Homeသတင်းမွန်တွင် ဇာတ်သဘင်များ အရှုံးခံကပြနေရဟုဆို

မွန်တွင် ဇာတ်သဘင်များ အရှုံးခံကပြနေရဟုဆို

-

မင်းချမ်းညီ (မော်လမြိုင်၊ ဇန် ၁၂)

မွန်ပြည်နယ်တွင် ဇာတ်ပွဲရာသီကာလ၌ ပွဲခင်းထဲတွင် နေရာယူထားသည့် လောင်းကစားဝိုင်းများကြောင့် ဇာတ်သဘင်များ အရှုံးခံကပြဖျော်ဖြေနေရကြောင်း မွန်ပြည်နယ်သဘင်အစည်းအရုံးမှ သိရသည်။

မြန်မာဇာတ်ပွဲ နှစ်ညကို ၁၉ သိန်းကျပ်နှင့် မွန်ဇာတ်ပွဲနှစ်ညကို ကျပ်သိန်း ၄၀ ဇာတ်ပွဲငှားရမ်းခ ပေါက်ဈေးသတ်မှတ်ထားသော်လည်း လက်ရှိတွင် အောက်ကြေး(ရသည့်ဈေး)ဖြင့် ကပြနေရသည့်အတွက် ဇာတ်သဘင်လောက အထိနာနေရကြောင်း မွန်ပြည်နယ်သဘင်အစည်းအရုံး ဥက္ကဌ ဦးမင်းနိုင်စိုးက မွန်သတင်းအေဂျင်စီသို့ပြောသည်။

“ဇာတ်တွေများလာတော့ ပွဲကြေးတွေကျတယ်၊ မြဝတီဘက်မှာဆိုရင်လည်း အာဝါဒေးတွေမှာ ပွဲငှားခ ၃-၄ သိန်းလောက်နဲ့သွားကတဲ့သူတွေလည်းရှိတယ်ဆိုတော့ သဘင်က မတိုးတက်ဘဲ ဆုတ်ယုတ်နေတယ်။ မြို့ပေါ်ပွဲတွေက လက်ရှိပေါက်ဈေး ၂ ညကို ၁၉ သိန်းဆိုပေမယ့် တချို့ကျတော့ ၁၂-၁၃ သိန်းလောက်နဲ့ ကလိုက ဆိုတော့ အောက်ကြေးတွေနဲ့ကနေရတော့ ဈေးတွေပျက်ကုန်တယ်။” ဟု ဦးမင်းနိုင်စိုးက ပြောသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ကစားဝိုင်းကန်ထရိုက်များက ဘုရားပွဲများ၊ ရှင်ပြုပွဲများ၊ ဘုန်းကြီးပျံပွဲများနှင့် ဘုန်းကြီးမွေးနေ့ပွဲများတွင် ကစားဝိုင်းများတွင်တွင်ကျယ်ကျယ် စီစဉ်လာကြပြီး အချိန်နောက်ကျမှ ဇာတ်သဘင်ပွဲထွက်ပေးရသည့်အတွက် ဈေးနှုန်းပိုင်းကိုလည်း ထိခိုက်လာစေကြောင်း ၎င်းက ထောက်ပြသည်။

မွန်ပြည်နယ် သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးဂွတ်ရှယ်က “မွန်ပြည်နယ်မှာ ပွဲဈေးနှုန်းတွေ မတရားကျဆင်းနေတာ ကျွန်တော်တို့လုပ်သားတွေကို ငွေချေတဲ့စနစ် အားနည်းချက်ကြောင့်ပါ။ ပွဲဈေးတွေကျလာတော့ ဇာတ်ဆရာတွေက မြို့ပေါ်ကတာတို့ ၊ အာဝါဒေးတို့ အဆင်ပြေအောင်လို့ နှစ်ညက တစ်ညရှင်းပုံစံနဲ့ နှစ်ညကရင် လုပ်သားကို တစ်ညစာရှင်းပေးတယ်။ ဇာတ်တွေက အဖွဲ့သားအားလုံးကို ညကြေးနဲ့မခေါ်ဘဲ တစ်နှစ်အပြတ်နဲ့ခေါ်ကြတယ်။ ပွဲလာငှားလို့ ကျွန်တော်တို့က ၈ သိန်းရမှ ကမယ်လို့ ပွဲဈေးစကားပြောလိုက်ရင် အနောက်မှာ ၅ သိန်း ၆ သိန်းနဲ့ ကမယ့်သူက အဆင်သင့်ရှိနေတယ်။ ဘာကြောင့်သူတို့ ကနိုင်လဲဆိုရင် လုပ်သားတွေကို နှစ်ညတစ်ည ငှားထားလို့ပါ” ဟု ပြောသည်။

ဇာတ်ပွဲတစ်ပွဲတည်ထောင်ရန် မင်းသား၊ မင်းသမီး အပါအဝင် လုပ်သား ၄၀ နှင့်အထက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် ကျပ်သိန်းတစ်ထောင်ဝန်းကျင်ခန့်ရှိပြီး တစ်နှစ်ပြီးပါက ဇာတ်သဘင်ထောင်သူများ အရှုံးပေါ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် ယခုနှစ် မြန်မာဇာတ်ပွဲ ၃၅ ဇာတ်နှင့် မွန်ဇာတ်ပွဲ ၉ ဇာတ် စုစုပေါင်း ၄၄ ဇာတ်ရှိရာ ဇတ်သဘင်ရာသီချိန် သီတင်းကျွတ်လမှ ကဆုန်လအထိသတ်မှတ်ထားသော်လည်း ပြာသို၊ တပို့တွဲနှင့် တပေါင်းလမှာသာ ငှားရမ်းမှုပိုမိုများပြားကြောင်း မွန်ပြည်နယ်သဘင်အစည်းအရုံးမှသိရသည်။

Photo- မွန်ပြည်နယ် ဇာတ်ပွဲတစ်ပွဲ ကပြဖျော်ဖြေနေစဉ်(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts