spot_img
Thursday, May 2, 2024
More
    spot_img
    Homeဆောင်းပါးဆောင်းဦးအိပ်မက်

    ဆောင်းဦးအိပ်မက်

    -

    ရာမညမင်းငြိမ်းချမ်း

    ဆောင်းဦးနံနက်ခင်း ကန့်လန့်ကာဖွင့်ဖွင့်ခြင်း ဝိုးတဝါးမြင်ကွင်းများ ဆီးလို့ကြိုနေပါသည်။ ယနေ့မြင်ကွင်းသည် ကျွန်တော့်၏စိတ်ဘဝင်ထဲ အနည်းငယ် ထူးဆန်းနေသယောင်ပါ။ ဆီးနှင်းများတဖြောက်ဖြောက် ကြွေကျသံများ ကျွန်တော် မကြားရကြာခဲ့ပေါ့။ မြူများရစ်ခွေသိုင်း အုံ့ဆိုင်းနေသည့် မြင်ကွင်းကျယ်ကို မမြင်ရကြာခဲ့ပေါ့။

    ဆောင်းသည်ဆောင်းမဆန်သည်မှာကြာပြီ။ သေဆုံးသွားသော နုပျိုခြင်းများကဲ့သို့ ပြန်လည်မသစ်နိုင်တော့သည့် နံနက်ခင်းများ။ သင်္ခါရနှင့်သက္ကရာဇ်များတိုက်စားခဲ့ပေါ့။ ပြောင်းလဲခြင်းနှစ်များနှင့်အတူ ပူးတွဲနေရာယူထားသော ဆောင်းဦးအိပ်မက်များ။ အေးမြခြင်းနှင့်ဆန့်ကျင်ဖက် ပူလောင်မှုဒဏ်များ။ ဖြေရှင်းချက်မဲ့ နှစ်စဉ်တိုး၍ ခံစားနေရသော အိမ်တွင်းရေးပြဿနာများ။ ဆောင်းဦးအိပ်မက်ကြား ကျွန်တော့်၏ တစ်ကိုယ်ရည်အံ့သြမှုမှာ ကြာရှည်ခြင်းမရှိ။ ဆောင်းဦးကဗ္ဗလာပြင်ကျယ်ကို အကောင်းမြင်းစိတ်ဖြင့် ဖြည့်တွေးလိုက်မိသည်။ ဆောင်းသည် ဆောင်းဆန်နေရမည်။ ဤသည်မှလည်း သူ့အလုပ်ကို ပုံမှန်ပြုလုပ်ခြင်းသွားခြင်းပင် မဟုတ်ပါလား။

    Internet

    ဆောင်းဦးနံနက်ခင်းထဲ ကျွန်တော်စီးမျောနိုင်ခြင်း မရှိခဲ့သည်မှာကြာပေါ့။ အဘယ်ကြောင့်ဆိုသော် အထက်တန်းကျောင်းသားဘဝ ကျော်လွန်ပြီးမြောက်ချိန်မှစ၍ နံနက်စောစော ဘယ်သောအခါမျှ မနိုးတတ်သောကျွန်တော်။ ဤမြင်ကွင်းမျိုး မမြင်ရသည်မှာ အဆန်းတော့မဟုတ်။ ငယ်ရွယ်သူတို့သဘာဝ ကြယ်မစုံညများသည် အတွေးနယ်ကျွံ၍ အိပ်တန်းတက်ချိန် နောက်ကျမြဲ နောက်ကျလျက်ပေါ့။ အလိုလိုနေရင်း လွမ်းချင်းထုတ်ချင်နေသူ ကျွန်တော့်အတွက် ဟေမာန်ဆောင်းသည် လွမ်းမောဖွယ်ရာများ ပြည့်နှက်နေသည်ဟု စိတ်ထဲမှအလိုလိုခံစားမိသည်။ မြူနှင်းများအုံ့ဆိုင်းနေသော ဆောင်းဦးနံနက်ခင်းသည် ဟေမန္တ၏ အကောင်းဆုံအက်ဆေးတစ်ပုဒ်ဟု ကျွန်တော်စိတ်ထဲ ထင်မှတ်နေမိသည်။

    စောစောအိပ်လို့၊ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါစို့။ “တင်းတောင်–တင်းတောင်” ။ မနီးမဝေးတွင်ရှိသော လူထုလမ်းလျှောက်ပွဲစုရပ်မှ ဖွင့်ထားသော ဆော်သြတေးသီချင်း။ ဆောင်းရောက်တိုင်း ပုံမှန်ကြားနေကြ သံစဉ်တစ်ခု။ ပတ်ဝန်းကျင်၏ မွန်းကျပ်မှုမှ နိုးထခြင်းများလား မဆိုင်မတွ ကျွန်တော် အကောင်းမြင်ကြည့်မိသည်။ သိပ်တော့မသေချာပါ။ နေရာတိုင်းလိုလို မတန်မဆ ကြေးကြီးပေးလျက် အားလုံးရုန်းကန်နေရဆဲပင် မဟုတ်လား။ ရုံးပိတ်ရက်လည်းဖြစ် တစ်ပတ်စာပင်ပန်းခဲ့၍ ယမန်နေ့ညက စောစောအိပ်ယာဝင်ဖြစ်ခဲ့သည်။ ယခုနံနက် မနိုးစဖူး စောစောနိုးခဲ့ခြင်း ဖြစ်သည်။ ကျောင်းသားဘဝ၊ သင်တန်းသားဘဝများတွင် ကျွန်တော်ကိုယ်တိုင် ပါဝင်လမ်းလျှောက်ခဲ့ဖူးသည်။ သို့သော် လျှောက်ရခြင်း၏ ရည်ရွယ်ချက်ကို တစ်ခါမှမစဉ်းစားခဲ့ဖူးပါ။ ကျန်းမာရေးအတွက် ကိုယ်လက်ကျန်းမာကြံ့ခိုင်ဖို့သာ ဖြစ်မည်ဟု ကလေးအတွေးဖြစ် တွေးခဲ့ဖူးသည်။ ဌာနဆိုင်ရာအသီးသီးမှလည်း မလာမနေရစနစ်ဖြစ် ဆော်သြထားလိမ့်မည်။ တူညီဝတ်စုံထရက်ဆုကိုယ်စီနှင့် အတင်းသရုပ်ပြကြလိမ့်မည်။ ယခုချိန်တွင် နာမည်ကောင်းလက်မှတ်ရရန် အတင်းဟန်လုပ် သရုပ်ပြနေခြင်းမျိုးကို ကျွန်တော်ငြင်းဆန်လိမ့်မည်။

    အိပ်ယာထက်မှိန်းနေရင်းမှ တစ်ရက်စာ ပြုလုပ်ရမည့် အစီအစဉ်များ စိတ်မှတ်နှင့်ရေရွတ်ကြည့်မိသည်။ များများစားစားတော့မရှိ။ တစ်ကိုယ်ရည်ဗာဟီရ ကိုယ်လက်သန့်စင်ပြီးနောက် ဖိနပ်စင်ပေါ်မှ အားကစားပြုလုပ်သည့် အဖြူရောင်ကင်းပတ်ဖိနပ်ကို ဖုန်ခါလိုက်သည်။ အားကစားဝတ်စုံတစ်စုံ ဝတ်ဆင်လျှက် အဖြူရောင်ဖိနပ်ကိုစီးကား ဟိုင်းဝေးလမ်းမပေါ်သို့ ဖြည်းဖြည်းမှန်မှန်လေး ပြေးတက်ခဲ့သည်။ ယခင်က ကျွန်တော်သည် ကျန်းမာရေး လိုက်စားခဲ့သူတစ်ယောက် မဟုတ်ပါ။ သို့သော် တဖြည်းဖြည်းအဝလွန် လေးလံထိုင်းမှိုင်းလာသော ခန္ဓာကိုယ်အတွက် ကျွန်တော် အတော်စိတ်ပင်ပန်းခဲ့ရသည်။ ထို့ကြောင့် တစ်နိုင်တစ်ပိုင် မနက်ခင်းတိုင်း လေ့ကျင့်ခန်းတစ်ခုအနေဖြင့် ကျွန်တော်ထပြေးခဲ့သည်။ ထိုအစီအစဉ်များကို နွေရာသီနှင့် ဆောင်းရာသီများတွင် ကျွန်တော် ပုံမှန်နီးပါး ပြုလုပ်ဖြစ်သည်။ မိုးရာသီတွင် ကျွန်တော် လုပ်ဆောင်နိုင်ခြင်း မရှိသလောက်ပင်။ ခက်ခဲသောအခြေအနေများပင် ပုံမှန်ထိတွေ့မှုများလာသောအခါ အသားကျမှုဖြစ်ပေါ်စေသည်မှာ ဓမ္မတာတစ်ခုလိုပင်။

    ဤကဲ့သို့ အလေ့အကျင့်ရရန် ကျွန်တော်အတော် တွန်းအားယူခဲ့ရသည်။ လေ့ကျင့်ခန်းအစီအစဉ်များ ပြုလုပ်လိုက်၊ ရပ်နားလိုက်နှင့် မတိုးတက်ခဲ့။ သို့သော် တစ်ခုသောညနေ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ကျောင်းနေဖက် သူငယ်ချင်းနှင့်ဆုံမိသည်။ ရောက်တတ်ရာရာပြောမိရင်း လေ့ကျင့်ခန်းအကြောင်း ရောက်သွားသည်။ အစီအစဉ်စနစ်တကျ ပြုလုပ်တတ်ဖို့ သူငယ်ချင်းတစ်မှ ပြောပြခဲ့သည်။ ထိုအစီအစဉ်အတိုင်း ကျွန်တော် ထိန်းလျှောက်ခဲ့သည်မှာ တစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ စစခြင်းအတော် ကသိကအောက်နိုင်ခဲ့သော်လည်း ကြာလာသောအခါ အသားကျလာခဲ့၍ ထိုအတိုင်းသွားနေရသည်ကို ကျွန်တော် စိတ်ကျေနပ်မှုရနေသလိုပင်။ နေ့စဉ်ရုန်းကန်လှုပ်ရှားနေသော ဘဝပြေးလမ်းပေါ် ပျော်စရာတစ်ခု ဖန်တီးရယူသွားသလိုပင်။ စိတ်ကျေနပ်မှုရခြင်းသည် တစ်နေ့တာငြိမ်းချမ်းမှု ရလိုက်ခြင်းပင်ဖြစ်သည်။

    ပုံမှန်ပြေးလွှားနေရင်း နဖူးပေါ်စို့လာသည့်ချွေးကို လက်ခုံးဖြင့်ပွတ်သုတ်ရင်း အရှေ့အရပ်ဆီမှ ရောင်နီသမ်းလာသည်ကို မြင်ရသည်။ အနီးအနားလက်ဖက်ရည်ဆိုင်မှ ကြာနီကန်ဆရာတော်၏ တရားတော်ကို အသံကျယ်ကျယ် ဖွင့်ထားသည်။ မည်သို့ပင်ဆိုစေ နံနက်ချိန်ခါတေးသံသာနှင့် ဓမ္မတေးသံများသည် လူတိုင်း၏စိတ်နှလုံးကို စိတ်ချမ်းမြေ့စေမှာ အမှန်ပင်။ ဆိုင်တန်းများကိုဖြတ်၍ လမ်းမနံဘေး ပေါင်းကူးတံတားအုတ်ခုံပေါ် ခေတ္တအမောဖြေမိသည်။ ရေချမ်းစဉ်ပမာ တည်ဆောက်ထားသော ရေသန့်ဘူးမှ ရေတစ်ခွက်ကို မော့သောက်မိသည်။ ပိုမိုလန်းဆန်းသွားသည်။ ဆောင်း၏ အရုဏ်ဦး မြင်ကွင်းကျယ်များ ကျွန်တော့်၏စက္ခုအာရုံအား လွှမ်းခြုံသွားသည်။

    ပတ်ဝန်းကျင်တစ်ခုလုံး ရှင်းလင်းထင်ရှားစွာ မြင်နေရပြီးဖြစ်သည်။ လေအဝှေ့တွင် ယိမ်းနွဲ့လှုပ်ခတ် မရိတ်သိမ်းရသေးသော ရစ်မှည့်စပါးခင်းကြီးများ။ အရှေ့အရပ်တွင် အုပ်ဆိုင်းဆိုင်းနှင့် မြူများရစ်သိုင်းနေသော ဇွဲကပင်တောင်ကြီး။ မြူနှင်းများနှင့်အတူ အေးချမ်းမှုအရသာကို ယခုချိန်တွင် ကျွန်တော်တို့ ခံစားနေရပြီးမဟုတ်ပါလား။ တစ်ချိန်က စစ်အနိဌာရုံများ တိုက်စားခဲ့သည်။ ယမ်းညှော်နံ့များလွှမ်းခြုံခဲ့သည်။ ဤတောင်ကိုကျော်ဖြတ် အိပ်တန်းငတ်ခဲ့ရသော ဘဝပေါင်းများစွာ။ မြေနေရာပျောက်ခဲ့ရသော ငှက်ပေါင်းများစွာ။ အိမ်ပြန်ချိန်နောက်ကျခဲ့ရသော အိမ်ဝေးသားများစွာ။ အသက်၊ သွေး၊ ချွေး များစွာ ရင်းနှီးပေးဆပ်ခဲ့ရသည်။ သယံဇာတများစွာ ဆုံးရှုံးနစ်နာခဲ့ရသည်။ ချိုးဖြူငှက် တောင်ပံကျိုးခဲ့ရသော အတိတ်ကန့်လန့်ကာပေါ်မှ အရိပ်မည်းများ။ ပြန်လည်ရုန်းထနိုင်မှုနှင့်အတူ ယခုမြင်နေရသော ရောင်နီဦး၏ ကြည်နူးစရာမြင်ကွင်းသည် အနှစ်သာရပြည့်ဝသော သက်ငြိမ် ပန်းချီကားတစ်ချပ်ပင်ဖြစ်သည်ဟု ကျွန်တော်ထင်သည်။

    အနီးအနားရှိ ဘုန်းတော်ကြီးကျောင်းမှ တုံးခေါက်သံများ ကြားရပြန်သည်။ မကြာမီ ဘုန်းတော်ကြီးများ ဆွမ်းခံကြွထွက်တော့မည်ဖြစ်သည်။ မြူနှင်းများကြား စည်းစနစ်ကျကျ ဥဒဟိုလှုပ်ရှားနေသော ပုံရိပ်များ။ ဘယ်ညာစည်းချက် မှန်ကန်စွာဖြင့် အပြင်းအထန် လေ့ကျင့်နေသူများ။ ဤအနီးတွင်ရှိသော လက်ဝှေ့ကလပ်တစ်ခုမှ လေ့ကျင့်နေသော လက်ဝှေ့သမားများဖြစ်သည်။ ပြိုင်ပွဲမဝင်မီ အပြင်းအထန်ကြိုးစားနေကြသော ပွဲမဝင်မှီ ကြိုတင်ပြင်ဆင်မှုတစ်ခုပင် ဖြစ်သည်။ ကျန်းမာရေးအတွက် စိတ်ခွန်အားပေးထားသော ဆောင်ပုဒ်ကဲ့သို့ပင်။ “ကြိုတင်ကာကွယ်ခြင်းသည်၊ ကုသခြင်းထက် ပိုမိုထိရောက်သည်” ။ ပြိုင်ပွဲအတွင်း အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန် အပင်ပန်းခံ လေ့ကျင့်နေခြင်းပင်ဖြစ်သည်။ ပင်ပန်းခြင်းနှင့်ထပ်တူ ချိုမြိန်သောအာင်ပွဲ အသီးအပွင့်စံစားနိုင်ရန်အတွက် အပြင်းအထန်အလုပ်လုပ်ခြင်းသည် အောင်နိုင်မှု တချို့တစ်ဝက်ပိုင်ဆိုင်ထားသကဲ့သို့ မိမိကိုယ်ကို ယုံကြည်မှုပိုရစေသည်။

    အနောက်ဘက်တောင်းတန်းဆီ ကျွန်တော် ငေးမောကြည့်မိပြန်သည်။ လောင်ကျွမ်းမှုနှင့်အတူ မီးခိုးတလူလူထွက်နေသော ဘိလပ်မြေစက်ရုံ။ စက်ရုံကြီး နောက်ခံထားသော တောင်စဉ်တန်းသည် စက်ရုံအတွက် ကုန်ကြမ်းရရှိရန် မိုင်းခွဲ၍ ကျောက်ထုတ်ထားသောကြောင့် ဟောင်းလောင်းပေါက်များ ပြည့်နှက်နေသည်။ လွန်ခဲ့သောလေးနှစ်လောက်က လမ်းဘေးဝဲယာ အကိုင်းအခတ်စုံလင် သစ်ပင်ကြီးငယ်များ ရှိနေပါသေးသည်။ ယခုမူ မရှိသလောက် ရှားပါးလာသည်။ လမ်းဘေးဝဲယာ ဝန်းရံထားသော မလေးရှားပိတောက်ပင်များ တစ်ပင်မှမရှိတော့ပါ။ လမ်းတိုးချဲ့ရန်အတွက် လွန်ခဲ့သောတစ်ပတ်ခန့်မှ လာရောက်ဖြိုလှဲလိုက်သောကြောင့် ဝန်းကျင်တစ်ခုလုံး ရှင်းလင်းနေသည်။ ဤဝန်းကျင်ဆီ ကျွန်တော် စတင်ရောက်ရှိစဉ်က ဤမျှလောက်အပူချိန်မမြင့်သေးဟု ထင်မိသည်။ တစ်နှစ်၊ နှစ်နှစ်အတွင်း အပူချိန်သိသိသာသာ တိုးလာနေသည်။ ယနေ့ချိန်တွင် သုံးရာသီပတ်လုံး ပူလောင်ပြင်းရှမှုကို ခံစားနေရသည်။ မမျှတော့သည့်အပူချိန်သည် တစစယိုယွင်းလာသည့် ဟောင်းနွမ်းနေသော စက်ခေါင်းပမာ။ သဘာဝသယံဇာတများ မဆင်မခြင်နှိုက်ထုတ်နေသမျှ မွန်းကျပ်မှုဒီဂရီ တရိပ်ရိပ်တိုးပွားနေဦးမည် ဖြစ်သည်။

    သုံးရာသီပတ်လုံး မညီညွှတ်တော့သည့် ဥတုရာသီ။ ပုံမှန်လောင်ကျွမ်းနေသော ဓာတ်ငွေ့အစားထိုး ကျောက်မီးသွေးလောင်စာများ။ ဆောင်းသည် ဆောင်းမဆန်သကဲ့သို့ပင်။ ထိုအတိုင်းပင် မိုးရာသီတွင်လည်း ရေဘေးဒုက္ခကို ခါးစည်းခံခဲ့ရပြီးဖြစ်သည်။ နွေရာသီတွင်လည်း ပူလောင်ပြင်းရှလျက် သောက်သုံးရေခမ်းခြောက်မှုများပင် အချို့နေရာများတွင် ခံစားနေရသည်။ “ဖြတ်သာဖြတ်သွားမနားတယ်” ဆိုသည့် အဆိုတော် “စိုင်းဆိုင်မောဝ်”သီဆိုထားသော “ရွှေဟင်္သာပျံမှာစိုး” ဆိုသည့် တေးအပိုင်းအစကို ရေရွတ်မိသည်။ ဤဒေသကိုအရင်းခံပြီး ထုတ်လုပ်နေသော ကုန်ထုတ်ပစ္စည်းကို ဒေသခံများလွယ်ကူစွာ ဝယ်ယူနိုင်မည်လား။ အချိုးကျခံစားနိုင်မည်လား။ သိပ်တော့မသေချာ။ ဤပတ်ဝန်းကျင်၏ အလုပ်လက်မဲ့ဦးရေကို မလျော့ချနိုင်သေးပါ။ မိန်းမသားနှင့်ကလေးသူငယ်များသာ ပြည့်နှက်နေသော ကျေးရွာတစ်ရွာကို ကြည့်ရုံဖြင့် အနေအထားကို ခန့်မှန်းနိုင်သည်။ မရေရာမှုပေါင်းများစွာဖြင့် ပူလောင်ပြင်းရှ မွန်းကျပ်မှုများ ပြည့်နှက်နေသော ဆောင်းဦးအိပ်မက် အက်ဆေးတစ်ပုဒ်ပင်ဖြစ်သည်။

    တစ်ရက်စာ လေ့ကျင့်ခန်းအစီအစဉ်များပြီး၍ ရေချိုးအဝတ်အစားလဲကာ လက်ဖက်ရည်ဆိုင်ဘက် ထွက်ခဲ့သည်။ လက်ဖက်ရည်တစ်ခွက်ကို ဇိမ်ဆွဲသောက်ရင်း စူပါဆန်းဒေး၏ အစီအစဉ်များ ရေရွတ်မိသည်။ “အများသူငှာ သမီးရည်းစားစုံတွဲများကဲ့သို့ ပန်းခြံဆီသွားမှာလား။ အနီးအနားရှိ ဂူဘုရားသို့ သွားရောက်ဖူးမျှော်မည်လား။ စားချင်တာလိုက်လံဝယ်စားပြီး ဆိုင်ကယ်တစ်စီးနှင့် ဦးတည့်ရာ စိတ်ပြေလက်ပျောက် မောင်းနှင်လျှင် ကောင်းမလား”။ အမေးဝါကျများစွာ နေရာယူထားသော ကျွန်တော့်၏တစ်ကိုယ်ရည် ဆောင်းဦးစူပါဆန်းဒေးပင်။ ဤကဲ့သို့ ဝေခွဲရခက်သော အကြောင်းအရင်းများစွာ ကျွန်တော်တို့ဝန်းကျင်တွင် နေရာယူထားဆဲ။ မရေမရာအခြေအနေတွင် တံလျှပ်ထနေသော အကြောင်းအရာပေါင်းများစွာ ဝင်ရောက်ပွတ်တိုက်နေဆဲ။ ရေပေါ်ဆီအသွေးအသားများ ပင်စည်ခိုင်ခန့်စွာ အခန့်သား ဝါးမြိုစုပ်ယူနေဆဲ။ မွန်းကျပ်နေသော အသက်ရှူသံကို ဥပေက္ခာပြုလျက် မျက်စိမှိတ်ငြင်းဆန်နေဆဲ။ ရပ်တည်ချက်မခိုင်မာသည့် အရိုင်းဆန်လာသော ဆောင်းဦးအိပ်မက်များ၏ ဖြစ်တည်မှုပင်။

    အေးစက်နေသော လက်ဖက်ရည်ကို ကျွန်တော် လက်စသတ်လိုက်သည်။ ရောက်တတ်ရာရာ လွင့်ချင်တိုင်းလွင့်နေသော အတွေးအပိုင်းအစများကို ပစ္စုပ္ပန်အသိဆီ ဖမ်းဆုပ်လိုက်သည်။ ယမန်နေ့က အစီအစဉ်တစ်ခု ဖျတ်ကနဲ ခေါင်းထဲဝင်လာသည်။ ယနေ့ နေ့လယ် ခရစ်ယာန်ဘုရားကျောင်းမှ ခရစ်စမတ်ပွဲအဖြစ် ကျွန်တော် တာဝန်ကျသည့်နေရာသို့ လာရောက်ကျင်းပမည်ဟု တာဝန်ရှိသူမှ ကြိုတင်အကြောင်းကြားထားသည်။ အခမ်းအနားပြင်ဆင်ရန်အတွက် လိုအပ်သော ပစ္စည်းများလည်း ယမန်နေ့ညနေတွင် လာရောက်ပို့ဆောင်ထားပြီး ဖြစ်သည်။ ဌာနအတွက်လိုအပ်သော လူသုံးဆေးဝါးပစ္စည်းများလည်း လာရောက်လှူဒါန်းမည့် အစီအစဉ်ရှိသည်ဟု သင်းအုပ်ဆရာမှ အကြောင်းကြားထားသည်။ ထို့ကြောင့် ပစ္စည်းလက်ခံရယူရန်အတွက် တစ်ကိုယ်စာဝပ်ကျင်းဆီသာ ပြန်လာခဲ့သည်။

    မြူနှင်းများနှင့်အပြိုင် သံစဉ်ချိုအေး ဓမ္မတေးသံများ ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ကျွန်တော့်၏စိတ်ဘဝင်သည်လည်း မွန်းကျပ်နေမှုမှ ခေတ္တစိတ်သက်သာ ရသွားသကဲ့သို့ပင်။ ပူလောင်မွန်းကျပ် ရေနစ်သေဆုံးသွားသော သက်ပြင်းများကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည်။ ကျွန်တော့်တွင် အရောင်ဆိုးထားသော ဘာသာရေးအစွန်းရောက်မှုမရှိ။ လူတိုင်း မိမိသက်ဝင်ယုံကြည်သော ဘာသာတရားကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသည်ဟု လက်ခံထားသူဖြစ်သည်။ ထို့ကြောင့် လှောင်အိမ်ထဲကငှက်များ ခေတ္တစိတ်သက်သာရစေရန် သူတို့နှင့်ထပ်တူ ပါဝင်စီးမျောမိသည်။ သူတို့သည်လည်း လူသားများဖြစ်သည့်အတွက် အခြေခံအခွင့်အရေးဖြစ်သော လူသားဆန်သည့်အခွင့်အရေးများ ရရှိသင့်သည်မဟုတ်လား။

    ဆောင်းဦးအိပ်မက်၏ နှင်းတံခါးကိုဖွင့်လှစ်ရန် ဖြူစင်သန့်ရှင်းသော မေတ္တာတရား ရှေ့ထားနိုင်ကြဖို့လိုသည်။ မေတ္တားတရားပွားများနိုင်မှသာ ဤကမ္ဘာမြေပေါ် ကိုယ်ချင်းစာတရားများ ထွန်းကားလာမည်ဖြစ်သည်။ သစ္စာတရားများလည်းတည်မြဲလာလိမ့်မည်။ ပူလောင်ပြင်းရှသော စစ်အနိဌာရုံမှ ကင်းလွတ်ကြမည်ဖြစ်သည်။ ကတုံးပေါ်ထိပ်ကွက် ဖျံကျမှုများ နည်းပါးသွားမည်ဖြစ်သည်။ ဆောင်းဦးဝတ်ရုံကို ခြုံလွှမ်း၍ အေးချမ်းမှုအတိတ်နိမိတ်များ ဤကမ္ဘာမြေပေါ် ဆောင်ယူနိုင်မည်။ ချမ်းမြသော ဆောင်းဟေမာန် အက်ဆေးတစ်ပုဒ်ကို ရင်ဘတ်ထဲမှ ကျွန်တော် ထုတ်နှုတ်လိုက်မိသည်။ ပူလောင်ပြင်းရှ ရှည်လျားလွန်းသော အမှောင်နေ့ရက်များမှ နှင်းစက်ကလေးများ လွှမ်းခြုံခဲ့သော ဆောင်းဦးအိပ်မက်ဆီ။ ခြောက်သွေ့သောလေပူနှင့်အပြိုင် ဆောင်းဦးအိပ်မက်ကို မြူနှင်းများကြား ကျွန်တော် ဆက်လက်ပုံဖော် အသက်သွင်းနေမိသည်။

     

     

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts