spot_img
Saturday, June 22, 2024
More
    spot_img
    Homeသတင်းမရေရာသော အနာဂတ်အသိုးများ

    မရေရာသော အနာဂတ်အသိုးများ

    -

    မောင်နောင်မွန်

    မျက်စိနှစ်လုံးဖွင့်ဖွင့်ချင်း လင်းအာရုဏ်ဦးသည်နှင့် ဘာလုပ်ရမှန်းမသိ။ ဘာကိုင်ရမှန်းမသိ။ မြူမှုန်တွေဆိုင်းနေသလို အာရုံထဲတွင် ဝေဝေဝါးဝါး။ အလင်းရောင်က ပြတင်းပေါက်ဆီမှတဆင့် ထိုးကျလာခဲ့တယ်။ စာကလေးတွေ ကူးလူးပျံသန်းနေတာကို ငေးကြည့်နေရင်းက မရေရာတဲ့နေ့ရက်တွေရဲ့ အသက်ရှင်နေထိုင်ရေးအတွက် စိတ်မောလူမော နံနက်ခင်းတွေကို တွေးနေမိတယ်။ နိစ္စဓူဝ နေ့စဉ်ဘဝသည်ပင် မသေချာမရေရာသောအဖြစ်မျိုး ဖြစ်နေတော့တယ်။

    မိုးလင်းတာနဲ့ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝဟာ မရေမရာမှုတွေနဲ့ပဲ နိုးထလာခဲ့ရတယ်။ အဝေးကတိုက်လာတဲ့ လေပြေအေးအေးကို ခံစားကြည့်ဖို့ အချိန်မရှိ။ ကျေးငှက်တေးသံကို ခံစားနေဖို့အချိန်မရှိ။ မရေမရာသော အခိုက်အတံ့တွေအတွက် ဘာလုပ်ရမှန်းမသိသော အကြံဉာဏ်တွေကို စဉ်းစားဖို့အချိန်မရှိ။ ဘာမှလုပ်ဖို့အချိန်မရှိသလို ဘာလုပ်မယ်ဆိုတဲ့ အလုပ်တွေလဲမရှိချေ။ မြှားတွေလို အထက်အောက်၊ ဘယ်ညာ ထိုးထားသော လမ်းညွှန်ဆိုင်းဘုတ်တစ်ခုလိုပဲ။ ထွက်ခွါရာပြ ဝိဘတ်တွေကို လှိုင်လှိုင်သုံးထားတဲ့ စိတ်ဓာတ်အားတက်စရာ ဆောင်ပုဒ်တွေအတွက် ကျွန်တော်တို့တတွေက စိတ်ပျက်နေရတဲ့ မရေမရာ ရေစက်မှုန်တွေ။ ကွယ်ပျောက်လုနိုးနိုး စိတ်ကူးစိတ်သန်းတွေ၊ ဘယ်အချိန်မှာရေခိုးရေငွေ့အဖြစ် ပျောက်ကွယ်ရတော့မလဲ အဖြစ်တွေကို တွေးကြောက်နေရပုံက အော့စ်ဝှစ်အကျဉ်းထောင်ထဲက ဂျူးတွေလို ရေချိုးခန်းဆီ အလုအယက်ပြေးဝင်ဖို့ တန်းစီနေသော မျှော်လင့်ချက်မဲ့ မျက်တွင်းတွေနဲ့ ဖမ်းဆုပ်နေတဲ့ စိတ်ကူးအဆောက်အဦးတချို့တလေ ပုံစံမျိုးဖြစ်နေဆဲပဲ။

    လမ်းဘေးက အခိုးအငွေ့တချို့တလေဟာ နှာသီးဝထဲဝင်လာချိန်မှာ ကတ္တရားညှော်နံ့နဲ့ ဆီညှော်နံ့ကရောပြွန်းနေတယ်။ အိမ်ရှေ့လမ်းကို အသစ်ပြန်ပြင်နေကြပုံရတယ်။ လမ်းသစ်ဖြစ်စေ လမ်းဟောင်းဖြစ်စေ ဘာမှထူးလာတော့မည်မဟုတ်သော ပျံကျရပ်ကွက်လမ်းလေးတစ်ခုပဲ။ ဒါပေမဲ့ အိပ်ယာထဲလဲနေသော သူတစ်ယောက်အတွက် ညှော်နံ့က တဝဲဝဲလည်နေသော ဝဲကယက်ထဲမှ လှေငယ်လေးလို ချာချာလည်သောခံစားချက်ကို ဖြစ်စေခဲ့တယ်။ တစ်ခါတစ်ခါတော့လည်း ကိုယ်မနေသင့်သောနေရာမှာ ရှိနေခြင်းကိုက ကိုယ်ရဲ့အသုံးမကျမှု၏ ပြယုဂ်တစ်ခု ဖြစ်နေတာပဲလေ။ ကျွန်တော်ကိုယ်တိုင်က ရောဂါဝေဒနာရဲ့ ချုပ်နှောင်မှုကိုခံနေရတဲ့ အဲဒီညှော်နံ့ကိုသာ ရှုရှိုက်နေရတယ်။ ပြောင်းရွှေ့ဖို့အင်အား မရှိတော့ဘူး။ ပြတင်းပေါက်က လှမ်းကြည့်လျှင် မြင်နေရသောမြင်ကွင်းက ရှုပ်ယှက်ခတ်နေတဲ့ လမ်းခင်းသမားတွေနှင့် အငွေ့တလူလူထွက်နေသော ကတ္တရာပုံးတွေ။ နေရောင်က တဖြည်းဖြည်းမြင့်တက်လာချိန်မှာ အပူရှိန်က တရိပ်ရိပ်ထိုးလာခဲ့တယ်။ လမ်းကြိတ်ကား၏ စက်သံကျယ်ကျယ်ကို ကြားနေရတယ်။ စိတ်အာရုံတွေထဲမှာ ပူလောင်ခြင်းနဲ့ ခံရခက်သောဝေဒနာတချို့တစ်ဝက်က တိုးပွားလာခဲ့တော့တယ်။

    ထွက်ပေါက်မရှိတဲ့ အခြေအနေတွင် အရူးတစ်ယောက်လို ထွက်ပြေးဖို့ဆန္ဒသည် လေပေါ်ရေးတဲ့ အရုပ်ကလေးတွေလိုပဲ။ အဖြစ်အပျက်တွေက လူတိုင်းလူတိုင်း ကျပ်တည်းနေချိန်တွင် ကိုယ့်ဒုက္ခကတော့ အများသူငါအတွက်တော့ မြင်နေကျ အကြောင်းအရာတွေသာ ဖြစ်တယ်။ ဒီလိုနဲ့ ဒိုင်ယာရီထဲက စာမျက်နှာတွေထဲ နာကျင်စရာတွေ တဖြည်းဖြည်း တိုးလာတေ့ာတယ်။ ဘာမှမရေမရာသော တီဗွီအစီအစဉ်များကိုကြည့်။ တစ်ဖက်ပိတ်ထားသော နေ့စဉ်ထုတ်သတင်းစာများကိုဖတ်ကာ အနှစ်မရှိတဲ့ အက်ဆေးလေးတွေကို အတွေးတွေထဲ ထိုင်ရေးနေရုံသာ တတ်နိုင်တော့တယ်။ သူချိုး၊ ကိုယ်ချိုးထားသော ကိုယ်ချင်းစိတ် တရားအဖူးအညွှန့်လေးဟာလည်း ပိုးမွေးသလို မွေးနေရတာကိုက အလွန်တရာ ပင်ပန်းလွန်းလှပြီလေ။ လူတိုင်းက မိုးခါးရေတွေကို မြိန်ရှက်စွာသောက်တော့ ကျွန်တော်တို့တစ်တွေက ရေသန့်ဗူးကောင်းကြောင်းပြောဖို့ ဘယ်စူပါစတားကို ငှားရမလဲမသိတော့ဘူး။

    ပုံမှန်လုပ်နေကျ တစ်နေ့တာလုပ်ငန်းတွေကိုသာ လုပ်နေရတော့တယ်။ ဂလိုဘယ်လိုပ်ဇေရှင်းခေတ်တွင် နိုင်ငံတကာက လကမ္ဘာရောက်နေချိန် ကျွန်တော်တို့တတွေ ရွာထိပ်ညောင်ပင်အောက်မှာ ရေချမ်းစင်နဲ့ အမောဖြေ ကောင်းကြတုန်းလေ။ ခပ်နဲ့နဲ့အိမ်အိုလေးပေါ်က လူမမာတစ်ယောက်၏ ရောက်တတ်ရာရာ အတွေးတွေလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။ တစ်လောကဆုံးသွားတဲ့ သူငယ်ချင်းကိုတောင် တစ်ခါတစ်ခါ မနာလိုဖြစ်သေးတယ်။ သေဆုံးသွားတော့ ဒီဘဝအတွက် တစ်ခုချုပ်ငြိမ်းသွားတယ် မဟုတ်လား။ သောက်ဖောက်သောက်ဖက်၊ ဆိုးဖော်ဆိုးဖက်တွေထဲ တဖြုတ်ဖြုတ်ကြွေနေကြတာ အသက်ရှင်ကျန်နေသော ဆိုးတူကောင်းဖက်က ကျွန်တော်အပါအဝင် လက်ချိုးရေတာတောင် လက်တစ်ဖက်စာပင် မပြည့်တော့ဘူး။

    မိုင်ပေါင်းများစွာနက်နေသော ဆင်းရဲတွင်းတွေကို ခါးစည်းခံကြတာချင်း တူခဲ့တယ်။ မှောင်ခိုခေတ်ဆိုလဲ မှောင်ခိုလုပ်လိုက်ကြ။ ရေနံဆီတွေ အဝတ်စတွေ ကူးလိုက်ကြ။ မြင်းလှည်းမောင်းလိုက်ကြ။ ဆိုက်ကားနင်းလိုက်ကြသူချင်း လက်မောင်းသွေးဖောက် သစ္စာဆိုထားကြသူချင်းအတူတူ ဦးစွာသွားသူကိုတော့ မနာလိုဖြစ်မိတာ အမှန်ပဲလေ။ သူတို့တစ်တွေ ရုန်းထွက်သွားတဲ့ ဒီအသက်ရှင်မှုတွေအထဲ ကျွန်တော်တို့တတွေက နေရောင်တောင်မြင်ဖို့ မလွယ်တော့တဲ့အခြေအနေ ဆိုက်နေကြပြီမဟုတ်လား။ ဒီညနေအတွက် ညစာစာပြီးလျှင် နောက်နေ့နေထွက်ချိန်တွင် “ဘာစားရမလဲ၊ ဘာလုပ်ရမလဲ” ဘာမှမသေချာခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။ ဘဝတွေက မနက်နေထွက်တာကိုမြင်ဖို့အတွက် အာမခံချက်မရှိသော ဘယ်အချိန်မိုးပြိုမလဲ တွေးနေသော ယုန်သူငယ်လေးလို ဖြစ်နေတော့တယ်။

    အိမ်ရှေ့လမ်းတွင် ကတ္တရာခင်းနေသောသူတွေလည်း ခမောက်တွေဆောင်း အင်္ကျီအထူတွေဝတ်ကာ လုပ်ဆောင်နေကြတော့တယ်။ အော်ဟယ်ဟစ်ရယ်နဲ့ သူတို့တွေရဲ့မျက်နှာပေါ်မှာ ခံစားချက်ကင်းမဲ့နေပုံက သံပတ်ပေးထားတဲ့စက်ရုပ်တွေလိုပဲ။ မီးတောက်တွေကြားက ဝါးဆစ်ပိတ်တွေလို တဖြောက်ဖြောက် အော်မြည်သံတွေ ကြားနေရတယ်။ သူတို့တတွေလည်း နေထွက်လာတာနဲ့ ချွေးတွေ တဒီးဒီး ကျလာကြမှာပေါ့။ ကျွန်တော်တို့တတွေ ဒီလိုပဲ ရုန်းနေခဲ့ကြရတာဘဲလေ။ ဝမ်းရေးက တဖြည်းဖြည်း ခက်လာခဲ့တယ်မဟုတ်ပါလား။ အချိန်တွေနဲ့ အတူတူကြီးပြင်းလာတဲ့ ဒုက္ခတွေကို ခါးစည်းခံခဲ့ကြရင်း လက်ထဲကို အသပြာ တစ်စနှစ်စရဖို့ တစ်ခါတစ်ခါ ကိုယ်ကျင့်တရားကို ရောင်းစားခဲ့ရတာဘဲ။

    ဒီနေ့ လက်ထဲမှာရှိတဲ့ ငွေတစ်ရာရဲ့တန်ဖိုးဟာ မနက်ဖြန် လုံးဝကိုသုညတန်ဖိုးဖြစ်သွားနိုင်တဲ့ ခြောက်ကပ်ကပ်အိပ်မက်တွေကို ရင်ထဲပိုက် ရသမျှကို အကုန်သုံးခဲ့ကြရတာဘဲ။ လက်ထဲမှာရှိတဲ့ငွေစက္ကူဟာ ဗလာစာရွက်လိုဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ အဖိုးအဖွားတွေ ဂျပန်ခေတ်ကကြားခဲ့ဖူးပြီလေ။ ကိုယ့်ချွေးနဲစာဟာ ကိုယ်အတွက် အဆိပ်တွေဖြစ်တဲ့အထိ ကျွန်တော်တို့တတွေ မော့သောက်ပစ်ခဲ့ကြ။ အနာဂတ်ဟာ ဘယ်အချိန် ကိုယ့်ခေါင်းပေါ်ဘာကျလာမလဲ မသိတဲ့မျှော်လင့်ချက်အသိုးတွေကို ဆုပ်ကိုင်ရင်း ကျွန်တော်တို့တတွေ မရေရာသောအိပ်စက်ခြင်းနဲ့ ညတွေကို ဖြတ်သန်းနေခဲ့ရတာဘဲလေ။

    အိမ်ရှေ့လမ်းမဘေးက ပိတောက်ပင်ကြီးဆီ အရွက်ဝါလေးတွေ ကြွေနေတာမြင်နေရပြီ။ နွေဦးကိုရောက်တော့မယ်လေ။ နွေဦးက အမြဲတမ်းပွင့်လင်းတဲ့ အဖြစ်အပျက်တွေကို ယူဆောင်ခဲ့တာဘဲလေ။ အလင်းအရောင်နဲ့အတူ အပြောင်းအလဲတစ်ခုခုကို မြင်တွေ့ရမလား တွေးနေရင်း ငေးမိတယ်။.နွေဦးရဲ့တော်လှန်ရေးက ရော်ရွက်ဝါတွေကိုချွေချပြီး ရွက်နုအသစ်တွေနဲ့ အစပြုနေပြီလေ။ အိမ်နားကခွေးလေးတွေ အစာတောင်းသံ ကြားနေရပြီ။ ဒီခွေးတွေလည်း တဖြည်းဖြည်း ပိန်လာပြီလေ။ သခင်ဖြစ်တဲ့လူတွေတောင် နပ်မှန်အောင် မနည်းရုန်းကန်နေရတာ ဒီကောင်လေးတွေအတွက်တော့ ဒုတိယဦးစားပေးပေါ့။ “ကိုယ့်ကံကြမ္မာ၊ ကိုယ်ဖန်တီးကြစို့” ဆိုတဲ့ နန်းရင်းဝန် “ဝင်စတန်ချာချီ” ရဲ့စကားတစ်ခွန်းကို နားထဲပြန်ကြားမိတယ်။ ကောင်းကင်မှ ထွန်းတောက်နေတဲ့ နေမင်းကြီးကိုတောင် ကျီးလန့်စာစား မော်ကြည့်နေရတဲ့ ဘဝမှာတော့ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးခွင့်ဟာလည်း ဘုရားရဲ့လိုတော်ကျလို မှတ်ထားခဲ့ရမှာဘဲလေ။

    တစ်ခါတစ်ခါတော့လည်း အိပ်ယာထဲလှဲနေရတဲ့ နာတာရှည် ရောဂါသည်တစ်ယောက်ဘဝကို မုန်းမိတယ်။ လောကဓံရဲ့အထုအထောင်းတွေလို့ ကြီးကြီးကျယ်ကျယ် တွေးနေရင်း ကိုယ့်အဖြစ်ကိုယ်တွေးမိတယ်။ ကြုံရာကျပန်းနဲ့ ထမင်းနပ်မှန်အောင်စားရဖို့အရေး ရုန်းကန်နေရသူကိုမှ ကားတစ်စီးက တိုက်ပြီးထွက်ပြေးသွားတယ်။ တစ်ခါတစ်ခါလည်း လောကဓံက ကိုယ်မယုတ်မာလည်း ယုတ်မာတာခံရတယ်။ တစ်လောကလုံးနီးပါးက တရားပျက်နေတော့လည်း တရားမပျက်သော လူနည်းစုက တောမှာထွက်နေတဲ့အဖြစ်တွေ ရှိတာဘဲလေ။ အဘိဓမ္မာစကားနဲ့ပြောရင်တော့ “အကြောင်းရှိလို့၊ အကျိုးဖြစ်တာဘဲ” မဟုတ်လား။ ဒီဘဝကြောင့် မဟုတ်ရင်လည်း အရင်ဘဝအဆက်ဆက်က အကုသိုလ်ကံပေါ့။ အဲတော့ “big bag” ရဲ့ “ဒီနေရာမှာ လူဖြစ်လာတာက ကိုယ်ရဲ့ကံ သည်းခံ သည်းခံ” သီချင်းစာသားကိုပဲ ထပ်ခါထပ်ခါ ဆိုမိနေတော့တယ်။

    သူငယ်ချင်းတွေရှိနေရင် ဘာပြောကြမလဲမသိ၊ တွေးကြည့်နေမိတော့တယ်။ တုံးတိုက်တိုက်ကျားကိုက်ကိုက် စွန့်စားကြဖို့ အကြံပေးကြမယ်။ ဖြစ်ချင်ရာဖြစ် မိုက်ရဲရူးဆန်ကြမယ်။ ကံမကောင်းမှ သေမှာပါဆိုတော့ လူငယ်တစ်ယောက်၏ စွန့်စားလိုစိတ်တွေ ပြန်ရမယ်ထင်တယ်။ ကျွန်တော်တို့ လူငယ်ဘဝ၏ အမှောင်ခေတ်များထဲတွင်ပင် မျှော်လင့်ချက်သေးသေးလေးတစ်ခု ရှိခဲ့တာပဲ။ အမှောင်တွေကိုတွန်းတိုက်ရင် ရောင်နီဦးဆီကို ရွှက်လွှင့်ခဲ့ကြတာပါပဲ။ ထိုစိတ်ဓာတ်တွေနဲ့ပဲ ညလုံးပေါက်ဖွင့်သော အလင်းဆိုင်တွေထဲက ခုံပုပုလေးတွင်ထိုင်ကာ “ထူးအိမ်သင်” ရဲ့ “မြို့ပြညများ” သီချင်းကိုအော်ဆိုချင်ဆိုနေမယ်။

    ထိုမျှော်လင့်ချက်သေးသေးလေးနဲ့ပဲ ကျွန်တော်တို့မျိုးဆက်တစ်ခုလုံး အသက်ရှင်ဖို့ တွန်းအားဖြစ်စေခဲ့တယ်။ သို့သော် ကျွန်တော်တို့အဖြစ်တွေက လက်တစ်ကမ်းရောက်လုဖြစ်သော အလင်းရောင်တွေအောက် မျှော်လင့်ချက်သည် အငွေ့ပျံပျောက်ကွယ်သွားသောအဖြစ်မျိုးက အတော်ခံရခက်စေတယ်။ နေရောင်လာမှ သေချာကြည့်မယ် အားခဲထားတဲ့ နှင်းမှုန်တွေလို အရည်ပျော်သွားကြသောအခါမျိုး အဖျားရှူးမှုတွေကသာ များနေတော့တယ်။ မရေမရာမှုတွေတပုံတပင်နဲ့ အသက်တစ်ချောင်းအတွက်တောင် အာမခံကင်းမဲ့နေတဲ့အဖြစ်မှာ နားဝင်ချိုအောင် ဆူညံပေါက်ကွဲလာသော တေးသံတွေက သကာရည်လောင်းသော လူရွှင်တော်စကားတွေလို ဖြစ်နေတော့တယ်။

    သကာရည်ချိုချိုလေးတွေတောင် မတွေ့ဖူး မမြင်ဖူးတာကြာပြီ။ တရိပ်ရိပ်တက်လာတဲ့ ကုန်ကျစရိတ်များတွင် အရသာစုံဖို့ထက် ဗိုက်ပြည့်ရေးကိုသာ အလေးထားနေခဲ့ရတယ်။ အသားဟင်းတွေ တဖြည်းဖြည်း ထမင်းစားဝိုင်းတွေဆီက ဆုတ်ခွာသွားတယ်။ ဆီပြန်ဟင်းတွေ တဖြည်းဖြည်း ပျောက်ကွယ်လာတယ်။ နာတာရှည်စွဲကပ်နေသော ရောဂါတွေက အာဟာရချို့တဲ့မှုကြောင့် အောင်ပွဲတွေ တဖြည်းဖြည်းရလာကြတယ်။ ဒီလိုနဲ့ နာကျင်စရာတွေနဲ့ ဆာလောင်မှုတွေ အဖော်အပေါင်းတွေဖြစ်ကာ ထပ်မံနှိပ်စက်နေတော့တယ်။

    အိပ်ရာထက်လဲနေတာကတစ်ခုပိုကောင်းတယ်။ ပူစွတ်စွတ် ညတချို့တလေကလွဲရင် ကိုယ့်အိပ်ရာမှာကိုယ် အေးဆေးအိပ်ရသေးတာပဲလေ။ အိပ်ရေးဝဝ အိပ်တာကလည်း အားရှိတာဘဲမဟုတ်လား။ ဘယ်အချိန်ကိုယ့်ခေါင်းပေါ်ဘာကျလာမယ်မှန်းမသိသော မရေရာသောအနာဂတ်အသိုးတွေထဲတွင် အိပ်ယာပေါ် အိပ်ယာနာတွေ ပေါက်လောက်တဲ့ထိ အိပ်နေတာကလည်း တမျိုးတော့ စိတ်အေးချမ်းရတာပဲလေ။ အီလျာအာရင်ဘတ်ရဲ့စာသားတွေလိုပေါ့။ “တချို့အဖြစ်အပျက်တွေက ကိုယ်တွေနဲ့ဝေးနေတယ်။ ဘာမဆိုင်ဘူးထင်နေရတယ်။ တကယ်တော့အားလုံးဟာ လက်တစ်ကမ်းအကွာမှာဖြစ်ပျက်နေတာလေ။”ဆိုတဲ့အဖြစ်တွေက တဖြည်းဖြည်းများလာတယ်။

    နေ့တစ်နေ့ကုန်ဆုံးလျှင် နောက်နေ့အတွက် မျှော်လင့်ချက်တွေထားရပြန်တာပေါ့။ ဒီနေ့အတွက် အသက်ရှင်ခွင့်တွေက မနက်ဖြန်အတွက် မသေချာသောအခြေအနေတွင် ရှိနေတယ်။ ကလေးရောစောင်ပါဖျားနာနေတဲ့ မိမွေးဖမွေးအတိုင်း ပြန်လာပါစေ ဆုတောင်းနေတဲ့ သားသည်တစ်ယောက်ရဲ့ ခင်ပွန်းအပေါ်မျှော်နေတဲ့ညနေခင်းတွေလို “ဆရာမောင်ချောနွယ်” ရေးခဲ့တဲ့ “မျှော်လင့်ချက်ထမင်းသိုး” ကဗျာလိုပေါ့။ မျှော်လင့်ချက်တွေက တဖြည်းဖြည်း တိုးလာတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း သိုးပုပ်လာသည်။ အသက်ရှင်မှုတွေက အာမခံချက်မဲ့လာတယ်။ ကိုယ်ချင်းစာတရားကိုလည်း တောကြီးဥပဒေတစ်ခုလို ကြီးနိုင်ငယ်ညှင်းတွေနဲ့ နေ့ရက်တွေဟာ ပုပ်စော်နံလာတော့တယ်။ နေဝင်ရင်တော့လတော့ထွက်လာမှာပေါ့။ မသေချာတဲ့ အနာဂတ်တချို့နဲ့ အိပ်မက်တွေဆက်တိုက်မက်နေတာပဲ ကောင်းတယ်။ အိမ်ရှေ့က လမ်းလုပ်သမားတွေလည်း နားချိန်ရောက်ပြီထင်တယ်။ အသံတွေတိတ်ဆိတ်လို့။ ကျွန်တော်မှာတော့ မသိုးသေးတဲ့ထမင်းကြမ်းခဲနဲ့ မရေရာသော မနက်ဖြန်တွေကို စောင့်မျှော်နေဆဲ။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    25,300SubscribersSubscribe
    spot_img

    Latest posts