spot_img
Friday, February 13, 2026
More
    spot_img
    Homeဆောင်းပါးလူ့အခွင့်ရေးနှစ် (၇၀) ပြည်တွင်းစစ်နှစ် (၇၀)

    လူ့အခွင့်ရေးနှစ် (၇၀) ပြည်တွင်းစစ်နှစ် (၇၀)

    -

    နိုင်ကဆုမွန်

    ၁၉၄၈ ခုနှစ်က ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ဘေး စစ်ဒဏ်ကြောင့် ကမ္ဘာ့ နိုင်ငံ ပျက်သုန်းခဲ့ပြီ၊ အပြစ်မဲ့ ပြည်သူသန်းပေါင်းများစွာ သေကြေပျက်စီးခဲ့သည်။ နိုင်ငံခေါင်းဆောင်များ နောင်တကြီးစွာ ရရှိခဲ့ပြီး နောက်ထပ် ကမ္ဘာစစ်ကြီးသော်လည်းကောင်း၊ စစ်ပွဲ အမျိုးစုံကို မလိုချင်တော့ပါ။ ၁၉၄၅ ခုနှစ် ကမ္ဘာစစ်ြက်ီးပြီးစကာလတွင် နိုင်ငံပေါင်း (၅၀) မှ ခေါင်းဆောင်များမှ ရောက်ရှိကာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီးတရပ်ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစ မြန်မာနိုင်ငံမှ ခေါင်းဆောင်များ ကုလသမဂ္ဂတွင် တက်တက်ကြွကြွပါဝင်ကာ ၎င်းနှစ် ဧပြီလ (၁) ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်လာသည်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချူပ် ဦးသန့်

    မြန်မာနိုင်ငံ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ပြီးနောက် မကြာခင်မှာပင် ကမ္ဘာ့လူသားတို့ ၏ အေးချမ်းသာယာရေးနှင့် လုံခြုံရေးနှင့် လူတို့ ၏ ဂုဏ်သိက္ခာကို လေးစားအသိအမှတ်ပြုသည့် အချက်ပေါင်း (၃၀) ပါရှိသော နိုင်ငံတကာ လူ့ အခွင့်ရေးကျေညာစာတမ်း (Universal Declaration of Human Rights – UDHR) ကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာလူ့ အခွင့်ရေးကျေညာစာတမ်းသည် လက်မှတ်ရေးထိုးရသည့် စာချူပ်စာတမ်း မဟုတ်သော်လည်း ကုလသမဂ္ဂအဖွဲ့ ဝင် နိုင်ငံများမှ တာဝန်အရ၊ ကျင့်ဝတ်အရ လေးစားလိုက်နာရမည့် စာတမ်းဖြစ်သည်။

    ကုလသမဂ္ဂတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ရည်မှန်းချက်များ ဖြစ်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ လူ့ အခွင့်ရေး တိုးတက်ရေးနှင့် ကာကွယ်ရေး နှင့် စီးပွားရေး လူမှုရေး ဖွံံ့ ဖြိုးတိုးတက်ရေးတို့အတွက် ပါဝင်အကောင်အထယ် ဖော်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဦးသန့် သည် ၁၉၆၂ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးအဖြစ် စတင်တာဝန်ထမ်းဆောင်ကာ ၁၉၆၆ ခုနှစ်တွင် ထပ်မံရွေးချယ်ခံရပြီး ၁၉၇၁ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုး ဦးသန့် လက်ထက်တွင် အမေရိကန်နှင့် ဆိုဗီယက်တို့ ၏ စစ်အေးကာလ အားပြိုင်မှုကြောင့် ကျူးဘားဒုံးပျံအရေး ဖြစ်ပွားကာ ထိုအရေးအခင်းကို အောင်မြင်စွာ ဝိုင်းဝန်းဖြေရှင်းခဲ့သည်။

    သို့ ရာတွင် မြန်မာနိုင်ငံခေါင်းဆောင်များကား မိမိပြည်တွင်း၌ ဖြစ်ပွားနေသည့် ပြည်တွင်းစစ်မီးကို မငြိမ်းသတ်နိုင်ပေ။ အင်္ဂလိပ်ကိုလိုနီတို့ မှ ပေးအပ်သည့် လွတ်လပ်ရေးသည် စစ်မှန်သောလွတ်လပ်ရေးမဟုတ်ဟု လက်ဝဲဆိုရှယ်လစ် ကွန်မြူနစ် သဘောတရားကို ယုံကြည်သည့် ဗမာပြည်ကွန်မြူနစ်ပါတီမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး မကြာမီမှာပင် လက်နက်ကိုင်လမ်းစဉ်ကို ကျင့်သုံးကာ ရန်ကုန်တွင် အခြေစိုက်သည့် အစိုးရအဆက်ဆက်ကို နှစ်ပေါင်း (၄၀) ကျော် တော်လှန်တိုက်ခိုက်ခဲ့သည်။

    ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးကာလ၌ ပြည်ထောင်စုမြန်မာနိုင်ငံကို ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ထိုပြည်ထောင်စုအသစ်၌ အဓိက လူမျိုးစုကြီး (၃) မျိုးဖြစ်သည့် ကရင်၊ မွန်၊ ရခိုင်တို့ မပါဝင်ခဲ့ပေ။ ထို့ ကြောင့် လွတ်လပ်ရေးရရှိပြီး မကြာခင်မှာပင် ကရင်နှင့် မွန်တို့မှာ အမျိုးသားအခွင့်အရေးအတွက် လက်နက်ကိုင်တိုက်ပွဲ ဆင်နွဲခဲ့ပေသည်။ ထို့ ကြောင့် မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီး တောက်လောက်ခဲ့ရသည်။

    ပြည်တွင်းစစ်နှင့် လူ့အခွင့်ရေးချိုးဖောက်မှု

    ပြည်တွင်းကာလတွင် တိုင်းရင်းသားဒေသအများစုမှာ အမြင်မတူညီသူ အစိုးရနင့် တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ အစည်းများအကြား စစ်ပွဲများ ဆင်နွဲသည့် ဒေသများ ဖြစ်သွားသည်။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် အစိုးရတပ်မတော်တို့ တိုက်ခိုက်သည့်ဒေသများသည် ပဲခူးရိုးမမှတဆင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ဘက်သို့ ရောက်ရှိကာ အစိုးရ၏ စစ်ဆင်ရေးတိုင်းတွင် ဒေသခံ တိုင်းရင်းသားပြည်သူများ အတိဒုက္ခရောက်ကြရသည်။

    ၁၉၆၂ ခုနှစ် ဗိုလ်ချူပ်ကြီးနေဝင်း အာဏာရရှိပြီးနောက်ပိုင်း စစ်အင်အားကို ဗဟိုပြုသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တစ်ပါတီစနစ်တွင် ကမ္ဘာ့စစ်အေးကာလနှင့်အတူ ပြည်တွင်းစစ်ကြီး ပိုမိုတောက်လောင်လာကာ လက်နက်အင်အားကို လက်နက်ဖြင့် ပြန်လည်တုံ့ ပြန် တွန်းလှန် ကာကွယ်သည့် အလေ့အထဖြစ်ပေါ်ကာ တိုင်းရင်းသားလူမျိုးစုအများအပြား လက်နက်ကိုင်တော်လှန်ရေး အခင်းအကျင်းအတွင်းသို့ ရောက်ရှိခဲ့သည်။

    ထိုစဉ် မြန်မာနိုင်ငံပြည်တွင်းစစ်မီးဟုန်းဟုန်းတောက်လောင်နေသည့်ကာလများမှာပင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့်က ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူ့ အခွင့်ရေးတိုးတက်မြှင့်တင်နိုင်ခဲ့သည်။ လူသားတို့ ၏ ငြိမ်းချမ်းရေးနှင့် လူသားလုံခြုံရေးနှင့်အတူ လူ့ ဂုဏ်သိက္ခာနှင့်အညီ လူသားတို့ ရသင့်ရထိုက်သော အခွင့်ရေးများကို ကုလသမဂ္ဂမှ ပြဌာန်းပေးခဲ့သည်။

    ၁၉၆၆ ခုနှစ်တွင် လူသားတို့၏ နိုင်ငံရေးတွင် တက်တက်ကြွကြွ ပါဝင်ခွင့်နှင့် ပုဂ္ဂလိကတဦးချင်း၏ လွတ်လပ်ခွင့်ကို အသိအမှတ်ပြုသည့် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်ရေး သဘောတူညီစာချုပ် (International Covenant on Civil and Political Rights – ICCPR) ကို သဘောတူရေးဆွဲကာ ၎င်းစာချူပ်အား သဘောတူညီလက်မှတ်ရေးထိုးရန် ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများအား ဖိတ်ခေါ်ခဲ့ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံဆိုရှယ်လစ်အစိုးရကား ထိုစာချူပ်အား သဘောတူ လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပေ။

    ဆိုရှယ်လစ်တပါတီအာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သော ရန်ကုန်အစိုးရကား ပြည်သူတို့အား မည်သည့်နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်ရေးကို မပေးအပ်ခဲ့ ပို၍ပင် ဖိနှိပ်အုပ်ချူပ်လာခဲ့သည်။ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းသည့်် မြန်မာနိုင်ငံတွင် ပြည်သူတို့မှာ မိမိတို့၏ ကိုယ်စားလှယ်အား ရွေးချယ်ခွင့် မရှိခဲ့ပေ။ ICCPR စာချုပ်တွင် နိုင်ငံရေးအမြင်ရသော်လည်းကောင်း၊ လူမျိုးအရသော်လည်းကောင်း၊ အသားရောင်အရ သော်လည်းကောင်း၊ ဘာသာရေးအရ သော်လည်းကောင်း၊ လိင်ပိုင်းအရသော်လည်းကောင်း မတူညီမှုကို အခြေပြုသည့် ခွဲခြားဆက်ဆံမှုကို မပြုလုပ်ရဟု တားမြစ်ထားသဖြင့် စာချုပ်လက်မှတ်မရေးထိုးထားသည့် ဆိုရှယ်လစ်အစိုးရကား တိုင်းရင်းသားတို့ ၏ အခွင့်ရေးကို ဖိနှိပ်ကာ တိုင်းရင်းသားတို့၏ ဒေသအတွင်း လွတ်လပ်စွာ ရှင်သန်နေထိုင်ခြင်းကို ဖျက်ဆီးခဲ့သည်။

    ၁၉၇၀ ခုနှစ်မှ ၁၉၈၈ ကာလအထိတွင် အစိုးရ တပ်မတော်မှ “ဖြတ်လေးဖြတ်” စစ်ဆင်ရေးကို တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ဒေသခံပြည်သူလူထုများမှ အကူအညီများ မပေးအပ်ရန်၊ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အဆက်အသွယ်ရှိသည်ဟု ထင်မြင်ယူဆခံရသူများကို သတ်ဖြတ်ခြင်း။ ကျေးရွာများကို မီးရှို့ခြင်း၊ အတင်းအဓမ္မပြောင်းရွေ့ခြင်း၊ သူပုန်များနှင့် အဆက်အသွယ်မပြုလုပ်ရဲအောင် ခြိမ်းခြောက်ရာတွင် အမျိုးသမီးများအား အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ် အသုံးပြုခဲ့သည့် သာဓကများစွာ ရှိခဲ့သည်။

    မြန်မာနိုင်ငံ ပြည်တွင်းစစ်မီးနှင့်အတူ လူ့ အခွင့်ရေးချိုးဖောက်ခံနေရသည့် အချိန်တွင် ၁၉၆၆ ခုနှစ်၌ပင် နိုင်ငံတကာခေါင်းဆောင်များမှ “နိုင်ငံတကာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ သဘောတူညီစာချူပ်” (International Covenant on Economics, Social and Cultural Rights – ICESR) ရေးဆွဲကာ ကုလသမဂ္ဂအဖွဲ့ဝင်များကို လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ခဲ့ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။

    မြန်မာနိုင်ငံပြည်တွင်းစစ်တွင် တိုင်းရင်းသားဒေသမှ ပြည်သူများသာ လူ့အခွင့်ရေးချိုးဖောက်မှု အမျိုးမျိုးကို ခံစားခဲ့ရသည်တော့ မဟုတ်ပါ၊ စစ်ပွဲမဖြစ်ပွားသည့် ဒေသရှိ ဗမာလူမျိုးတို့၏ စီးပွားရေးနှင့် လူမှုရေးအခွင့်ရေးများကိုလည်း ထိခိုက်စေသည်။ မြေပေါ် မြေအောက် ရေပေါ် ရေအောက် သယံဇာတများကို အစိုးရမှ ထုတ်ယူကာ စစ်စရိတ်အဖြစ် သုံးစွဲခဲ့သောကြောင့် ပြည်သူလူထုတို့ လိုအပ်သော စီးပွားရေးဖွံ့ဖြိုးရေးအတွက် အသုံးမပြုနိုင်ခဲ့ပေ။ ထို့ကြောင့် မြန်မာနိုင်ငံ စီးပွားရေးချွတ်ခြုံကျကာ အဆင်းရဲဆုံးနိုင်ငံ (သို့မဟုတ်) ဖွံ့ ဖြိုးမှု အနည်းဆုံးနိုင်ငံ (Least Developed Country – LDC) အဖြစ်သို့ ရောက်ရှိခဲ့ရသည်။
    နိုင်ငံတော်ဘဏ္ဍာငွေကို စစ်ရေး အသုံးစရိတ်များတွင် အဓိကအသုံးပြုနေရသည့်အတွက် ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများကို အစိုးရမှ လုံလောက်စွာဆောင်ရွက်နိုင်စွမ်းမရှိခဲ့ပေ။

    နိုင်ငံရေးလွတ်လပ်မှု ပိတ်ပင်တားဆီးခံရခြင်း၊ စီးပွားရေး၊ လူမှုရေး ချွတ်ခြုံကျမှုတို့ကြောင့် ၁၉၈၈ ခုနှစ်တွင် တပါတီအာဏာရှင်စနစ်အား ဖျက်သိမ်းပေးရန် ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ပေးရန် တနိုင်ငံအတိုင်းအတာ တောင်းဆိုဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပါသည်။ သို့သော် မည်သည့်ပြုပြင်ပြောင်းလဲရေးမှ မပေါ်ပေါက်လာဘဲ တပ်မတော်မှ အာဏာသိမ်းကာ နောက်ထပ် စစ်အစိုးရတရပ်နှင့် အစားထိုးခဲ့ပြန်သည်။
    ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း တက်လာသည့် စစ်အစိုးရအဆက်ဆက်သည် နိုင်ငံအတွင်းရှိ သံယံဇာတများကို ပိုမိုထုတ်လုပ်ရောင်းချကာ ပြည်တွင်းစစ်ကို ပိုမိုဆင်နွဲလာခဲ့သည်။

    တိုင်းရင်းသားအများအပြား နိုင်ငံနယ်နိမိတ်ကို ဖြတ်ကျော်ကာ ဒုက္ခသည်ဘဝအဖြစ် ရောက်ရှိခဲ့ရသည်။ လူ့ အခွင့်ရေးချိုးဖောက်မှုများကြောင့် တိုင်းရင်းသား ပြည်သူလူထု (၂) သန်းနီးပါး အိမ်နီးချင်းနိုင်ငံနယ်စပ်များအတွင်း အိုးအိမ်မဲ့ဒုက္ခသည်အဖြစ်သို့ ရောက်ရှိခဲ့ရသည်။

    ငြိမ်းချမ်းရေးနှင့် လူ့ အခွင့်ရေးစံချိန်စံညွန်း


    (၂၁) ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ

    နိုင်ငံတကာအသိုင်းအဝန်းမှ ၁၉၄၈ ခုနှစ်ကတည်းက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူ့ အခွင့်ရေးမြှင့်တင်ရေး၊ လူဂုဏ်သိက္ခာအား လေးစားလိုက်နာရေး၊ ဖိနှိပ်မှု ကင်းမဲ့သည့် လူ့ အဖွဲ့ အစည်းထူထောင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်တွင် ကျွနု်ပ်တို့ မြန်မာနိုင်ငံတွင် ၁၉၄၈ မှသည် ယခု ၂၀၁၈ အထိ နှစ်ပေါင်း (၇၀) အတွင်း ပြည်တွင်းစစ် မချူပ်ငြိမ်းနိုင်သေး။ ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားပြည်သူများမှာ ၎င်းတို့၏ နိုင်ငံရေး၊ နိုင်ငံသား၊ စီးပွားရေးနှင့် လူမှုရေးအခွင့်ရေးတို့အား အပြည့်အဝမခံစားရပေ။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများအတွက် နိုင်ငံတကာမှ ပြဌာန်းထားသည့် ယဉ်ကျေးမှုအခွင့်ရေးများအား အပြည့်အဝ ခံစားခွင့် မရရှိသေးပေ။

    ၂၀၁၂ ခုနှစ်ကတည်းက သမ္မတဦးသိန်းစိန် လက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် NCA လမ်းကြောင်းဖြင့် ငြိမ်းချမ်းရေးကို စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အစိုးရလက်ထက်အထိ (၆) နှစ်ခန့်အချိန်ကြာမြင့်ခဲ့သော်လည်း တိုးတက်သည့် အရိပ်အယောင် မတွေ့ရပေ။

    နှစ် (၇၀) ပြည့် နိုင်ငံတကာ လူ့အခွင့်ရေးကြွေးကြော်အသံကား “တန်းတူရေး၊ တရားမျှတရေးနှင့် လူ့ ဂုဏ်သိက္ခာတို့ အတွက် အတူရပ်တည်ကြစို့” (Let’s Stand Up for Equality, Justice and Human Dignity) ဟု ဖော်ထုတ်ထားသည်။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖော်ဆောင်မည်ဆိုပါက ဤအချက် (၃) ချက်စလုံး အရေးကြီးပါသည်။

    မည်သို့ပင်ဆိုစေ၊ ငြိမ်းချမ်းရေး ဖော်ဆောင်လျက်ရှိသည့် အစိုးရအနေဖြင့် နိုင်ငံတကာမှ ပြဌာန်းထားသည့် လူ့ အခွင့်ရေးစံချိန်စံညွန်းများအား လေးစားလိုက်နာကာ နိုင်ငံသားအခွင့်ရေး၊ တိုင်းရင်းသားလူမျိုးစုအခွင့်အရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်တို့၏ အခွင့်ရေးများကိုလည်း လေးစားလိုက်နာရမည်ဖြစ်သည့်အတွက် လူ့ အခွင့်ရေးချိုးဖောက်မှုများအား အမြန်ဆုံးရပ်တန့်ပေးကာ တရားမျှတမှုကို ပံံ့ပိုးဆောင်ရွက်ပေးသင့်ပါကြောင်း။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks