spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းNCA တစ်နှစ်ပြည့်တော့မည့် မွန်ပြည်သစ်ပါတီ JMC-S တွင် မပါဝင်နိုင်သေး

    NCA တစ်နှစ်ပြည့်တော့မည့် မွန်ပြည်သစ်ပါတီ JMC-S တွင် မပါဝင်နိုင်သေး

    -

    ရွှေရိုး(မော်လမြိုင်၊ ဇန်-၂၂)

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးမှု မကြာခင်တစ်နှစ်ပြည်တော့မည့် မွန်ပြည်သစ်ပါတီသည် ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S တွင် ပါဝင်နိုင်ခြင်းမရှိသေးဘဲ တစ်ဆို့မှုများဖြစ်ပေါ်နေဆဲဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

    ၁၉၉၅ ခုနှစ်ကတည်းက စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်ရပ်စဲရေးသဘောတူညီချက်အရ ကရင်ပြည်နယ်တွင် တပ်ရင်း ၃ ရင်းနှင့် တနင်္သာရီတိုင်းတွင် တပ်ရင်း ၂ ရင်းအခြေစိုက်လှုပ်ရှားခွင့် ရှိခဲ့သော မွန်ပြည်သစ်ပါတီကို မွန်ပြည်နယ် JMC-S တစ်ခုမှာသာ တပ်မတော်ဘက်မှ ပါဝင်ခွင့်ပြုထားကြောင်း ၎င်းကဆိုသည်။

    နိုင်ဟံသာက “ကရင်ပြည်နယ်မှာရော တနင်္သာရီတိုင်းမှာပါ ကျနော်တို့တပ်ဖွဲ့တွေ အများကြီးအခြေစိုက်ထားပါတယ်၊ အဲဒီနေရာတွေအတွက် ပါဝင်ခွင့်မပေးတာက သဘာဝမကျဘူး၊ မျှတမှုမရှိဘူး၊ JMC ထဲမှာပါဝင်တာဟာ ပဋိပက္ခတွေဖြစ်ပေါ်လာတဲ့အခါ ဘယ်လိုထိန်းသိမ်းကြမလဲ၊ ဘယ်လိုပြုပြင်ရမလဲ၊ ဘယ်လိုကြီးကြပ်ဆောင်ရွက်ရမလဲ ကောင်းတဲ့ဘက်ကိုဦးတည်တာဖြစ်တဲ့အတွက် (တပ်မတော်က) ဒီအထဲမှာပါဝင်ခွင့်ပိတ်ပင်တာ လုပ်ဘို့မသင့်ပါဘူး၊ ဒါကို ကျနော်တို့ဘက်က ကြေနပ်မှုမရှိပါဘူး၊ မွန်ပြည်နယ်မှာ တစ်နေရာထဲမှာပဲ ပါဝင်ခွင့်ပြုတာကို ကျနော်တို့ လက်မခံဘူး” ဟု ဆက်ပြောသည်။

    ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအဆင့် JMC-S ပါဝင်ခွင့်ရမှသာ မွန်ပြည်နယ် JMC-S ကိုလည်း မွန်ပြည်သစ်ပါဝင်သွားမည်ဖြစ်သလို တစ်ဖက်မှာလည်း NCA လက်မှတ်မထိုးခင်က သိမ်းဆည်းခံထားရသည့် ဂိတ်နေရာ ၂ ခုကို တပ်မတော်မှ မွန်ပြည်သစ်ကို ပြန်လည်လွှဲအပ်ပေးခြင်း မပြုသေးပေ။

    မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “ အစိုးရဘက်က ကြည့်တာကတော့ မွန်ပြည်နယ်လို့သတ်မှတ်ထားတဲ့အဝန်းအဝိုင်းနဲ့ မွန်ပြည်သစ်ပါတီလှုပ်ရှားမှုအဝန်းအဝိုင်းကို ခွဲကြည့်တယ်လို့ ထင်ပါတယ်၊ အဲဒီတော့ မွန်ပြည်နယ်လို့သတ်မှတ်ထားတဲ့အပိုင်းမှာပဲ သူတို့ နိုင်ငံရေးဆွေးနွေးခွင့် ခွင့်ပြုပြီးတော့ မွန်ပြည်နယ်လို့ သတ်မှတ်မထားတဲ့အပိုင်းတွေမှာ ဆွေးနွေးခွင့်၊ လုပ်ခွင့်မပြုဘူးလို့ ထင်ပါတယ်” ဟု ယူဆသည်။

    သို့ရာတွင် အထက်ပါတစ်ဆို့နေမှုများကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တွင် ရှင်းလင်းကြမည်ဟု ယူဆကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း လက်ရှိတွင် မည်သူမှမစနိုင်သေးသည့်အခြေအနေမှာရှိနေသဖြင့် ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ပြည်ထောင်စုအဆင့် JMC-U အတွင်းရေးမှူး (၁) ဒေါက်တာ ရွှေခါးက “JMC ဟာ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်တာတွေ တစ်ခုထဲမဟုတ်ဘဲနဲ့ နှစ်ဖက်ယုံကြည်မှုတွေ တည်ဆောက်တဲ့ယန္တရားလည်း ဖြစ်ပါတယ်၊ နောက်တစ်ခုကတော့ ကျနော်တို့ လူထုတွေ့ဆုံဆွေးနွေးပွဲကိုလည်း ပြုလုပ်လေ့ရှိတာကိုး၊ ဆိုတော့ အဲလိုနေရာမျိုးမှာ မွန်လူထုအများစုရှိတဲ့ဒေသသွားလို့ရှိရင် သူတို့မွန်ပြည်သစ်ကိုယ်တိုင်ပါဝင်တာက ပိုကောင်းတာပေါ့၊ ဆိုတော့ ကရင်နဲ့ တနင်္သာရီမှာ ပါတာကောင်းပါတယ်၊ ပါသင့်ပါတယ်ဆိုပြီးတော့ အစည်းအဝေးတွေမှာ ကျနော်အကြံပြုခဲ့တယ်” ဟု ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) သည် NCA လက်မှတ်ရေးထိုးခဲ့ပြီးသည့်အချိန်မှစတင်၍ မွန်၊ ကရင်၊ တနင်္သာရီနှင့် ပဲခူး JMC-s စသည့်နေရာများတွင် ပါဝင်ခွင့်ရရှိထားသည်။

    တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မွန်ပြည်သစ်ပါတီ လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် JMC-U အဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ်တစ်ဦး ပါဝင်ခွင့်ရရှိထားသည်။


    Photo- မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးခြင်းအခမ်းအနား (Eleven Media Group)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks