spot_img
Thursday, July 18, 2024
More
    spot_img
    Homeသတင်းပြည်ထောင်စုအနာကို ဘယ်လိုကုစားကြမလဲ

    ပြည်ထောင်စုအနာကို ဘယ်လိုကုစားကြမလဲ

    -

    (၁) ဘာကြောင့် ပြည်တွင်းစစ်က သက်စိုးရှည်နေခဲ့လဲ
    လူမျိုးပေါင်းစုံက လက်နက်ကိုင်ကြတယ်ဆိုကတည်းက (မြန်မာ)နိုင်ငံမှာ တရားမျှတမှု မရှိဘူးဆိုတာ သက်သေပဲ။ တရားမျှတမှု မရှိတာ ဘာကြောင့်လဲ။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ပြည်နယ်တစ်ခုနဲ့တစ်ခု၊ ပြည်နယ်တွေနဲ့ ပြည်မကြား အင်အားချိန်ခွင်လျှာ မမျှလို့ပဲ။ အင်အားချိန်ခွင်လျှာမျှဖို့နဲ့ ပြည်ထောင်စုအနာကို ကုစားဖို့ Centralized, Decentralized, Unitary, Federal, Confederation, Independent ဆိုတဲ့ နိုင်ငံရေးဝေါဟာရ (၆)လုံးကို သိဖို့လိုတယ်။

    Centralized ဆိုတာ ဗဟိုချုပ်ကိုင်မှု တင်းကြပ်တဲ့ စနစ်၊ Decentralized ဆိုတာ ဗဟိုချုပ်ကိုင်မှု လျှော့လျဲတဲ့စနစ်ပါ။ ဒီနှစ်ခုဟာ Unitary တပြည်ထောင်စနစ်ကို အထောက်အကူပြုတယ်။ ဗဟိုချုပ်ကိုင်မှုတင်းကြပ်လွန်းလို့ အုပ်ချုပ်ရေးက အလုပ်မဖြစ်တဲ့အခါ ဗဟိုချုပ်ကိုင်မှုကို လျှော့ချပေးပြီး အုပ်ချုပ်ရေးကို အသက်ပြန်သွင်းတဲ့ သဘောပါ။ ဒီတော့ Centralized ပဲပြောပြော၊ Decentralized ပဲဆိုဆို ပြည်နယ်အစိုးရတွေ၊ ဒေသန္တရအစိုးရတွေက Central government ဗဟိုအစိုးရကို မှီခိုရတာ ဖြစ်လို့ ဗဟိုအစိုးရ ပျက်ရင် အကုန်ပျက်ရတာပဲ။


    Caption- Modern States

    (မြန်မာ)နိုင်ငံက ၁၉၄၈ ခုနှစ်က စပြီး ဒီကနေ့အထိ Centralized system ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာ ဖြစ်တယ်။ ၁၉၄၉ ခုနှစ်က စပြီး ၁၉၅၈ ခုနှစ်အထိတစ်ခါ၊ ၁၉၆၀ ပြည့်နှစ်က စပြီး ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းတဲ့အထိတစ်ခါ Decentralized unitary ပုံစံ ကို ကျင့်သုံးခဲ့တာ ဖြစ်တယ်။ ဗဟိုချုပ်ကိုင်မှု လျှော့ချပေးတဲ့ တပြည်ထောင်စနစ်ပါ။ ဗဟိုအစိုးရက ပြည်နယ်အစိုးရတွေကို လွှမ်းမိုးပြီး အုပ်ချုပ်နိုင်ဖို့ ပြည်နယ်အုပ်ချုပ်ပုံကို ဗဟိုအစိုးရဖွဲ့စည်းပုံမှာ တစ်ခါထဲ ပြဌာန်းလိုက်တဲ့ စနစ်ပါပဲ။ ၁၉၅၈ ခုနှစ်ကနေ ၁၉၆၀ ပြည့်နှစ်အထိတစ်ခါ၊ ၁၉၆၂ ခုနှစ်က စပြီး ဒီ ၂၀၁၈ ခုနှစ်အထိတစ်ခါ Centralized Unitary system ဗဟိုချုပ်ကိုင်မှုတင်းကြပ်တဲ့ တပြည်ထောင်ပုံစံနဲ့ အုပ်ချုပ်နေတာ ဖြစ်တယ်။ အဓိပ္ပါယ်ကတော့ အများစု ဖြစ်တဲ့ ဗမာလူမျိုးစုတစ်ခုကပဲ ဒီနိုင်ငံကို စိုးမိုးခြယ်လှယ်လာခဲ့တာ ဖြစ်တယ်။

    Centralized unitary system ဗဟိုချုပ်ကိုင်မှုတင်းကြပ်တဲ့ တပြည်ထောင်မူနဲ့ Decentralized unitary system ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ပေးတဲ့ တပြည်ထောင်မူတို့ဟာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရများကြား၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြား အင်အားချိန်ခွင်လျှာမျှအောင် မလုပ်နိုင်ခဲ့လို့ ဒီကနေ့အထိ ပြည်တွင်းစစ်က အားကောင်းနေဆဲ ဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတာနဲ့ ဦးနုဦးစီးတဲ့ ဖဆပလအဖွဲ့ချုပ်ဟာ တိုင်းရင်းသားတွေကို စတင်လိမ်ညာလှည့်ဖြားခဲ့ကြောင်း သက်သေပဲ ဖြစ်တယ်။

    (၂) စနစ်နဲ့မူ မမှန်ရင် အနာဟောင်းက ပြန်ထလာမှာပဲ

    ဗဟိုချုပ်ကိုင်မှုတင်းကြပ်တဲ့ Centralized unitary နဲ့ ဗဟိုချုပ်ကိုင်မှုဖြေလျှော့ပေးတဲ့ Decentralized unitary နှစ်မျိုးဟာ ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်လို့ ပြည်တွင်းစစ်ကို ကုစားဖို့အဖြေ မဖြစ်နိုင်ဘူးဆိုတာ အားလုံးအသိပဲ ဖြစ်တယ်။ ဒါကို ဒေါ်စုအစိုးရလည်း သိသလို လက်ရှိဖွဲ့စည်းပုံအရ ရှိသမျှအာဏာကို ချုပ်ကိုင်ထားဆဲ မြန်မာစစ်တပ်ကလည်းပဲ သိရှိပါတယ်။ ဒါကြောင့် သူတို့က Centralized Federal system နဲ့ အလုပ်ဖြစ်မလား စဉ်းစားကြတာ ဖြစ်တယ်။ အဓိပ္ပါယ်ကတော့ ဗဟိုအစိုးရချုပ်ကိုင်ထားတဲ့ ဖက်ဒရယ်စနစ် ဆိုတာပါပဲ။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံတွေမှာ သဘောတူညီခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ အခြေခံမူ(၁၂)ချက်မှာ မဏ္ဍိုင်ကြီး(၃)ရပ်ကို ဗဟို၊ တိုင်း၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရတိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေကို ခွဲဝေတယ်လို့ ဆိုတဲ့အတွက် ဒါဟာ ၁၉၄၇ ခုနှစ်မှာ ပါတဲ့ Decentralized unitary ဗဟိုအစိုးရဖြေလျှော့ပေးတဲ့ တပြည်ထောင်စုမူအတိုင်း ဖြစ်တယ်။ အမှန်မှာ အချက် (၁၂)ချက်စလုံးဟာ အသစ်အဆန်းတွေ မရှိဘူး။ ဒီတော့ ဗမာစစ်တပ်နဲ့ ဗမာအစိုးရဟာ Centralized Federal system ကို သွားဖို့တောင် ဝန်လေးနေပြီး ခွဲမထွက်ရကိစ္စနဲ့ အခြေအနေကို ရှုပ်ထွေးအောင် လုပ်နေတယ်ဆိုတာ သိသာထင်ရှားစေတယ်။ ဗမာပြည်နယ်ကို ဖွဲ့စည်းဖို့ ငြင်းဆိုနေတာဟာ ဒီအချက်ကြောင့် ဖြစ်တယ်။

    တကယ်လို့ Centralized Federal System နဲ့ သွားမယ်ဆိုခဲ့ရင်တောင် ဗဟိုအစိုးရနဲ့ တိုင်း(၇)တိုင်းကို လူများစုဖြစ်တဲ့ ဗမာလူမျိုးစုက ချုပ်ကိုင်ထားပြီး ပြည်ထောင်စုဆိုင်ရာပေါ်လစီတွေကို ခြယ်လှယ်နေအုံးမှာ ဖြစ်သလို ပြည်နယ်များရဲ့ အကျိုးစီးပွားတွေကိုလည်း လွှမ်းမိုးချုပ်ကိုင်ထားအုံးမှာ ဖြစ်တယ်။ လက်ရှိငြိမ်းချမ်းရေးညီလာခံတွေ၊ လက်ရှိလုပ်နေတဲ့ ၂-ပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေကို မလိမ့်တပတ်လုပ်ချင်လုပ်နိုင်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ပြည်ထောင်စုသဘောတူစာချုပ်ကို ချုပ်ဆိုပြီး အဲ့စာချုပ်အတိုင်း ဖွဲ့စည်းပုံကို ရေးရတဲ့အခါ လူတွေက သတိထားမိလာမှာ ဖြစ်တယ်။ ရရှိလာတဲ့ ဖွဲ့စည်းပုံအတိုင်း မဏ္ဍိုင်ကြီး(၃)ရပ်ကို ကျင့်သုံးရတဲ့အခါ အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ ပြည်ထောင်စုအနာက ထလာအုံးမှာပဲ။

    (၃) ပြည်ထောင်စုအနာကို ဘယ်လိုကုစားကြမလဲ

    ဒီတော့ Centralized ပဲပြောပြော၊ Decentralized ပဲဆိုဆို Unitary system ဆိုရင် အလုပ်မဖြစ်ဘူး။ အဲ့လိုပဲ Centralized Federal System ကို သွားဖို့ အရိပ်အယောင်ပြနေတဲ့ လက်ရှိနိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကလည်းပဲ အဖြေကောင်းထွက်ဖို့ မမြင်ပါ။ နောက်ပြီး အခု FPNCC ချမှတ်ထားတဲ့ နိုင်ငံရေးအခြေခံမူတွေဟာည်းပဲ Confederate ပုံစံဆန်သလိုလို ရှိပေမယ့် တကယ့်အနှစ်သာရမှာ Decentralized unitary system နဲ့ Centralized federal system ကြားမှာ ရှိနေတော့ အားမရတာ အမှန်ပါပဲ။ ဒါဖြင့်ရင် Decentralized federal system နဲ့ Confederate system နှစ်ခုထဲက တစ်ခုခုနဲ့ အဆင်ပြေမလား စဉ်းစားကြည့်ရမှာပဲ။ Confederate system ဆိုတာ ဗဟိုအစိုးရကို တကယ့်ကို အားနည်းစေပါတယ်။ မိမိတို့က ပြည်ထောင်စုဝါဒီဖြစ်လို့ ဗဟိုအစိုးရကိုလည်း အားမနည်းစေချင်ပါ။ ဒီတော့ Decentralized federalism ကို ယူမလားပေါ့။

    ဗဟိုအစိုးရ လျှော့ချပေးတဲ့ Decentralized federal system မှာလည်းပဲ စဉ်းစာစရာတွေ ရှိသေးတာပဲ။ Decentralization လို့ ဆိုတဲ့အတွက် သူ့ကို function လုပ်ပေးရမယ့် Centralization က ရှိနေတယ်ဆိုတဲ့ သဘောပါပဲ။ ဒီတော့ Centralization က ဘယ်က လာမလဲ။ ဗဟိုအစိုးရပဲ ဖြစ်ရပါလိမ့်မယ်။ တိုင်းရင်းသားခေါင်းဆောင်တွေက တကယ်လို့ Centralized federalism ကို လက်မခံခဲ့ရင် ဒီ Decentralized federalism နဲ့ မျှားခေါ်ဖို့ ရှိမလား စဉ်းစားမိတယ်။ (မြန်မာ)နိုင်ငံမှာ လုပ်နေတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေဟာ ဒီ ဗဟိုချုပ်ကိုင်မှုနဲ့ ဗဟိုဖြေလျှော့မှု နှစ်ခုထဲက မထွက်အောင် မှတ်ညာဏ်ကို ပိတ်ထားပုံရတယ်။ ဘာကြောင့်လဲ။ ဒီစကားလုံး (၂)လုံးဟာ Unitary system မှာ သုံးတာပဲဖြစ်ဖြစ်၊ Federal system မှာ သုံးတာပဲဖြစ်ဖြစ် နားလည်မှုလွဲမှားမှုတွေ၊ ပြဿနာသစ်အမျိုးမျိုးကို မွေးဖွားစေမှုတွေ ရှိနေလို့ပါပဲ။

    ဒါကြောင့်လည်းပဲ မိမိတို့အနေနဲ့ အထက်ဖော်ပြပါ Centralized, Decentralized စကားလုံးတွေကို မသုံးဘဲ Genuine Federalism လို့ အမြဲတမ်း သုံးနေခဲ့ခြင်းဖြစ်တယ်။ Devolution of powers လို့ မသုံးဘဲ Sharing of powers လို့ အမြဲတမ်း သုံးနေခဲ့ခြင်းဖြစ်တယ်။ စစ်မှန်တဲ့ ဖက်ဒရယ်မူဆိုတာ Shared powers ကို ပြောတာပါ။ Devolved powers ကို မဆိုလိုပါ။ စစ်မှန်တဲ့ ဖက်ဒရယ်မူမှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေကြားမှာ မဏ္ဍိုင်ကြီး(၃)ရပ်ကို ညီတူညီမျှ ခွဲဝေကြပြီး ပြည်နယ်အဆင့်မှာလည်းပဲ Shared powers နည်းနဲ့ သွားကြဖို့ပါပဲ။ တကယ့်တကယ်ကျတော့ Decentralization ဆိုတာ ဖက်ဒရယ်မူကို အကောင်အထည်ဖော်ဖို့ နည်းလမ်းများစွာထဲက တစ်ခုလို့ ပြောရင်တော့ ရနိုင်ခြေရှိတယ်။

    ဒီတော့ ဖက်ဒရယ်မူအရ
    (၁) ဗဟိုအစိုးရမှာ Shared powers ရှိတဲ့အတိုင်း ပြည်ထောင်စုအရေးကို စီမံရတယ်။
    (၂) ပြည်နယ်အစိုးရတွေမှာလည်း Shared powers ရရှိထားပြီးသားအတိုင်း ကိုယ့်ပြည်နယ်တွေရဲ့ အရေးကို ဆောင်ရွက်အုပ်ချုပ်ပါ။
    ၃။ ဒေသန္တရအစိုးရ (Local governments) တွေဟာ ပြည်နယ်အစိုးရတွေဆီကနေ ရရှိထားတဲ့ Decentralized/Devolved powers တွေအတိုင်း အုပ်ချုပ်ပါ။

    ဒီနည်းအရဆိုရင် ဘယ်သူကမှ နစ်နာစရာမရှိသလို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေမှာ တန်းတူရေးတွေ ရှိလာကြမှာ ဖြစ်တယ်။ အဲ့လို တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ပြည်ထောင်စုမှာ ဘယ်သူက ခွဲထွက်ကြမှာလဲ။ ဒီတော့ ခွဲထွက်ရေးကိစ္စ ဆွေးနွေးစရာမလိုပါ။ ခွဲထွက်စရာမလိုတဲ့ ဖက်ဒရယ်မူတစ်ခုကို ရအောင် ရှာကြဖို့ပဲ လိုပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    26,200SubscribersSubscribe
    spot_img

    Latest posts