Monday, April 6, 2026
More
    spot_img
    Homeသတင်းအတ္ထရံမြစ်ကြော၊ ပျားတောင်ဒေသ သယံဇာတအသုံးပြုမှုကို မွန်ပြည်နယ်လွှတ်တော်နှင့် အစိုးရ တည့်မတ်ပေးရန် တောင်းဆို

    အတ္ထရံမြစ်ကြော၊ ပျားတောင်ဒေသ သယံဇာတအသုံးပြုမှုကို မွန်ပြည်နယ်လွှတ်တော်နှင့် အစိုးရ တည့်မတ်ပေးရန် တောင်းဆို

    -

    ရွှေရိုး (နိုဝင်ဘာ ၁၆)

    ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသ သဘာဝပတ်ဝန်ကျင်နှင့် သယံဇာတအသုံးပြုနေမှုကို ပြည်သူလူထုမှ ရွေးကောက်တင်မြောက်ထားသည့် မွန်ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရမှ တရားမျှတမှုအတွက် ပြန်လည်တည့်မတ်ဆောင်ရွက်ပေးရန် နိုဝင်ဘာလ ၁၅ ရက်က မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်၌ အတ္ထရံမြစ်မှသည် ပျားတောင်ဆီသို့ မှတ်တမ်းရုပ် ရှင်ပြသခြင်းနှင့် အရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားတွင် ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

    ပျားတောင်ဒေခံများနှင့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HORFOM တို့၏ အဆိုပါထုတ်ပြန်ချက်တွင် ဘိလပ်မြေစက်ရုံအတွက် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံအစား ပြည်သူလူထုအတွက် အန္တရာယ်ကင်းသည့် အခြားသောလျှပ်စစ်ဓာတ်အားဖြင့် အစားထိုးပေးရန်၊ ပျားတောင်တစ်ခုလုံးကို ပျက်စီးသွားစေနိုင်သည့် မော်လမြိုင်ဘိလပ်မြေစက်ရုံအပြင် အခြားသောဘိလပ်မြေစက်ရုံတည်ဆောက်မှုကိုလည်း ရပ်တန့်ပေးရန်နှင့် အတ္ထရံမြစ်ကြောတွင် ကြီးမားလေးလံသော ကုန်တင်သင်္ဘောများ လက်ဝါးကြီးအုပ်သွားလာနေမှုကို အမြန်ရပ်တန့်ပေးရန် ဖော်ပြထားသည်။

    Photo- မှတ်တမ်းရုပ်ရှင်ပြသခြင်းနှင့် အရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနား(MNA)

    “MCL ဘိလပ်မြေစက်ရုံသင်္ဘောတွေ သွားလာလို့ အနစ်နာဆုံးက ရေလုပ်သားတွေ ဖြစ်တယ်၊ ရေလုပ်သားတွေကလည်း သူတို့တစ်နှစ်ပတ်လုံး လိုင်စင်တွေနဲ့ လုပ်နေကြတယ်၊ ဒီသင်္ဘောတွေ သွားလာလို့ ကမ်းပါးတွေ ပြိုကျတယ်၊ ငါးဖမ်းကွက်တော်တော်များများကို ပျက်စီးစေတယ်၊ ငါးဖမ်းကွက်ပျက်သွားတဲ့ ရေလုပ်သားတွေကလည်း တခြားသူများအကွက်မှာ ဖမ်းပိုင်ခွင့်မရှိဘူး။ သူတို့အတွက် အများကြီး နစ်နာဆုံးရှုံးရတယ်”ဟု ပျားတောင်ဒေသခံ နိုင်ရွှေဝင်းက ပြောသည်။

    ထို့ပြင် ရေတွင်းမရှိသည့် အချို့ကျေးရွာများမှာ အတ္ထရံမြစ်ရေကိုသာ သောက်သုံးရေအဖြစ် ထမင်း၊ ဟင်းချက်ကြပြီး MCL မော်လမြိုင်ဘိလပ်မြေစက်ရုံ၏ သင်္ဘောများသွားလာမှုကြောင့် မြစ်ရေများနောက်ကျိသွားသည့်အတွက် အခက်အခဲများကြုံတွေ့နေရကြောင်း ၎င်းက ဆိုသည်။
    အလားတူ MCL စက်ရုံမှ ပစ္စည်းတင်ကုမ္ပဏီမော်တော်ယာဉ်များကလည်း ကျေးရွာများအတွင်း မဆင်မခြင်မောင်းနှင်နေကြောင်း ဒေသခံများက ဆိုသည်။

    “ရေလမ်းမှာ သင်္ဘောတိုက်လို့သေတာ လျော်ကြေးပေးခဲ့တယ်။ ဒီကုန်းပိုင်းမှာလည်း ကားတွေ တိုက်ပြီးသေသွားကြတဲ့သူတွေ ရှိတယ်။ တာဝန်ယူမှု ရှိတယ်။ ဒါပေမယ့် ငွေများ တရားနိုင်ဆိုတဲ့အတိုင်း သူတို့လျော်ကြေးလေးတွေပေးပြီး လူသေမှုကို ဖျောက်လို့ရတဲ့အနေအထားတွေ ဖြစ်နေတယ်၊ ဒါကြောင့် မဆင်မခြင်မောင်းနေကြတာ” ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။

    MCL မော်လမြိုင် ဘိလပ်မြေစက်ရုံသည် စတင်လုပ်ဆောင်ချိန်ကတည်းက အသေးစိတ်အချက်အလက်မှအစ ဥပဒေနှင့်မညီညွတ်သည့် အချက်များ များစွာရှိနေသည့်အပြင် ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်နေသည်များလည်း ရှိနေကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

    ဒေါက်တာ အောင်နိုင်ဦးက “သူတို့တောင်းဆိုချက်တွေ အားလုံးက တရားမျှတမှုရှိတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့တောင်းဆိုချက်ပဲလို့ ကျွန်တော်မြင်တယ်၊ ဒီ MCL နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့လွှတ်တော်ဘက်ကရော ကိုယ်စားလှယ်တွေရော အများကြီးကြိုးစားပြီးတော့ လွှတ်တော်ထဲမှာ ဆွေးနွေးဖြစ်ခဲ့တယ်။ ဒါပေမယ့် ထူးခြားတဲ့ ပြောင်းလဲမှုမျိုးက မရှိခဲ့ဘူး”ဟု ပြောသည်။

    အဆိုပါ ကျောက်မီးသွေးသုံး မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှပ်နှံထားပြီး မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ SCG (Siam Cement Group) မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် ပုဂ္ဂလိကအကျိုးတူ ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းဖြစ်သည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံမှ ထုတ်လုပ်သည့် ဘိလပ်မြေမှ ကျပ်ငွေသိန်းပေါင်းများစွာသော အကျိုးအမြတ်များ သည် ကုမ္ပ္ပဏီကသာ အဓိကရရှိမည်ဖြစ်ပြီး ဆုံးရှုံးသည့် ပြည်သူလူထုပိုင် သယံဇာတများအတွက်လည်း ကောင်း၊ ရေမြေ သဘာဝပတ်ဝန်းကျင်တို့အားလည်ကောင်း မည်သို့မှ ပြန်လည်အစားထိုးခွင့်ရရှိမည်မ ဟုတ်သည့်အတွက် ဒေသခံမများအတွက် ကြည့်မည်ဆိုပါက ညီမျှမှုကင်းမဲ့ကာ တရားမျှတမှုမရှိကြောင်း အဆိုပါထုတ်ပြန်ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks