spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းရေဖြူဒေသတည်ငြိမ်အေးချမ်းရေး KNU နှင့် NMSP အောက်ခြေအဆင့် သဘောတူညီချက်လက်မှတ်ရေးထိုးမည်

    ရေဖြူဒေသတည်ငြိမ်အေးချမ်းရေး KNU နှင့် NMSP အောက်ခြေအဆင့် သဘောတူညီချက်လက်မှတ်ရေးထိုးမည်

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၈)

    မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သော တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ကရင်အမျိုးသားအစည်းအစည်းအရုံး KNU နှင့် မွန်ပြည်သစ်ပါတီ အောက်ခြေတပ်ဖွဲ့များအကြား မကြာမီရက်ပိုင်းအတွင်း သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    ဝင်းရေးမြို့နယ် တရားသူကြီး ပဒိုစောစည်သူထွန်း ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့နှင့် ထားဝယ်ခရိုင် အမှတ်(၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးချမ်းလွန် ဦးဆောင်သည့် မွန်ပြည်သစ်ပါတီကိုယ်စားလှယ်တို့သည် ယမန်နေ့(ဒီဇင်ဘာ ၇) ရက်နေ့က ရေးမြို့တွင်၎င်း၊ ဒီဇင်ဘာ ၅ ရက်နေ့က မွန်ပြည်သစ်ပါတီ ဝယ်ဇင်စခန်း၌၎င်း နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဉာဏ်ထွန်းက မွန်သတင်းအေဂျင်စီကို ပြောသည်။

    နိုင်ဉာဏ်ထွန်းက “ဒီဆွေးနွေးပွဲတွေမှာ သဘောတူညီချက်တွေရရှိခဲ့ကြပြီးတော့ လုပ်ငန်းတွေ ရှေ့ဆက်အကောင်အထည် ဖော်ဆောင်နိုင်ဖို့အတွက် မကြာခင်မှာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးထုတ်ပြန်သွားမယ်” ဟု ဆိုသည်။

    Photo- KNU-NMSP အောက်ခြေအဆင့် ဝယ်ဇင်စခန်းဆွေးနွေးပွဲ(မွန်ပြည်သစ်)

    နှစ်ဖက်အောက်ခြေတပ်ဖွဲ့အကြား မကြေလည်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသခံပြည်သူများ မြေမြှုပ်မိုင်းဒဏ်ခံခဲ့ရပြီး ကိုယ်လက်အင်္ဂါချို့တဲ့ဘဝဆုံးပါးရခြင်း၊ နောက်နောင်တွင် အလားတူဖြစ်ရပ်များ ဆက်လက်မဖြစ်စေရန် ဒေသခံပြည်သူများ၏ ဘဝလုံခြုံရေးကို ရှေးရှု၍ နှစ်ဖက်တပ်ဖွဲ့များမှ သဘောတူညီချက်လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း နိုင်ဉာဏ်ထွန်းက ဆက်ပြောသည်။

    ပဒိုစောစည်သူထွန်းက “မကြာခင်မှာ လက်မှတ်ရေးထိုးဖို့ အစီအစဉ်ရှိပါတယ်၊ ဒါပေမယ့် နိုင်ငံရေးအဆင့်တော့ မဟုတ်ပါဘူး၊ ဒေသခံလူထုအပေါ် ကျနော်တို့ နှစ်ဖက်(KNU & NMSP) ရဲ့စေတနာကို အသိအမှတ်ပြုတဲ့ အနေနဲ့ပါ၊ ရေရှည်မှာ ကျနော်တို့အတူတကွယှဉ်တွဲနေထိုင်ပြီးတော့ အပြန်အလှန်ယုံကြည်စိတ်ချမှုနဲ့ နယ်မြေဒေသအေးချမ်းဖို့က ကျနော်တို့အပေါ် အဓိကျတာပေါ့၊ ကျနော်တို့နှစ်ဖွဲ့ရဲ့ ဆက်ဆံမှုနဲ့ ရင်းနှီးမှုပေါ်မှာလည်း မူတည်ပါတယ်” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    မိမိတို့အနေဖြင့် လူမျိုးချစ်ကြည်ရင်းနှီးမှုနှင့် အတူတကွနေထိုင်လာခဲ့သူများဖြစ်ကြောင်း၊ ယခင့်ယခင်ကာလများကဲ့သို့ပင် အပြန်အလှန်ယုံကြည်မှုရှိစွာဖြင့် လက်တွဲကြမည်ဖြစ်ကြောင်း၊ ရှေးက မွန်နှင့်ကရင် ခေါင်းဆောင်တို့၏ ရည်ရွယ်ချက်အတိုင်း မိမိတို့ဆက်လက်လျှောက်လှမ်းသွားကြမည် ဖြစ်ကြောင်း ပဒိုစောစည်သူထွန်းက ဆက်ပြောသည်။

    KNU နှင့် NMSP နှစ်ဖက်တပ်ဖွဲ့ကြား နယ်မြေအငြင်းပွားနေသော ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအုပ်စုရှိ ကြောင်လျှာကွင်းဒေသတဝိုက်တွင် ရာဘာခြံ၊ ကွမ်းသီးခြံ၊ ဒူးရင်းခြံများ စုစုပေါင်းခြံအရေအတွက် ၄၀၀ ဦးရေဝန်းကျင်ခန့် စိုက်ပျိုးလုပ်ကိုင်လျှက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာနှင့် အောက်တိုဘာလများအတွင်း လူသွားလမ်းနှင့်ခြံအချို့၌ မြေမြှုပ်မိုင်း ၄ ကြိမ်ပေါက်ကွဲသဖြင့် လူ ၃ ဦးခြေထောက်ပြတ်တောက်ခံရပြီး ယခုအခါ ခြံထဲလုံးဝမသွားရဲကြ ဖြစ်နေကြောင်း၊ ခြံထဲမသွားနိုင်သည့်အတွက် စီးပွားရေးနှင့် စားဝတ်နေရေးပါထိခိုက်လာနေကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌအား ဒေသခံများ တင်ပြခဲ့သည်။

    အဆိုပါ ကြောင်းလျှာကွင်းနှင့် ဆက်စပ်ဒေသများတွင် သစ်ထုတ်လုပ်မှုကုမ္မဏီတစ်ခုကို အကာအကွယ်ပေးသော KNU တပ်ဖွဲ့ဝင်အချို့နှင့် သစ်ထုတ်လုပ်ခြင်းကို ပိတ်ပင်ထားသော မွန်ပြည်သစ်တပ်ဖွဲ့အကြား ယမန်နှစ်တွင် ၄ ကြိမ်ထက်မနည်း ထိတွေ့ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သည့်အပြင် ခုတ်လှဲပြီးသစ်တန် ၆၀၀ ခန့်ကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးထိန်းသိမ်းထားရာမှ တင်းမာမှုများဖြစ်ပေါ်ခဲ့ကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks