Homeသတင်းမွန်ပြည်နယ် လိုင်စင်မဲ့ယာဉ်များ ဇန်နဝါရီဒုတိယပတ်တွင် စတင်ဖမ်းဆီးမည်ဟုဆို

မွန်ပြည်နယ် လိုင်စင်မဲ့ယာဉ်များ ဇန်နဝါရီဒုတိယပတ်တွင် စတင်ဖမ်းဆီးမည်ဟုဆို

-

မင်းသူရိန်(မော်လမြိုင်၊ ဇန် ၂)

မွန်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူရေး ရက် ၁၀၀ စီမံချက်ဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်မှစတင်၍ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ဆိုသည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက “စီမံချက်မှာတော့ အပိုင်းသုံးပိုင်း သတ်မှတ်ထားတယ်၊ ပထမတော့ လွယ်လွယ်ကူကူပြောရင် အသိပညာပေးမှုအပိုင်းနဲ့ လုပ်သွားမယ်၊ ဖမ်းဆီးအရေးယူမှုအပိုင်း ဆက်လုပ်သွားမယ် ပြီးသွားရင် ဖမ်းဆီးအရေးယူမှုနဲ့ အသိပညာပေးမှုအပေါ်မှာ ပြန်လည်သုံးသပ်ခြင်းအပိုင်းနဲ့ လုပ်သွားမယ်” ဟု ပြောသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူရေးနှင့် ပတ်သက်၍ တစ်ပတ်တစ်ကြိမ် ဖမ်းဆီးမှု အစီရင်ခံစာနှင့် တစ်လတစ်ကြိမ် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Photo-မွန်ပြည်နယ်တွင်ဖမ်းဆီးရမိခဲ့သော လိုင်စင်မဲ့ကားများ (MCN TV)

မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က “လိုင်စင်မဲ့ယာဉ်တွေ ကားတွေကို အဓိက ဘော်ဒါ(နယ်စပ်) ဧရိယာမှာ ထိန်းချုပ်ရမယ်၊ ကရင်ပြည်နယ်အစပ်မှာ ထိန်းချုပ်ရမှာ၊ မွန်ပြည်နယ်ထဲကိုဝင်တာ များသောအားဖြင့် ကရင်ပြည်နယ် နယ်စပ်ကလာတာများတဲ့အတွက်ကြောင့် ဘော်ဒါဧရိယာကို ပိုပြီးတော့ တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖြေရှင်းရမယ့်ဟာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အတူ မွန်ပြည်နယ်ရှိ မော်တော်ဆိုင်ကယ် ၇၀% နီးပါးခန့်မှာ မြဝတီနယ်စပ်ဘက်မှသွင်းလာသော ယိုးဒယားနံပါတ်ပြားများ တပ်ဆင်ထားသည်ကို မြင်တွေ့နေရကြောင်း သူမက ဆက်ပြောသည်။

သို့ရာတွင် မွန်ပြည်နယ်ရှိ လူမှုရေးအသင်းအဖွဲ့များ အသုံးပြုသည့် ပရဟိတယာဉ်များသည် လိုင် စင်မဲ့ယာဉ်အများဆုံးဖြစ်ကြောင်း ပြည်နယ်ရှိလူမှုရေးအသင်းအဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

ယခင်မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအုန်းမြင့် လက်ထက်၌ လိုင်စင်မဲ့ မော်တော်ယာဉ်အစီး ၅၀ဝ ကျော်ကို လေလံတင်၍ (၃) ကြိမ်ရောင်းချခဲ့သော်လည်း လက်ရှိ NLD အစိုးရလက်ထက်တွင် လေလံတင်ရောင်းချခဲ့ခြင်း မရှိသေးပေ။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ၃၉၇ စီး ဖမ်းဆီးရမိခဲ့သည့်အနက် ပိုင်ရှင်မဲ့ မော်တော်ယာဉ် ၁၃၉ စီးရှိကြောင်း၊ အရေးယူခံသူများအား ထောင်ဒဏ် တစ်လနှင့် ငွေဒဏ် ၂ သိန်း ပြစ်ဒဏ် ကျခံရကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်) စာရင်းအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts