Wednesday, May 6, 2026
More
    spot_img
    Homeသတင်းမြေလွတ်မြေရိုင်းများလျှောက်ထားရမည့်ကြေငြာချက်သည် တိုင်းရင်းသားများအတွက် ခြိမ်းခြောက်မှုဖြစ်စေဟုဆို

    မြေလွတ်မြေရိုင်းများလျှောက်ထားရမည့်ကြေငြာချက်သည် တိုင်းရင်းသားများအတွက် ခြိမ်းခြောက်မှုဖြစ်စေဟုဆို

    -

    မွန်သတင်းအေဂျင်စီ(နိုဝင်ဘာ ၁၁)။ ။ တစ်နိုင်ငံလုံးရှိ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် လုပ်ကိုင်အသုံးပြုနေသည့် မြေများအားလုံးသည် မြေလွတ် ၊ မြေလပ်နှင့်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေအရ အသုံးပြုခွင့်လျှောက်ထားရမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် အောက်တို ဘာလ ၃၀ ရက်နေ့ထုတ်ပြန်ချက်အတိုင်း အစိုးရ အကောင်အထည်ဖော်ပါက မိရိုးဖလာအရ မြေယာအသုံးပြုမှုကို ကျင့်သုံးနေသည့် ဒေသခံတိုင်းရင်းသားပြည်သူတွေအတွက် ခြိမ်းခြောက်မှုဖြစ်စေကြောင်း မွန်ဒေသ မိရိုးဖလာမြေယာအသုံးပြုမှု လေ့လာဖော်ထုတ်ရေးကော်မတီဝင် နိုင်စဝေါမွန်က ပြောသည်။

    အဆိုပါ ဥပဒေအရ (၆) လအတွင်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုနှင့် ပြည်နယ်/ တိုင်းကော်မတီများထံ လျှောက်ထားရမည်ဖြစ်ပြီး အကယ်၍ လျှောက်ထားခြင်းမရှိဘဲ ဆက်လက်အသုံးပြုပါက အဆိုပါ မြေများကို သိမ်းယူမည့်အပြင် အသုံးပြုသူကိုလည်း ထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်မည်ဖြစ်ကြောင်း အစိုးရကြေငြာချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

    နိုင်စဝေါမွန်က “ကျနော်တို့ရေးမြို့နယ်က ကျေးရွာပေါင်း ၁၇ ရွာမှာ စစ်တမ်းလုပ်ဖူးတယ်။ မြေလုပ်ကိုင်နေသူ မိသားစုပေါင်း ၅၁၈ ဦးကို မေးကြည့်တော့ ၅၃ ရာခိုင်နှုန်းကပဲ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ရထားတယ်။ ဒေသခံထက်ဝက်လောက်က ပုံစံ (၇) မရသေးပါ။ ဒီလိုမျိုးတစ်နိုင်ငံလုံးက မြေယာကို လုပ်ကိုင်နေလျက်နဲ့ ပုံစံ (၇) မရထားတဲ့လူတွေအတွက် စိုးရိမ်စရာကောင်းပါတယ်။ လုပ်ကွက်ငယ်တောင်သူတွေရဲ့ မြေယာပိုင်ဆိုင်ခွင့် အခွင့်အရေးကို လေးစားဖို့လိုပါတယ်။ ဥပဒေတိုင်းက တရားမျှတမှုရှိတယ်လို့ ဆိုလို့မရဘူး” ဟု ပြောသည်။


    မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လျှောက်ထားရမည့်ကြေညာချက်(Copy)

    ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော မွန်ဒေသဓလေ့ထုံးတမ်းမြေယာလေ့လာမှုစစ်တမ်းအရ တိုင်းရင်းသားဒေသများ၌ မြေလွတ် မြေရိုင်းများမရှိသည့်အပြင် ရိုးရာဓလေ့အရ လုပ်ကိုင်နေသည့်မြေနှင့် နောက်လာနောက်သားများအတွက် ချန်ထားပေးသည့် မြေကြမ်းအဖြစ်သာရှိကြောင်း ၎င်းက ဆက်ပြောသည်။

    ထို့အပြင် တစ်နိုင်ငံလုံးရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားရန် ယင်းကဲ့သို့ အစိုးရ ကြေငြာလာခြင်းသည် လက်ရှိမြေယာပြဿနာများကို ပိုမိုရှုပ်ထွေးဆိုးဝါးစေနိုင်သည့်အပြင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် လူမှုရေးပြဿနာများစွာကို ဖန်တီးရာရောက်ကြောင်း ဒို့မြေကွန်ရက်မှ တွဲဖက်အတွင်းရေးမှူး မိခမွန်းက ပြောသည်။

    မိခမွန်းက “ဒါက တိုင်းရင်းသားဒေသက မြေယာတွေကို ဥပဒေဘောင်အတွင်းက လုယူနေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့လုပ်ထားခဲ့တဲ့ သုတေသနစစ်တမ်းတွေ အရဆို တိုင်းရင်းသားဒေသတွေမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုတာမရှိဘူး။ အစိုးရကကြေငြာထားတဲ့အတိုင်း လုပ်မယ်ဆို မြေသိမ်းမှုတွေ များလာမယ်။ ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အရေးပိုရလာမယ်။ လုပ်ကွက်ငယ်တောင်သူတွေအတွက် အကာအကွယ်မရှိဘူး။ သူတို့တွေ မြေမဲ့ယာမဲ့ဖြစ်နိုင်ခြေရှိလာမယ်” ဟု ပြောသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် အသုံးပြုခွင့် မချမှတ်သေးသော မြေယာဧက ၄၅ သန်း၏ ၈၂ ရာခိုင်နှုန်းခန့်သည် တိုင်းရင်းသားဒေသများတွင် ရှိနေကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေကို ၂၀၁၂ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် NLD အစိုးရ လက်ထက်၌ ဆက်လက်ပြင်ဆင်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks