တစ်နှစ်ကျော်ကာလခန့် သုတေသနပြုလုပ်ခဲ့သော ကျိုက်မရောမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလေ့လာဆန်းစစ်ခြင်း သုတေသနစာတမ်းများကို ထိုင်းနိုင်ငံ မဟာချူလာလင်ကွန်းတက္ကသိုလ်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
ကျိုက်မရောမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လေ့လာဆန်းစစ်ခြင်းသုတေသနစာတမ်းဖတ်ပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ကျိုက်မရောမြို့ရှိ အတ္ထရံခန်းမ၌ မွန်ပြည်နယ်လွှတ်တော်မှ ကြီးမှူးကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“အကျိုးသက်ရောက်မှုအနေနဲ့က ဒီသဘာဝအရင်းအမြစ်တွေရဲ့ တန်ဖိုးတွေကို သိခြင်းအားဖြင့် ဘာတွေအသုံးချလို့ ရမလဲ။ ဥပမာ ခရီးသွားလုပ်ငန်းပဲဖြစ်ဖြစ်၊ သဘာဝသယံဇာတထုတ်ယူသုံးစွဲရေး စီမံကိန်းတွေ၊ တခြားလုပ်ငန်းကြီးတွေ လုပ်တဲ့အခါမှာ ဒါတွေကို သတိထားမိဖို့၊ ဆင်ခြင်နားလည်တတ်ဖို့၊ သတိပြုမိဖို့နဲ့ဆုံးဖြတ်တဲ့အခါမှာလည်း အမှားအယွင်း အတိမ်းအစောင်းမဖြစ်ဖို့ အထောက်အကူပြုပါလိမ့်မယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
Photo- ကျိုက်မရောမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလေ့လာဆန်းစစ်ခြင်း သုတေသနစာတမ်းဖတ်ပွဲ(Aung Naing Oo)
ကျိုက်မရောမြို့နယ်အတွင်း ဒေသခံများနှင့် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများက တခါတရံ ပြဿနာများဖြစ်ပွားလေ့ရှိတတ်သောကြောင့် ယင်းဒေသရှိ သဘာဝအရင်းအမြစ်များ၏ တန်ဖိုးရှိမှုကို သိမှုရှိအောင် သုတေသနလုပ်ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကျိုက်မရောမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လေ့လာစမ်းစစ်ခြင်း သုတေသနလုပ်ငန်းများကို မွန်ပြည်နယ်လွှတ်တော်နှင့် မော်လမြိုင်တက္ကသိုလ်၏ သမိုင်း၊ ပထဝီ၊ ရူပဗေဒ၊ မြန်မာစာ၊ ဘူမိဗေဒမှ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပြီး စာတမ်း ၉ စောင် သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ကျိုက်မရောမြို့နယ်အထဲမှာ ထုံးကျောက်ဂူတွေလည်း အများကြီးရှိတယ်။ ရေပူစမ်းတွေလည်းရှိတဲ့အတွက် ကျိုက်မရောမြို့နယ်အတွင်း ခရီးသွားလုပ်ငန်းတွေလုပ်ကိုင်နိုင်တဲ့ အားသာချက်တွေရှိပါတယ်။ နောက် လင်းနို့ချေးကဲ့သို့သဘာဝမြေသြဇာတွေ စီးပွားဖြစ်ထုတ်လုပ်နိုင်တယ်။ အားနည်းချက်ကတော့ ဒီမှာ ဧည့်သည်တွေလာနိုင်ဖို့အတွက် Save ဖြစ်ဖို့တော့ လုပ်ဖို့လိုအပ်ပါတယ်။ နောက် ရေပူစမ်းဆိုတဲ့နေရာမှာဆိုရင် သူ့သဘောက ကျွံကျတတ်ပါတယ်။ ဒါကိုလည်း အန္တရာယ်ကင်းဖို့အတွက် ဘယ်လိုလုပ်ဆောင်မလဲ့ပေါ။ နောက်ဂူတွေထဲမှာလည်း လျှပ်စစ်မီးတွေ သွယ်တန်းနိုင်မယ်ဆိုရင်တော့ Tourism အတွက် အများကြီးကောင်းမွန်သွားမှာဖြစ်ပြီးတော့ နိုင်ငံခြားဝင်ငွေတွေလည်းရရှိမှာဖြစ်ပါတယ်”ဟု ကလေးတက္ကသိုလ် ဓါတုဗေဒဌာန ပါမောက္ခ ဒေါက်တာအေးအေးချိုက သုံးသပ်သည်။
သုတေသနလုပ်ငန်းများကို ခေါင်းစဉ်ခွဲသုံးခုဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ရှေးဟောင်းဘုရားနှင့် ကျောက်စာများ၊ ထုံးကျောက်ဂူများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ အင်းများနှင့် ရေပူစမ်းများကို လေ့လာစမ်းစစ်ခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော်အကြီးအကဲများထံမှ သိရသည်။
အလားတူ မွန်ပြည်နယ်လွှတ်တော်မှ သုတေသနပြုလုပ်ငန်းများကို ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် သက်တမ်းအတွင်း မော်လမြိုင်မြို့၌ “ရွှေအဆင်းဝင်းတဲ့ သုဝဏ္ဏဘူမိမြေ” စာတမ်းဖတ်ပွဲနှင့် သံဖြူဇရပ်မြို့၌ “ဝါခရူမြို့ဟောင်း” စာတမ်းဖတ်ပွဲများကိုလည်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။