ရာမညမင်းငြိမ်းချမ်း
လူတိုင်း မိမိနေ့စဉ် သက်ဝင်လှုပ်ရှားလျက်ရှိသော အခြေတကျရှိပြီးသား ပတ်ဝန်းကျင်၌ အေးချမ်းစွာ ရှင်သန်လိုကြသည်။ အလျော်အစားကြီးသော ပွတ်တိုက်မှုပဋိပက္ခများ မည်သူတစ်ဦးတစ်ယောက်မှ ကြုံချင်မည်မဟုတ်။ လိုတရ ပြီးပြည့်စုံသော ဘဝကိုသာ မက်မောတွယ်တာကြသည်။ လူများပြောစမှတ်တွင်အောင် အောင်မြင်ကျော်ကြားလိုကြသည်။ ရပ်ရွာထဲ `လူရိုသေ၊ ရှင်ရိုသေ´ တန်းတစ်ခုကို လိုချင်ကြသည်။ အကောင်းကြိုက်ကြသည်။ အသစ်အဆန်းကို စူးစမ်းလေ့လာတတ်သည်။ ခံစားချက်ကိုရှေ့တန်းတင်ကြသည်။ ကွာဟချက်ကြီးမားသော အသက်ရှူသံကြား ကမ်းနားသစ်ပင်များအကြောင်း ကျနော် သက်ဝင်ခံစား ဆက်လက် အတွေးပွားနေမိတော့သည်။
ကျနော် နေ့စဉ်မြင်နေ၊ ကြားနေရသည်မှာ မွန်းကျပ်မှုမှအန်ထွက်လာသော မမျှတသည့် ခေတ်၏အော်သံများဖြစ်သည်။ ကိုယ့်ကံကြမ္မာဖန်တီးခွင့်နှင့် ကိုယ့်တရား ကိုယ်စီရင်ခွင့်ရှိသူများ။ မွန်းကျပ်မှုကြား တဝဲဝဲလည် အိပ်မက်အသေပေါ် ကျောခင်းအိပ်စက်နေရသူများ။ ကြိုးတန်းပေါ် လမ်းလျှောက်နေသူ၏ အစာအိမ်အော်သံများ။ ကွာဟချက်ကြီးမားလွန်းသည့် ကာရန်မညီသော တေးသွားတစ်ပုဒ်လို မှောက်သွန်ပစ်ခံလိုက်ရသည့် မြစ်တစ်စင်း၏ ဒိုင်ယာရီများသာဖြစ်သည်။ ကြံ့ကြံ့ခံရသော လောကဓံ´ဟုသာ ကျနော် အကောင်းမြင်ဝါဒဖြင့် ဖြည့်တွေးပေးမိသည်။
ဝဋ်´ဆိုသည် လည်ပတ်သောသဘောရှိသည်။ ပြီးပြည့်စုံသည့်ဘဝမှ ပဋိပက္ခများ ထင်မှတ်မထားသောထောင့်မှ ပွတ်တိုက်သွားတတ်သည်။ ထိုအခြေအနေမျိုးကြောင့် နလန်မထူနိုင်အောင် မိသားစုအသိုက်အမြုံ ပျက်စီးသွားသူများလည်း အများအပြား ကျနော်တွေ့ခဲ့သည်။
အကျဉ်းထောင်တစ်ခု(Internet)
သူတို့ဘဝသည် နေ့နေ့ညည ကြိုးတန်းပေါ် လမ်းလျှောက်နေရသလိုပင်။ သူတို့အတွက် `သတိ´ဟူသည် ပိုသည်မရှိ။ ပွတ်တိုက်မှုကြား အချိန်မရွေး ထိုးကျွေးခံသွားရလိမ့်မည်။ ဆုပ်ခေတ်သဘောအရ သူတို့သည် ဆေးခါးကြီး တိုက်ကျွေးခြင်းခံနေရသူများလား။ ကိုယ့်တရား ကိုယ်စီရင်ခွင့် ရနေသူများလား။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် လက်ဝယ်ဆုပ်ကိုင်ခွင့် ရှိသူများလား။ တစ်ခုမှမဟုတ်ပါ။ သူတို့သည် နိုင်ငံတော်ဝန်ဆောင်မှုအတွက် အများနည်းတူ ပေးဆပ်နေရသော ကမ်းနားသစ်ပင်များသာ ကျနော် မြင်မိသည်။ တနည်းအားဖြင့် ကြိုးတန်းပေါ် လမ်းလျှောက်နေသူများသာ။ သက်ပြင်းများကို တိတ်တဆိတ် မြိုချနေရသော ရေနစ်နေသောကိုယ်ထည်များပင်ဖြစ်သည်။
သံသရာပြေးလမ်း ချွတ်ချော်မှုကြောင့် မမြင်နိုင်သော ကံကြမ္မာဆိုးများ သူတို့ကိုယ်ထည်အား ပွတ်တိုက်သွားသည်။ လွန်ဆွဲမှုကြား သူတို့မြေစာအဖြစ် အသုံးတော်ခံခဲ့ရသည်။ ဓားခုတ်ရာတွင် လက်ဝင်လျိုမိခြင်းနှင့် ဆင်တူသည်။ ကျားနာတစ်ကောင်လို စိတ်ခံစားချက် ရှေ့တန်းတင်ခွင့်မရှိ။ ပေးအပ်သောတာဝန်ကို ငြင်းဆန်ခွင့်မရှိ။ သီအိုရီကျကွဲခဲ့ရသော မနက်ဖြန်ပေါင်းများစွာ။ ရေသေရပ်ဝန်းတွင် ရပ်တန့်နေသော ရေများပင်မဟုတ်ပါလား။ အခြေအနေအမျိုးမျိုးကြား မီးစာကုန်ခမ်းမသွားအောင် ကျားကန်အသက်ဆက်ခဲ့ရသည်။ ဤသို့နှင့် အမှောင်နံရံပေါ် ကိုယ့်တရားကိုယ်စီရင်ဖို့ရန် အကြောင်းဖန်လာပါတော့သည်။
ဤနေရာတွင် တချို့စောင်းနင်းသည့် ထင်မြင်ယူဆဖြင့် မျက်လုံးထောင့်ထောက်အပြစ်ရှာ ထိုးနှက်ဖို့ စောင့်ကြည့်နေသူများလည်း ရှိသည်။ “နိုင်ငံတော်လစာစားနေတာ။ ရိက္ခာအပြည့်အစုံထောက်ပံ့ထားတာပဲ။ ကိုယ့်တာဝန်တော့ကျေပြွန်အောင် ထမ်းဆောင်ရမှာပဲလေ။ မလုပ်နိုင်ရင်ထွက်ပေါ့။ ဒီအလုပ် မလုပ်ချင်ရင် အစကတည်းကမဝင်နဲ့ပေါ့။ ဒီလိုပဲမအားလပ်ဖြစ်နေမှာပဲ။” စီရင်ခွင့်ရှိသူအချို့၏ ကိုယ်ချင်းစာတရား ခေါင်းပါးမှုများ။ ရေနစ်သူဝါးကူထိုနေသလိုပင်။ “သူတို့ဘဝလေးတွေ အဆင်ပြေသွားအောင် ငါကူညီပေးလိုက်ရင် သူတို့အသက်ရှူချောင်သွားမည်” ဆိုသည့် ပရဟိတစိတ်ဓါတ်လေး အနည်းငယ်မျှ စီရင်ပိုင်ခွင့်ရှိသူများတွင် မရှိပါ။ ကိုယ်ချင်းစာတရား အနည်းငယ်ထည့်ပြီး စေတနာထားပေးမည်ဆို အနိဌာရုံများမြင်ရမည်မဟုတ်။ ဆေးခါးကြီးလည်း တိုက်စရာမလို။ သူတို့ဘဝလည်း ကံကြမ္မာဆိုးများ ဆိုက်ကပ်လာမည်မဟုတ်။ မဝရေစာများကြား ဟောင်းလောင်းပေါက်ဖြစ်နေသော ဘဝများအတွက် သိက္ခာကိုရိက္ခာနှင့် အလဲအထပ်ပြုရင်း ကိုယ့်တရားကိုယ်တိုင်စီရင်ဖို့ ဖန်လာပါတော့သည်။ ကောင်းသောစီရင်ချက်တော့မဟုတ်။ မိသားစုဘဝ ယိမ်းယိုင်ပျက်စီးတော့မည့် အဆိုးသံသရာများဖြစ်သည်။
အဆင်မပြေသော လူတန်းစေ့ဘဝအတွက် ကိုယ့်အိုးနှင့်ဆန် တန်အောင်မခပ်နိုင်၍ မတော်လောဘတက် ဖြတ်လမ်းနည်းဖြင့် လွဲမှားသောအသိဖြင့် သူတို့၏ကြိုးစားမှုများ။ တစ်ပဲခြောက်ပြားနှင့် သူတို့ကိုယ့်ကျင့်တရား ရောင်းစားခဲ့ကြသည်။ အစာအိမ်အော်သံနှင့် တစ်ကိုယ်စာအတ္တအတွက် ဖောက်ပြန်သွားသည့် စိတ်ရိုင်းများ။ ပြောင်းလဲခြင်းမျိုးဆက် တစ်ခုနှင့်တစ်ခုကြား လိုက်လျောညီထွေအောင် အရောင်ပြောင်းခဲ့ကြသည်။ သို့သော် အသားမာတက်ပြီးသား ပခုံးသားများကြောင့် ပြောင်းလဲနိုင်ခြင်းမရှိ။ အသားသေနေသော ဂုဏ်ပုဒ်များကြောင့် လက်တစ်လုံးခြား မျက်လှည့်ပြနေဆဲ။ ငါတကောကောလျက် ဝက်အူရစ်ပမာ တရစ်ရစ်လှိုက်စားနေသော မာန်မာနများ။ ရှောင်ကြဉ်မှုပြုရင်း ပွတ်တိုက်မှုကြား စတေးခံရတော့မည့် မီးစာကုန်ခါနီး နွမ်းလျနေသော အသက်ရှူသံများ။
လုပ်သက်အများအပြား ရင်းနှီးပေးဆပ်ခဲ့ပြီးမှ “ထုတ်ပယ်လိုက်ပါသည်” ဆိုသည့် မိသားစုထမင်းအိုး ကျကွဲခဲ့ရသော အဖြစ်အပျက်များ။ စီရင်ခွင့်ရှိသူများအတွက် မသိသာသော်လည်း အောက်ခြေဘဝများအတွက် ရင်ဝကန်ဆောင့်ခံရသလိုပင်။ အုပ်ချုပ်သူဘဝမှ အုပ်ချုပ်ခံသူအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသောအခါ ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်တော့ပါ။ အလိုမကျမှုများဖြင့် အရိုင်းဆန်လာသည်။ ရာထူးမှထုတ်ပယ်ခံရသူ တစ်ယောက်အဖို့ ပျော်ရွှင်မှုများ ဆိတ်သုဉ်းလာသည့်မှာ သဘာဝပင်။ မထင်မှတ်ပဲ ဝင်ရောက်ပွတ်တိုက်လာသည့် တန်ပြန်တရားများ။ နှောင်းနောင်တနှင့်အတူ သံဝေဂယူစရာများ ပြည့်နှက်နေသော ပြန်လှန်ခွင့်မရှိ စာမျက်နှာဟောင်းများ။ အလွယ်နည်းဖြင့် လောဘဇောကပ်၍ လမ်းဆုံးရောက်ခဲ့ရသော ဘဝများ။ ထပ်တူခံစားမှုနှင့်အတူ ဘဝစတေးခံရင်း အကျဉ်းအကျပ်ဘောင်တစ်ခုဆီ သယ်ဆောင်သွားသည့် တစ်ကိုယ်ရည်မွန်းကျပ်မှုများ။
ထောင်ဝါဒါတစ်ယောက် မိမိတစ်သက်လုံး တာဝန်ထမ်းဆောင်ခဲ့သော အကျဉ်းထောင်ထဲသို့ အကျဉ်းသားအဖြစ် ပြစ်ဒဏ်ကျခံရသောအခါ။ ကျန်းမာရေးဝန်ထမ်းတစ်ဦး မိမိနေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆေးရုံပေါ်သို့ အတွင်းလူနာအဖြစ် တက်ရောက်ကုသခံရသောအခါ။ မတူညီသော အလွှာနှစ်ခုကြား တူညီသော စိတ်ခံစားချက်များပင် ဖြစ်သည်။ ထင်မှတ်မထားသည့် တန်ပြန်တရားနှင့် မမြင်နိုင်သော ဝဋ်ဒုက္ခများ။ လွန်ဆွဲပွဲကြား မကြာခဏ ကျိုးဖောက်မိခဲ့သည့် ကိုယ်ကျင့်တရားများ။ တစ်ကိုယ်ရည် အတ္တအတွက် နယ်ကျွံခဲ့သောခြေလှမ်းများ။ နှောင်းနောင်တအတွက် ပြန်လည်ပေးဆပ် စတေးခံရတော့မည့် တန်းပြန်တရားများ။ အဟောင်းသံသရာထဲ အိပ်စက်ရင်း လှုပ်နှိုးရန်ခက်ခဲသော ဟန်ဆောင်မှုများ။ တန်ပြန်လာသည့် နှောင်းနောင်တ သံဝေဂတရားများသည် သံသရာလည်ခြင်းဖြစ်မည်ဟု ကျနော် ကောက်ချက်ချမိသည်။
ဖြဲဟထားသောပါးစပ်ကြီးဖြင့် မတန်မဆ စားသောက်ခဲ့သည့် အပူစာများကြောင့် တုန်လှုပ်ခြောက်ခြား လိပ်ပြာမလုံခြုံတော့။ ထိုအပူစာများကြောင့် မိသားစုဘဝ စတေးခဲ့ရသည်။ ထိုအပူစာများသည် တစ်သက်လုံး ခြောက်လှန့်နေတော့သည်။ အသိတရားကိုဥပေက္ခာပြု တစ်ကိုယ်စာအတ္တအတွက် မျက်လုံးမှိတ်ထားခြင်းသည် ကိုယ့်တရားကိုယ်တိုင်စီရင်မှုပင် ဖြစ်သည်။ ကိုယ်ရှူးကိုယ်ပတ်မည့် ရာဇဝတ်မှုတောင် အကြောက်တရား ကင်းမဲ့နေကြသည်။ ပိုဆိုးသည်မှာ မျက်နှာပြောင်တိုက် အရှက်တရား ကင်းမဲ့ခြင်းပင် ဖြစ်သည်။ မဟုတ်တာလုပ်ဖို့ရန်ဝန်မလေးတော့ပါ။ အရှက်တရားသည် ကိုယ်ကျင့်တရားပျက်ပြားခြင်းဟု မြင်အောင်မကြည့်နိုင်သရွေ့ လောင်စာအပူမီးကြား ဆက်လက် လောင်ကျွမ်းနေဦးမည် ဖြစ်သည်။
အလွယ်နည်းဖြင့်ဖြေရှင်းရင်း ပျက်စီးသွားသည့် ကိုယ်ကျင့်တရားနှင့်အတူ ပတ်ဝန်းကျင်ကို ရင်မဆိုင်ရဲတော့ပါ။ လူ့ပတ်ဝန်းကျင်နှင့်သွေဖယ်စပြုလာသည်။ မှန်ကန်ခြင်းမရှိသူတစ်ယောက်အဖို့ ရဲရင့်ခြင်းများ ပျောက်ဆုံးသွားသည်။ တဖြည်းဖြည်း အထီးကျန်ဆန်လာမည်။ မိမိအား ထမင်းကျွေးသောအလုပ်အပေါ် သစ္စာဖောက်မှုကြောင့် သစ္စာစူးခြင်းလား။ နေ့စဉ်ရွတ်ဆိုနေသော သစ္စာအဓိဌာန်ကြောင့် သစ္စာစူးခြင်းလား ကျနော် သေချာမသိ။ သို့ပေမယ့် မိမိကအလုပ်ကိုတန်ဖိုးထားပါမှ အလုပ်ကလည်း မိမိအားအကျိုးပေးမည်ဟု ကျနော် ယုံကြည်နေမိသည်။ “ကံ ကံ၏အကျိုး”ဟုသာ ကျနော်နှလုံးသွင်းမိသည်။ ပစ္စုပ္ပန်ကာလ “အကောင်း၊ အဆိုး” နှစ်ခုအား တိကျမှန်ကန်အောင် ရှူမြင်ဝေခွဲတတ်ဖို့ရန်သာ အရေးကြီးသည်ဟု ကျနော်ထင်သည်။
တစ်ခါတစ်ရံ သူတို့နှင့်အတူ လိုက်လံစီးမျော တစ်သားတည်းဖြစ်အောင် ကျနော် ဖြည့်ဆည်းနေခဲ့ဖူးသည်။ ကျနော်နှင့်သက်ဆိုင်မှုမရှိသော်လည်း တတ်နိုင်သည့်ဘက်မှ အသားကျအောင် နေထိုင်ခဲ့ဖူးသည်။ အမြင်၊ အယူအဆ မတူညီသော်လည်း ကျနော်တို့သည် ဘဝတူ ကမ်းနားသစ်ပင်များပင် မဟုတ်ပါလား။ မကောင်းမှုပြုသူသည် သူ့နှင့်ထိုက်တန်သည့် တူညီသောသက်ရောက်မှု ခံရမည်ပင်။ အပူစာများကိုကျနော်ရှောင်ကျဉ်သည်။ “စားထိုက်သည့်အစာလား၊ မစားသင့်မစားထိုက်သောအစာလား” ကျနော် သတိကပ်၍ အမြဲတမ်းအသိတရား ထည့်ထားမိသည်။ မည်သို့ပင်ဖြစ်စေ အချိန်အတိုင်းအတာတစ်ခုထိ ကျနော်လည်း သူတို့နှင့်အတူ ဖြတ်သန်းနေရဦးမည်။
ထောင်ဝါဒါတစ်ယောက် မိမိတစ်သက်လုံး တာဝန်ထမ်းဆောင်ခဲ့သော အကျဉ်းထောင်ထဲသို့ ပြန်လည်ပြစ်ဒဏ်ကျခံရသောအခါ။ ကျန်းမာရေးဝန်ထမ်းတစ်ဦး မိမိနေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော ဆေးရုံပေါ်သို့ အတွင်းလူနာအဖြစ် တက်ရောက်ကုသခံရသောအခါ။ မတူညီသောအလွှာနှစ်ခုကြား တူညီသော စိတ်ခံစားချက်များပင် ဖြစ်သည်။