spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်၏ အသားတင်စိုက်ပျိုးမြေ ၇၇ ရာခိုင်နှုန်းခန့် ပုံစံ(၇) ထုတ်ပြီးခဲ့

    မွန်ပြည်နယ်၏ အသားတင်စိုက်ပျိုးမြေ ၇၇ ရာခိုင်နှုန်းခန့် ပုံစံ(၇) ထုတ်ပြီးခဲ့

    -

    မွန်သတင်းအေဂျင်စီ(နိုဝင်ဘာ ၂၀)

    မွန်ပြည်နယ်အတွင်းရှိ အသားတင်စိုက်ပျိုးမြေဧက ၁၄ သိန်းကျော်အနက် ၇၇ ရာခိုင်နှုန်းခန့်သာ လက်ရှိအနေအထားတွင် လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၇) ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း မွန်ပြည်နယ် မြေစာရင်းဌာနစာရင်းအရ သိရသည်။

    မွန်ပြည်နယ် မြေစာရင်းဌာနဦးစီးမှူး ဦးတင်ထူးက “ ကျနော်တို့ပြည်နယ်မှာ ပုံစံ (၇) ကို အသားတင်စိုက်ပျိုးမြေအတွက်ထုတ်ပေးခဲ့တာ ၇၇ ရာခိုင်နှုန်းကျော်သွားပြီ၊ ပုံစံ(၇) ဆိုတာ လက်ရှိစိုက်ပျိုးလုပ်ကိုင်နေတဲ့မြေပေါ်မှာ လုပ်ပိုင်ခွင့်ပြုတဲ့ဟာ၊ မြေလွတ် မြေလပ် မြေရိုင်းကိုတော့ ပုံစံ (၇) ထုတ်ပေးလို့မရဘူး” ဟု ဆိုသည်။

    မွန်ပြည်နယ်၏ အကျယ်အဝန်း စုစုပေါင်း ၃,၀၃၈,၅၆၄ ဧကရှိပြီး အသားတင်စိုက်ပျိုးမြေ ၄၇ ဒဿမ ၄၂ ရာခိုင်နှုန်း (၁,၄၃၉,၈၃၃ ဧက)၊ မြေလွတ်မြေလပ်မြေရိုင်းများ ၉ ဒဿမ ၆၆ ရာခိုင်နှုန်းတွင် မြေလပ် ၆၆,၆၃၄ ဧက၊ တောရိုင်းမြေ ၂၆,၂၂၁ ဧက၊ မြေရိုင်း ၃၀,၅၇၉ ဧက စုစုပေါင်း (၁၂၃,၄၃၄ ဧက) ရှိကြောင်း မွန်ပြည်နယ်မြေစာရင်းဦးစီးမှူးဌာန စာရင်းအရသိရသည်။

    Caption-မွန်ပြည်နယ် မြေပုံ(MNA)

    “လက်ရှိစိုက်ပျိုးထားတာတော့ မှန်တယ်၊ ဒါပေမယ့် အောက်ကမြေကြီးက စားကျက်မြေလိုဟာမျိုး၊ သစ်တောမြေလိုဟာမျိုး အစိုးရမြေကြီးပေါ်မှာ သွားစိုက်ထားတဲ့ဟာတွေကျတော့ ပုံစံ(၇) မရနိုင်ပါဘူး၊ အဲဒီတော့ ဘယ်မြေအမျိုးအစားပေါ်မှာ ကိုယ်စိုက်ပျိုးထားတာလဲ၊ သေသေချာချာ စိစစ်ဖို့တော့ လိုတယ်၊မြေလွတ် မြေလပ် မြေရိုင်းတွေဆိုရင် အပြည့်အဝစိုက်ပျိုးပြီးဆိုတော့မှ ပြန်ပြီးတော့ စိုက်ပျိုးမြေအဖြစ်ပြန်လည် လျှောက်ထားမှ လယ်ယာမြေဥပဒေ နည်းဥပဒေနဲ့အညီ ပုံစံ (၇) ပြန်ထုတ်ပေးတာ ဖြစ်တယ်” ဟု ဦးတင်ထူးက ပြောသည်။

    ယခင်ကာလများတွင် စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးအတွက် စိုက်ပျိုးမြေများမဟုတ်သည့် လစ်လပ်သည့် မြေလွတ်မြေလပ်၊ စားကျက်မြေ၊ သစ်တောမြေနေရာများတွင် သက်ဆိုင်ရာမှစိုက်ပျိုးလုပ်ကိုင်ခွင့်ပြု ခဲ့သော်လည်း နောက်ပိုင်းတွင် ပုံစံ(၇) ပြုလုပ်ခွင့်မရခဲ့ကြောင်း၊ ထို့ကြောင့် မကြာမီက အစိုးရပြဌာန်းလိုက်သည့် မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) အရ အဆိုပါ လစ်လပ်မြေနေရာများတွင် စိုက်ပျိုးထားပြီးဖြစ်ပါက ယခုအခါ တရားဝင်လျှောက်ထားခွင့်ရှိပြီဖြစ်ကြောင်း ဦးတင်ထူးက ဆက်ပြောသည်။

    သို့ရာတွင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း Hurfom မှ Land Resource Project Coordinator နိုင်ချွန်းက “ အစိုးရသတ်မှတ်တဲ့ မြေလွတ်မြေရိုင်းတွေဟာ ဒေသခံတွေရဲ့ ဘိုးဘွားအဆက်ဆက်က ဓါးမဦးချလုပ်ကိုင်ခဲ့တဲ့မြေတွေ ဖြစ်တယ်၊ ဒီဥပဒေကို ဒေသခံတွေကလည်း မသိကြသေးပါဘူး၊ သိတာတောင်မှ ဘယ်လိုသွားလျှောက်ရမလဲဆိုတာ လုပ်နည်းလုပ်ဟန်တွေကို နားမလည်ဘူး၊ ဒါကြောင့် ဥပဒေပြဌာန်းချက်အတိုင်း ဒီ ၆ လအတွင်း အားလုံးမှတ်ပုံတင်လျှောက်ဖို့က မဖြစ်နိုင်ပါဘူး၊ မြေစာရင်းဝန်ထမ်းတွေလည်း လုံလုံလောက်လောက်မရှိပါဘူး၊ မြို့နဲ့အလှမ်းဝေးတဲ့နေရာတွေလည်းဖြစ်တော့ လုံခြုံရေးလည်း မရှိပါဘူး” ဟု သုံးသပ်သည်။

    မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) အား ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် NLD အစိုးရပြင်ဆင်ပြဌာန်းလိုက်ပြီးနောက် အဆိုပါ ဥပဒေအရ သတ်မှတ်ကာလ ၆ လအတွင်း မြေလွတ်မြေရိုင်း အသုံးပြုခွင့်လျှောက်ထားရမည်ဖြစ်ရာ ဗဟိုကော်မတီ၏ ခွင့်ပြုမိန့်မရှိဘဲ မြေလွတ်မြေလပ်မြေရိုင်းများကို ရယူအသုံးပြုလျက်ရှိသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် ဥပဒေပါပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ဒဏ်ငွေကျပ် ၅ သိန်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက အောက်တိုဘာ ၃၀ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

    “အမှားပြင်ဆင်ချက်”
    မွန်ပြည်နယ်၏ အသားတင်စိုက်ပျိုးမြေ ၇၇ ရာခိုင်နှုန်းကျော် ပုံစံ(၇) ထုတ်ပေးခဲ့သည်ကို တွေ့ရှိရပါသည်။ မြေစာရင်းဌာနမှ ရရှိသောကိန်ဂဏန်းများကို ပြန်လည်စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
    စိုက်ပျိုးမြေ-၁,၄၃၉,၈၃၃ ဧက
    ပုံစံ(၇) ထုတ်ပြီး-၁,၁၁၃,၃၉၅ ဧက ၇၇.၃၃ %
    ပုံစံ(၇) ထုတ်ပြီးတောင်သူပေါင်း- ၁၉၁,၃၇၈ ဦး
    ပုံစံ(၇) ထုတ်ပြီးဦးပိုင်ပေါင်း- ၂၂၈,၃၅၂ ဦး
    ပုံစံ(၇) မထုတ်သေး- ၃၂၆,၄၃၈ ဧက ၂၂.၆၇ %
    (အယ်ဒီတာ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks