ရူပါဗလွဲ(နိုဝင်ဘာ ၁၆)
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး နေထွဋ်ဦးကို ဝန်ကြီးချုပ်မှ အဆိုပြုထားသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်းမရှိသည့်အတွက် ယနေ့ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးက သဘောတူကြောင်း ကြေငြာခဲ့သည်။
ဗိုလ်မှူးကြီး နေထွဋ်ဦးက “လက်နက်ကိုင်အဖွဲ့ထဲမှာတော့ NCA ထိုးထားတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ NCA ရဲ့နည်းလမ်းအတိုင်းပဲသွားရမယ်၊ ကျွန်တော်တို့ တပ်မတော်အနေနဲ့ရပ်တည်မှုအားလုံးတွေသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းတွေထဲမှာ လေ့လာကြည့်လိုက်ပါ အကုန်ပါပါတယ်။ ဒီနည်းလမ်းအတိုင်း ကျွန်တော်တို့က ဆက်လက်ရပ်တည်ရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရင် ပိုကောင်းတယ်။” ဟု လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးခြင်း၊ ဘာသာတရားနှင့် ပတ်သက်ပြီး ပညာပေးခြင်း စသည့် လူငယ်အတွက် ပညာပေးကာလအဖြစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
Photo-မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး(MNA)
မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ဝင်နိုင်ဦးအစား ဗိုလ်မှုးကြီး နေထွဋ်ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးသိန်းဇော်အစား ဗိုလ်မှုးနေမျိုးထွန်းတို့ကို တပ်မတော်မှ ပြီးခဲ့တဲ့နိုဝင်ဘာလ ၇ ရက်နေ့က ပြောင်းလဲတာဝန်ပေးအပ်ခြင်း ဖြစ်သည်။
မွန်ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ် ၂၃ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။