Homeသတင်းမွန်ပါတီအမည် ရွေးကောက်ပွဲကော်မရှင်ခွင့်မပြု

မွန်ပါတီအမည် ရွေးကောက်ပွဲကော်မရှင်ခွင့်မပြု

-

မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၁၁)

မွန်ပါတီအမည်ဖြင့် တရားဝင်မှတ်ပုံတင်ခြင်းကို ခွင့်မပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မွန်ပါတီတည်ထောင်လိုသူများတို့ ယနေ့တွေ့ဆုံခဲ့ရာတွင် အသိပေးပြောကြားခြင်းဖြစ်ကြောင်း ပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက မွန်သတင်းအေဂျင်စီကို ပြောသည်။

နိုင်လယိတမက “ မွန်ပါတီလို့ အမည်ပေးလိုက်မယ်ဆိုရင် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုမယ့်အဓိပ္ပါယ် သက်ရောက်တဲ့အတွက် အခြားအခြားသော မွန်တွေထဲမှာ နောက်ထပ်ပါတီတည်ထောင်မယ်ဆိုရင် မွန်တွေကို ကိုယ်စားမပြုတဲ့သဘောသက်ရောက်သွားလိမ့်မယ်လို့ ဆိုတယ်၊ ဒါကြောင့် ဒီအမည်ဟာ အခြားသူတွေအတွက်အခက်အခဲ ဖြစ်လာစေနိုင်တယ်၊ အဲဒီတော့ မွန်ပါတီအမည်ကို ကော်မရှင်အနေနဲ့ သဘောမတူဘူးဆိုတာ ရှင်းပြခဲ့တယ်” ဟု ဆိုသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကော်မရှင်ဥက္ကဌ အပါအဝင် အဖွဲ့ဝင်များနှင့်အတူ မွန်ပါတီတည်ထောင်လိုသူများမှ နိုင်လယိတမနှင့် နိုင်စံတင်တို့အား ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က တွေ့ဆုံခဲ့ရာတွင် ယင်းသို့ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

“ပြည်သူတွေရွေးချယ်ပေးထားတဲ့ အမည်ကိုတရားဝင်မှတ်ပုံတင်ခဲ့ပေမယ့် ခွင့်ပြုချက်မရခဲ့ပါ၊ ဒါပေမယ့် ဒုတိယရွေးချယ်ပေးတဲ့အမည်ကို ဆက်လက်ပြီးမှတ်ပုံတင်သွားရမှာကို နားလည်ခွင့်လွှတ်ပေးကြပါ” ဟု နိုင်လယိတမက ပြောသည်။

ပါတီတည်ထောင်လိုသူ ပုဂ္ဂိုလ်(၁၈) ဦးတို့နှင့် တဖန်ပြည်လည်ဆွေးနွေး၍ “မွန်ညီညွတ်ရေးပါတီ” အမည်ဖြင့် မကြာမီတွင် အမြန်ဆုံးမှတ်ပုံတင်ရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။


Photo-မွန်ပါတီများ ပေါင်းစည်းရေးအခမ်းအနား(MNA)

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီတို့ ပေါင်းစည်းရေးအကြိုကာလအတွင်း ပါတီသစ်အမည်သတ်မှတ်ရေး မြို့နယ်အသီးသီးသို့ သဘောထားခံယူခဲ့ရာတွင် “မွန်ညီညွတ်ရေးပါတီ- Mon Unity Party” ကို ဒုတိယအများဆုံးဆန္ဒပြုခဲ့ကြောင်း တွေ့ရှိရသည်။

အလားတူ ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ၃ ပါတီပူးပေါင်းပြီး “ကချင်ပြည်နယ်ပါတီ Kachin State Party” အမည်ဖြင့်မှတ်ပုံတင်ခဲ့ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုသဖြင့် “ကချင်ပြည်နယ် ပြည်သူ့ပါတီ” Kachin State People’s Party ပါတီအမည်သစ်ဖြင့် ယနေ့တွင် ပြန်လည်မှတ်ပုံတင်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts