spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းအရပ်သားအသွင်ယူ၍မူးယစ်ဆေးဝါးဝယ်ခိုင်းပြီး ပြန်ဖမ်းသည့်ကိစ္စကို မိခင်ဖြစ်သူမှ သမ္မတထံ အသနားခံတင်ပြ

    အရပ်သားအသွင်ယူ၍မူးယစ်ဆေးဝါးဝယ်ခိုင်းပြီး ပြန်ဖမ်းသည့်ကိစ္စကို မိခင်ဖြစ်သူမှ သမ္မတထံ အသနားခံတင်ပြ

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၄)

    မွန်ပြည်နယ် ရဲအရာရှိတစ်ဦးမှ အရပ်သားအသွင်ယူ၍ မူးယစ်ဆေးဝါးဝယ်ယူခိုင်းပြီး ပြန်လည်ဖမ်းဆီးလိုက်သည့်ကိစ္စကို နိုင်ငံတော်သမ္မတထံ နိုဝင်ဘာ(၁၉) ရက်စွဲဖြင့် အသနားခံစာတင်ပြခဲ့ကြောင်း၊ အဆိုပါအသနားခံတင်ပြစာမိတ္တူများကို မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးကိုလည်း ပေးပို့ခဲ့ကြောင်း ဖမ်းဆီးခံရသူ၏မိခင် ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအုပ်စု သပြေရွာသစ်နေ ဒေါ်ပန်းရီက မွန်သတင်းအေဂျင်စီကို ယနေ့တွင် ပြောကြားသည်။

    သူမ၏သားဖြစ်သူ မောင်စိုး(ခေါ်) နိုင်စိုးကို အရပ်သားအသွင်ယူ ရဲအရာရှိတစ်ဦးနှင့်အတူ ရွာခံအသိမိတ်ဆွေတစ်ဦးတို့က ငွေနှစ်သောင်းခွဲ (၂၅၀၀၀ ကျပ်) ပေး၍ ဆေးပြားသွားရောက်ဝယ်ယူခိုင်းပြီးပြန်အလာ လမ်းထက်ဝက်၌ ရဲများနှင့် နှစ်ကရင်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ပန်းရီက ဆိုသည်။

    “သူတို့က ကျမသားကို ငွေပေးပြီး ဒီမူးယစ်ဆေးတွေကိုသွားဝယ်ခိုင်းပြီးတော့မှ ဒီလိုဖမ်းဆီးလိုက်တာပါ၊ သူ့ကို ရိုက်တယ်လို့လည်း ကျမသားက ပြောတယ်၊ အခုဖမ်းမိတဲ့အရေအတွက်တွေလည်း ဝယ်ခဲ့တာထက် ပိုနေတယ်လို့ ဆိုတယ်၊ ဒါကြောင့် အသနားခံစာတင်ပြလိုက်တာပါ” ဟု ဒေါ်ပန်းရီက မွန်ဘာသာဖြင့် ပြောသည်။

    Photo- နိုင်ငံတော်သမ္မတထံ တင်ပြသည့်အသနားခံစာ (မိတ္တူ)

    ၎င်းတို့ပေးအပ်ခဲ့သောငွေဖြင့် မူးယစ်ဆေးပြား ၆ ပြားနှင့် ICE မူးယစ်ဆေး ၂ ခုသာဝယ်ယူရရှိခဲ့သော်လည်း လက်ရှိတွင် မူးယစ်ဆေးပြား ၁၇ ပြားနှင့် ICE မူးယစ်ဆေးအမှုဖြင့်အရေးယူခံနေရခြင်းသည် မိမိတို့မိသားစုအတွက် များစွာနစ်နာရသည်ဟု ဒေါ်ပန်းရီက ဆက်ပြောသည်။

    သို့ရာတွင် နှစ်ကရင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “ဒီမူးယစ်ဆေးဖမ်းဆီးတဲ့နေရာမှာ ကျနော်ပါဝင်ခဲ့တာ မှန်ပါတယ်၊ ကျနော်က အုပ်ချုပ်ရေးမှူးဆိုတော့ လိုက်ပါရတာပေါ့၊ ဒါပေမယ့် ကျနော် ငွေပေးပြီးဝယ်ခိုင်းတာလို့ စွပ်စွဲနေတာကတော့ မှန်ကန်မှုမရှိဘူး၊ သူတို့အတွက် ပြဿနာတက်နိုင်တယ်” ဟု မွန်ဘာသာဖြင့် မွန်သတင်းအေဂျင်စီကို ပြောသည်။

    လက်ရှိ တရားခံအဖြစ်စွပ်စွဲခံထားရသူ “နိုင်စိုး” အား ရေးမြို့နယ် ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ နိုင်စိုးသည် ယခင်က မူးယစ်ဆေးဝါးသုံးစွဲခဲ့ဘူးသော်လည်း ချွေးမဖြစ်သူ ကိုယ်ဝန်ဆောင်သည့်အချိန်မှစတင်၍ ယခုအချိန်ထိ သုံးစွဲခြင်းမရှိတော့ကြောင်း ဒေါ်ပန်းရီက ဆိုသည်။

    နှစ်ကရင်ကျေးရွာ မီးသတ်အဖွဲ့ခေါင်းဆောင် ဦးမြင့်ဆွေက “ခုလို မူးယစ်ဆေးဝယ်ခိုင်းပြီး ပြန်ဖမ်းတာကတော့ မကောင်းဘူးပေါ့ဗျာ၊ ကျနော်တို့လည်း ဒီလိုပဲ ဆေးဝယ်ခိုင်းပြီး ရောင်းတဲ့အိမ်တွေကို လိုက်ဖမ်းခဲ့ရတာပဲ၊ ဆေးရောင်းသူတွေက သူတို့ရောင်းခဲ့ဘူးတဲ့လူမဟုတ်၊ သူစိမ်းဆိုရင်တော့ ဘယ်သူမှလည်း အိမ်အဝင်ခံမှာ မဟုတ်ဘူး” ဟု မှတ်ချက်ပြုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks