Homeသတင်းသီတင်းကျွတ်လပြည့်နေ့ ပငကျေးရွာဆွမ်းကြီးလောင်းပွဲတော်တွင် မွန်ရဟန်းသာမဏေ ၁၀၀၀ ပါးကျော်ပါဝင်

သီတင်းကျွတ်လပြည့်နေ့ ပငကျေးရွာဆွမ်းကြီးလောင်းပွဲတော်တွင် မွန်ရဟန်းသာမဏေ ၁၀၀၀ ပါးကျော်ပါဝင်

-

မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၂၄)။ ။ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သံဖြူဇရပ်မြို့နယ် ပငကျေးရွာ (၇၁) ကြိမ်မြောက် သီတင်းကျွတ်လပြည့်နေ့ ဆွမ်းကြီးလောင်းပွဲတွင် မွန်ရဟန်းသာမဏေ ၁၁၅၇ ပါးအား ယနေ့နံနက်ပိုင်းက အလှူဒါနပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပငကျေးရွာ မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင် လူငယ်ခေါင်းဆောင် ဗညားမွန်က “အနီးပတ်ဝန်းကျင်ကျေးရွာတွေအပါအဝင် မွန်ဘုန်းတော်ကြီးကျောင်း ၄၄ ကျောင်းကို ပင့်ဖိတ်ခဲ့တယ်၊ ဒီနှစ်ပဒေသာပင်အလှူငွေ စာရင်းအတိအကျဆိုရင် ၆၉၂ သိန်းပေါ့၊ နောက်ပီးတော့ မိမိတို့အစီအစဉ်နဲ့ အလှူဒါနပေး ဆွမ်းကြွေးကြတာလည်း တစ်ရွာလုံးနေရာအနှံ့ပါပဲ၊ အရင်နှစ်တွေလိုပဲ ဒီနှစ်မှာလည်း ရပ်ဝေးရပ်နီးဧည့်သည်တွေနဲ့ သိပ်ကိုစည်ကားပါတယ်” ဟု ဆိုသည်။

Photo- ပငကျေးရွာဆွမ်းကြီးလောင်းပွဲ(MNA)

အဆိုပါ ဆွမ်းကြီးလောင်းလှူရာတွင် ငွေကျပ်ထောင်ဂဏန်းမှ ကျပ်ငွေ ၅ သောင်း၊ တစ်သိန်းမှ ငါးသိန်းအထိ ပဒေသာပင်များကို ရဟန်းသာမဏေတစ်ပါးချင်းစီအလိုက် မဲနှိုက်၍ အလှူဒါနပြုခဲ့သည်ကိုလည်း တွေ့ရသည်။

ပငကျေးရွာ မွန်လူငယ်အဖွဲ့ဝင် မိခမွမ်းထော(ခေါ်) မိခိုင်ရတနာဦးက “ဒီလိုဝါကျွတ်ကာလ သီတင်းကျွတ်လပြည့်နေ့ရောက်လာတိုင်း အဝေးမှာနေထိုင်ကြတဲ့ ပငရွာသားတွေ ဇာတိမြေကိုပြန်လာကြပြီးတော့ မိဘဘိုးဘွားတွေကို ကန်တော့ကြပါတယ်၊ ပငဆွမ်းကြီးလောင်းပွဲဆိုရင် လူသိများပြီးတော့ သိပ်ကိုလည်းစည်ကားပါတယ်၊ မိတ်ဆွေသူငယ်ချင်းဟောင်းတွေလည်း ဒီလိုရက်နေ့တွေမှာ ပြန်ဆုံကြတာ သိပ်ကိုပျော်စရာကောင်းပါတယ်” ဟု ပြောသည်။

သံဖြူဇရပ်မြို့၏တောင်ဘက် ၅ မိုင်ခန့်အကွာတွင်တည်ရှိသည့် ပငကျေးရွာသည် နေလှမ်းဆားလုပ်ငန်းဖြင့် ထင်ရှား၍ ၂၀၁၄ ခုနှစ် လူဦးရေစာရင်းအရ အိမ်ခြေ ၃၁၀၀ ကျော်၊ လူဦးရေ ၁၆၅၀၀ ဦးကျော်ရှိပြီး သံဖြူဇရပ်မြို့နယ်တွင် အကြီးဆုံး ကျေးရွာတစ်ရွာဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts