမံချက်တွင် ပြည်သူအချို့နစ်နာမှုရှိဟုဆို

    လင်းယုန်စီမံချက်တွင် ပြည်သူအချို့နစ်နာမှုရှိဟုဆို

    -

    မင်းချမ်းညီ (မော်လမြိုင်၊ ဇန်-၂၂)

    မွန်ပြည်နယ်အစိုးရအဖွဲ့၏ ယာဉ်အန္တရာယ်ကျဆင်းရေးနှင့် လိုင်စင်မဲ့စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူမှုရက် ၁၀၀ လင်းယုန်စီမံချက် ဖြစ်စဉ်အချို့တွင်မျှတမှုမရှိသဖြင့် ပြည်သူလူထုနစ်နာမှုများရှိကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

    မော်လမြိုင်မှ ဆရာတော်တစ်ပါးက “တပွဲထိုး ထထ မလုပ်ဘဲနဲ့ ရေရှည်စီမံချက်လေးနဲ့လုပ်ပါ။ Without (လိုင်စင်မဲ့) တွေ ဝင်တဲ့လမ်းကြောင်းတွေ အကုန်ပိတ်ထားဖို့လိုတယ်။ ဖမ်းတဲ့အခါမှာလည်း တစ်ဖက်ဖွင့် တစ်ဖက်ပိတ် ဖမ်းတာမျိုးမလုပ်သင့်ဘူး။ လိုင်စင်မဲ့ယာဉ်အရောင်းအဝယ်လုပ်တဲ့ သူတွေကိုမဖမ်းတာက တရားမျှတမှုရှိရဲ့လား” ဟု မေးခွန်းထုတ်လိုက်သည်။

    လင်းယုန်စီမံချက်မစတင်မီ တစ်ပတ်အတွင်းက အသိပညာပေးမှု ၂၅ ကြိမ်၊ ဖမ်းဆီးအရေးယူမှု ၁၄၆ မှု၊ ယာဉ်မတော်တဆမှု ၂၀ မှုနှင့် သေဆုံးသူ ၆ ဦး၊ ဒဏ်ရာရရှိသူ ၂၇ ဦးအထိရှိခဲ့ပြီး ယခု စီမံချက် ၆ ရက်တာ ကာလအတွင်း အသိပညာပေးမှု ၃၂ ကြိမ်၊ ဖမ်းဆီးအရေးယူမှု ၂၆၂၀ မှုနှင့် ယာဉ်မတော်တဆမှု ၁၄ မှု၊ သေဆုံးသူ ၆ ဦး နှင့် ဒဏ်ရာ ၁၃ ဦးရှိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ယမန့်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    “လင်းယုန်စီမံချက်ကို လက်ခံတယ်။ မြို့ပြင်ထွက်လို့ ခရီးဝေးသွားလို့ ဦးထုပ်မပါလို့ ဖမ်းတာ လက်ခံတယ်။ အခုဟာက ဟိုဘက်ဆိုင်နဲ့ ဒီဘက်ဆိုင်သွားတာတောင် ဒဏ်ငွေ ၃ သောင်း ဆောင်ရတာကတော့ ပြည်သူတွေကို နှိပ်စက်နေတာနဲ့အတူတူပဲ။ ဒဏ်ကြေးဆောင်တဲ့အခါမှာလည်း လူသတ်မှုတွေ မုဒိန်းမှု တရားခံတွေကို စစ်ဆေးသလို အသားအရောင်၊ မျက်နှာအသွင်အပြင်က စပြီး မေးမြန်းစစ်ဆေးနေတယ်” ဟု သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာ (၁) လမ်းမှ မြို့ခံတဦးက ပြောသည်။

    ထိုသို့ ဖမ်းဆီးအရေးယူမှုတွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူများ ဦးထုပ်မဆောင်းပါက ဒဏ်ငွေ ၃ သောင်း၊ ဦးထုပ်နှင့် နံပါတ်ပြား မပါရှိပါက ဒဏ်ငွေ ၅ သောင်း ပေးဆောင်ရကြောင်း ဖမ်းဆီးခံရသူများထံမှ သိရသည်။

    မုဒုံမြို့ခံ ကိုသော်ဇင်ချမ်းက “နေ့ရော ညပါ ဖမ်းနေတော့ အနီးအနား သွားတဲ့သူတွေတောင် မသွားရဲဖြစ်နေတယ်။ ညဘက် ဘုရားသွားတာရှိမယ်။ ညဘက်ဦးထုပ်ဆောင်းဖို့က အခက်ခဲတွေရှိတယ်။ ဈေးထဲမှာဆိုလည်း တချို့တွေက မသွားရဲ၊ မလာရဲ ကြတော့ ဈေးအရောင်းတွေလည်း ပါးလာတယ်။ ဟိုနားဒီနားသွားတဲ့လူတွေပါ ဖမ်းနေတော့ တခါမိရင် ၃ သောင်းဆိုတာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ပြည်သူတွေကို ဒုက္ခရောက်စေတယ်” ဟု ဆိုသည်။

    လက်ရှိ စီမံချက်ကာလတွင် ဘေးတွဲဆိုင်ကယ်များအနေဖြင့် နေ့စဉ်ဝင်ငွေမရှိတော့သည့်အတွက် စားဝတ်နေရေးအခက်ခဲဖြစ်စေကြောင်း၊ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုမရှိသည့်အပေါ် ဝေဖန်ပြောဆိုမှုများလည်း ပြန်လည်ကြားသိရကြောင်း ယမန်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

    အလားတူ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံကလည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့်အတွက် သင်္ကြန်တွင်းကာလအပါအဝင် “ဆိုင်ကယ်စီးပါက ဦးထုပ်မဆောင်းမနေရ” အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မွန်လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။

    Photo- မွန်ပြည်နယ် လင်းယုန်စီမံချက်(Mon State Police Office)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks