Friday, March 13, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝထိန်းသိမ်းခြင်းဆိုင်ရာစာတမ်းဖတ်ပွဲ ကျင်းပမည်

    ကျိုက်မရောမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝထိန်းသိမ်းခြင်းဆိုင်ရာစာတမ်းဖတ်ပွဲ ကျင်းပမည်

    -

    ရှေးဟောင်းယဉ်ကျေးမှုနှင့်သဘာဝထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲတစ်ရပ်ကို ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက်ရှိ အတ္တရံခန်းမ၌ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးထံမှ သိရသည်။

    ယင်းစာတမ်းဖတ်ပွဲကို မွန်ပြည်နယ်လွှတ်တော်က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မော်လမြိုင်တက္ကသိုလ်မှ သုတေသီပညာရှင် (၉) ဦးက စာတမ်း (၉) စောင်ကို ဖတ်ကြားသွားမည်ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက ပြောသည်။

    ဥက္ကဌ ဒေါ်တင်အိက “စာတမ်းက ၉ စောင်ဖတ်မယ်၊ ၈ လလောက်ကြာသွားတော့ အခုအားလုံးပြီးဆုံးသွားပြီ၊ အချောလဲပြီးပြီဆိုတဲ့အခါကျတော့ အစိုးရဘက်ကိုလည်း အကြောင်းကြားတယ်။ ဖတ်မယ့်စာတမ်းအကျဉ်းကိုလည်း အစိုးရဘက်ကိုပို့ပြီပြီ” ဟု ပြောသည်။

    စာတမ်းဖတ်ပွဲကို မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီများနှင့် ကျိုက်မရောဒေသခံများအပါအဝင် လူဦးရေ (၃၅၀) ခန့်ဖိတ်ထားကြောင်း သိရသည်။

    Photo- ကျိုက်မရောမြို့နယ် ခရုံဂူ(Internet)

    ယင်းကဲ့သို့လွှတ်တော်မှ ကျိုက်မရောမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးခြင်းအားဖြင့် ဒေသအတွက် အကျိုးရှိမည်ဖြစ်ကြောင်း မယ်ဂရိုကျေးရွာသား ဦးထွန်းကြီးက ပြောသည်။

    “ကျွန်တော်တို့က မျှော်နေတာကြာပြီး ပျားတောင်ဒေသတောင်မှာက တောင်တွေ၊ ရှေးဟောင်းဂူတွေရှိတယ်၊ ဂူထဲမှာက ဘုရားတွေရှိတယ် ကုမ္ပဏီတွေကလည်း လာရှုပ်ထားတဲ့အတွက် ဒီဂူတွေပျက်စီးသွားမှာကို စိုးရိမ်ရတယ်၊ အခုသူတို့(လွှတ်တော်)ကနေ စာတမ်းပြုစုပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတဲ့အတွက် အရမ်းဝမ်းသာမိတယ်”ဟု ဦးထွန်းကြီးက ဆက်ပြောသည်။

    ကျိုက်မရောမြို့ပေါ်တွင် မွန်ဘုရင်မကြီး ရှင်စောပု၏ ကောင်းမှုတော် ကျိုက်မရောဘုရားကြီး၊ ကျောက်စာ၊ ဘုရားကြီးကျောင်းတိုက်ဟောင်းနှင့် မြို့ပြင်ပနေရာများ၌ သဘာဝလိုဏ်ဂူ စံပယ်ဂူ၊ မယ်ဂရိုဂူ၊ ဖားဘောင်ဂူ၊ ခရုံဂူနှင့် သဘာဝရေပူစမ်းနေရာများကို လေ့လာခဲ့ပြီး စိုက်ပျိုးရေးနှင့် မြစ်ရေများကိုလည်း ဓာတ်ခွဲလေ့လာခဲ့သည်ဟု သိရသည်။

    အဆိုပါသုတေသနစာတမ်းကို မွန်ပြည်နယ်လွှတ်တော်နှင့် မော်လမြိုင်တက္ကသိုလ်မှ သုတေသီပညာရှင်တို့ ပူးပေါင်း၍ လွှတ်တော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks