spot_img
Friday, May 3, 2024
More
    spot_img
    Homeဆောင်းပါးသံလွင်မြစ်ပေါ်က မွန်ကဗျာ

    သံလွင်မြစ်ပေါ်က မွန်ကဗျာ

    -

    သံလွင်မြစ်ပေါ်ကမွန်ကဗျာ။ ဤကဲ့သို့ ကျွန်တော် အမည်နာမတပ်လိုက်ခြင်းသည် အရမ်းများကြီးကျယ်သွားမလား။ ကျနော် “ကဗျာ” တစ်ပုဒ်ကိုလည်း ခံစားရေးဖွဲ့ဖူးသည်။ “အက်ဆေး” တစ်ပုဒ်ကိုလည်း သက်ဝင်ခံစားဖူးသည်။ “ဆောင်းပါး” တစ်ပုဒ်ဖြစ်လည်း ထောက်ပြဝေဖန်ဖူးသည်။
    “ဝတ္တု” တစ်ပုဒ်ဖြစ်လည်း နစ်ဝင်ခံစားဖူးသည်။ သို့သော် ကျနော့်အသွေးအသားထဲ ကိန်းအောင်းစီးဝင်နေသည်မှာ “ကဗျာ”။ ကျနော့်ခန္ဓာထဲ တသွင်သွင်စီးဆင်းနေသော ကဗျာသွေးသား အနုပညာဓါတ်များမှာ ရပ်တန့်သွားခြင်းမရှိ။

    တစ်ခါတစ်ရံ တစ်ကိုယ်တည်း တိုးတိုးလေးရွတ်ဖတ်ရသည့် အခိုက်အတန့်များလည်းရှိသည်။ အနုပညာသည် မည်သည့်အရောင်မှ ခြယ်သထားခြင်းမရှိပါ။ လူတန်းစားမရွေး၊ ဘာသာမရွေး သက်ဝင်ခံစားနိုင်သည်။ မည်သည့်အခြေအနေတွင်ရှိစေ ခံစားမှုအနုပညာ ဓါတ်ခံရှိမှသာ စာပေအနုပညာကိုတန်ဖိုးထား ခံစားနိုင်မည်ဖြစ်သည်။ အဓိက ကဗျာကိုအသွေးအသားထဲ မြတ်နိုးစုံမက်မှုရှိနေဖို့ရန် အရေးကြီးသည်။

    မွန်ကဗျာရွတ်ဆိုပွဲမှ ပရိတ်သတ်များ(ပဉ္စလိုင်)

    အနုပညာသည် လူတို့၏စိတ်နှလုံးကို နူးညံ့စေပါသည်။ အနုပညာဟုဆိုရာတွင် နယ်ပယ် အလွန်ကျယ်ပြန့်လွန်းလှသည်။ ပန်းချီ၊ ပန်းပု၊ စာပေ၊ ဂီတ၊ ကာတွန်းနှင့် အခြားအနုပညာနှင့် သက်ဆိုင်သော ပညာရပ်များသာမက ရုပ်ရှင်၊ သဘင်ပညာများလည်း ပါဝင်ပါသည်။ အနုပညာကြောင့် လူသားတို့ စိတ်နှလုံးနူးညံ့ပျောင်းလာ၍ မကောင်းပြုလုပ်ရန်မှ ရှောင်ကြဉ်လာကြသည်။ လူ့ပတ်ဝန်းကျင်၌ ရှင်သန်နေထိုင်စဉ် အနုပညာကိုမခံစားတတ်လျှင် ဘဝသည် ဆားမပါသောဟင်းလျာကဲ့သို့ပင်။ နေထိုင်မှုအနုပညာဟုလည်း လူသားတို့ သမုတ်လာကြသည်။

    အခြားသောဘာသာရပ် အနုပညာများစွာထဲတွင် စာပေအနုပညာသည် အမြင့်ဆုံးဝိသေသအဖြစ် တည်ရှိသည်။ ထိုစာပေအနုပညာထဲတွင်ပင် `ကဗျာ´သည် စာပေ၏အမြင့်ဆုံး ဝိသေသအမျိုးအစားဖြင့် စာပေပညာရှင်များမှ သတ်မှတ်ထားကြသည်။ စာပေဗဟုသုတ ပြည့်ဝနေလျှင် အခြားတစ်ဦးတစ်ယောက်ထက် ခေါင်းတစ်လုံး ပိုမြင့်နေသလိုပင်။ ထိုကြောင့် စာပေသည် ဘဝအတွက်အရေးကြီးသော အစိတ်အပိုင်းအဖြစ် ရှိနေသည်။

    စာရေးသူ မွန်ကဗျာတစ်ပုဒ်ရွတ်ဆိုနေစဉ်(ပဉ္စလိုင်)

    စာပေအနုပညာမှတဆင့် ဘဝတိုးတက်ရေးလမ်းစများစွာ ဖန်တီးနိုင်သည်။ အသိပညာ၊ အတတ်ပညာများစွာ လေ့လာဆည်းပူးနိုင်သည်။ စာမတတ်သောသူသည် အသက်ရှင်လျက် ဘဝသေဆုံးနေသလိုပင်။ ဝေဖန်ပိုင်ခြားနိုင်စွမ်းနည်းပါး၍ `ဆင်ကန်းတောတိုး´ ဟူ၍ ရှေးစာဆိုများမှ စာပေ၏တန်ဖိုးကို ဖွင့်ဆိုရှင်းပြထားပါသည်။ လူမျိုးတစ်မျိုး၏ လူနေမှုအဆင့်အတန်း တိုင်းတာရာတွင်လည်း ယင်းလူမျိုးစု၏ စာပေအဆင့်အတန်း မည်မျှရှိသည်နှင့် ဆုံးဖြတ်လေ့ရှိသည်။

    ယနေ့ခေတ်တွင် “မဂ္ဂဇင်း၊ ဂျာနယ်” များ၏ နေဝင်ချိန်ဟု ဆိုရမလိုဖြစ်နေသည်။ သုတ၊ ရသ´အသားပေးသော မဂ္ဂဇင်း၊ ဂျာနယ်များ တဖြုတ်ဖြုတ်ကြွေလွင့်နေဆဲပင်။ မည်သို့ပင်ဖြစ်စေ စာရေးသူအများစုသည် အရှူံးခံပြီး မိမိတို့ဖြတ်သန်းလာသည့် စာပေသမိုင်းမှတ်တိုင် ထင်ကျန်စေရန်အတွက် `လုံးချင်းစာအုပ်များ၊ တစ်ကိုယ်တော်စုစည်းမှုများ´ရိုက်နှိပ်ထုတ်ဝေ ဖြန့်ချီနေဆဲဖြစ်သည်။ ၎င်းတို့စာပေအပေါ် မည်မျှချစ်မြတ်နိုး ဖက်တွယ်ထားသည်ကို ခန့်မှန်းနိုင်ပါသည်။

    တစ်နှစ်ထက်တစ်နှစ် စာအုပ်စာပေ ဖတ်ရှုနှုန်း လျော့ကျလာသည်။ စာပေဟုဆိုရာတွင် အပျော်ဖတ် ဖျော်ဖြေရေး စာအုပ်များမဟုတ်ပါ။`သုတ၊ ရသ´ စာပေများကို ဆိုလိုခြင်းဖြစ်သည်။ စာပေသည် ဘဝတိုးတက်ရေးအတွက် အကောင်းဆုံး လမ်းပြကြယ်ပင်ဖြစ်သည်။ စာပေအနုပညာအပေါ် မြတ်နိုးစုံမက်ခြင်းသည် ကမ္ဘာမြေအား တစ်ထောင့်တစ်နေရာမှ ကယ်တင်နေသလိုပင်။

    “စာပေနှင့်ဘာသာစကား” သည် လူမျိုးစုတစ်ခု၏ အသက်သွေးကြောပင် ဖြစ်သည်။ ယဉ်ကျေးမှုသည် ယင်းလူမျိုးစု၏ ပြယုဂ်ပင်ဖြစ်သည်။ လူမျိုးတစ်မျိုး စာပေအဆင့်အတန်း မြင့်မားခြင်းသည် ထိုလူမျိုးစု၏ လူနေမှုအဆင့်အတန်း မြင့်မားခြင်းပင်ဖြစ်သည်။ စာပေသည် လက်တွေ့ဘဝ၌သာမက အနာဂတ်မျိုးဆက်ထိတိုင်အောင် တိုးတက်သော လူ့ဘောင်သစ်တစ်ခုကို တည်ဆောက်နိုင်စွမ်းရှိသည်။

    ယနေ့တိုးတက်လာသော နည်းပညာခေတ်ကြီးတွင် အခြားသောလူမျိုးများနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် စာပေဗဟုသုတပြည့်ဝနေရန် အရေးကြီးသည်။ ဆိုရှယ်မီဒီယာများပေါ်အချိန်ဖြုန်းမနေသင့်။ မိမိတို့နှစ်သက်သော ဘာသာဗေဒများကို ဆိုရှယ်မီဒီယာများပေါ် အလွယ်တကူရှာဖွေနိုင်သည်။ ဘာသာရပ်ဆိုင်ရာစာပေများနှင့် စာပေအနုပညာနည်းနာများ လေ့လာရန် အကောင်းဆုံး စာပေသိုက်ကြီးပင်ဖြစ်သည်။ လူအများစုမှာ ဆိုရှယ်မီဒီယာများကို ဖျော်ဖြေရေးဆန်ဆန် စိတ်အပန်းဖြေရာအဖြစ် သတ်မှတ်လာသောကြောင့် စာဖတ်အားလျော့နည်းလာသည်။

    မွန်စာပေသမိုင်းတွင် ရဟန်းစာဆိုများနှင့် လူပုဂ္ဂိုလ်စာရေးဆရာများသည် နှစ်ပေါင်းများစွာကပင် စာပေအရေးအသားကို ခိုင်မာစွာအုတ်မြစ်ချခဲ့သည်။ မိမိတို့စိတ်တွင် ကိန်းအောင်းနေသော ပညာဗဟုသုတများကိုလည်း နည်းအမျိုးမျိုးဖြစ် ရေးသားဖော်ထုတ် တင်ဆက်ခဲ့ကြသည်။ ရှေးခေတ်မွန်ကဗျာဖွဲ့ထုံးများ၊ ကျမ်းဂန်များ၊ ဆေးဝါးတက်ကျမ်းများ ပါဝင်သည်။ ကျောက်သားကိုထွင်းထု၍ ကျောက်ထက်အက္ခရာတင်ခဲ့သော ကျောက်စာများ။ ပေ၊ ပုရပိုက်ပေါ်တွင် ကညစ်မှင်ဖြင့် ရေးသားထားသော ပေစာများ။ ဘုရားဆင်းတုတော်၊ ဝတ်၊ ကျောင်း၊ တန်ဆောင်း၊ နံရံများပေါ်တွင် ရေးသားထားသော မင်စာများ။ ခေါင်းလောင်းပေါ်တွင် ရေးသားထားသော ခေါင်းလောင်းစာများ။ စာပေပညာရှင်များသည် စာပေအမွေအနှစ်များကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသည်။

    ပြောင်းလဲလာသော ခေတ်စနစ်အလိုက် ယနေ့ဒစ်ဂျစ်တယ် နည်းပညာခေတ်တွင် စာပေများကို ဖန်သားပြင်ပေါ် အလွယ်တကူ ရှာဖွေဖတ်ရှူနိုင်ပြီးဖြစ်သည်။ စာအုပ်များပင် တဖြည်းဖြည်း ဆိတ်သုဉ်းလာသည်။ ကျားကန်ထုတ်ဝေနေသော တစ်နှစ်တစ်ကြိမ်ထုတ် မွန်ဘာသာမဂ္ဂဇင်းများတွင် ကဗျာကဏ္ဍကို ထည့်သွင်းဖော်ပြနေဆဲဖြစ်သော်လည်း ယနေ့လူငယ်များ ကဗျာတစ်ပုဒ်ကို မည်သို့ရွတ်ဆိုရမည်ကို သိရှိခြင်းမရှိတော့ပါ။ ကာရန်၊ နဘေ၊ အသံစနစ် အထားအသို၊ မည်သို့မည်ပုံရှိသည်ကို ကျွမ်းဝင်မှုမရှိတော့ပါ။ ထိုအချင်းအရာကို အကြောင်းပြု၍ ပထမဦးဆုံးအကြိမ် မော်လမြိုင်မြို့ပေါ်တွင် မွန်ဘာသာကဗျာရွတ်ပွဲတစ်ခုကို စာပေချစ်သူ မွန်လူငယ်တစ်စုမှ ဖန်တီးချပြခဲ့ကြသည်။

    အဘယ့်ကြောင့် ကဗျာအကြောင်းကို ဤသို့ဆိုနေရသည်မှာ ကဗျာသည် စာပေအနုပညာထဲတွင် အမြင့်ဆုံးဝိသေသအဖြစ် ရှိနေခြင်းကြောင့်ဖြစ်သည်။ ကဗျာသည် တန်းဝင်စာပေတစ်ခုအဖြစ် စာပေပညာရှင်အားလုံးမှ တညီတညွှတ် သမုတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုကဗျာရွတ်ပွဲနှင့်အတူ စနစ်သစ်၊ စနစ်ဟောင်း မွန်ကဗျာအရွေ့တစ်ခုကိုလည်း လေ့လာမှတ်သား သိရှိလာသည်။ တိမ်မြှုပ်နေသော ခေတ်ဟောင်း စာပေဟန်များကိုလည်း ပြန်လည်ဖော်ထုတ်နိုင်ခဲ့သည်။ ထိုမျှမက လူငယ်များကိုလည်း ကဗျာဖွဲ့သီမှုအကြောင်း နည်းနာများလည်း ချပြနိုင်ခဲ့သည်။ ကဗျာစာပေ၏တန်ဖိုးကိုလည်း လက်ဆင့်ကမ်းနိုင်ခဲ့သည်။ စာပေအပေါ် ပိုမိုစုံမက် ချစ်မြတ်နိုးစွာ လေ့လာစေရန်နှင့် ထိန်းသိမ်းရေးပြယုဂ်အဖြစ်ပါ ရိုက်သွင်းနိုင်သည်။

    မွန်ကဗျာအကြောင်း ပြောမည်ဆိုလျှင် `သံလွင်´ကိုချန်ထား၍မရပါ။ အိပ်မက်တံတားကြီးနှင့်အတူ သံလွင်သည် ဖွဲ့သီလို့မကုန်နိုင်သော မွန်ကဗျာစစ်စစ် တစ်ပုဒ်ပင်ဖြစ်သည်။ ငွေစင်ရော်များ၏ တောင်ပံခတ်သံနှင့်အတူ ကဗျာသံစဉ်များ သံလွင်မြစ်အပေါ် ဖွင့်အန်ချခဲ့ကြသည်။ ဝါခေါင်းမိုးနှင့်အတူ အားမာန်အပြည့်ဖြစ် ကဗျာသံစဉ်များ သံလွင်မြေပေါ် ပျံ့လွင့်ထွက်လာသည်။ တော်လှန်ရေး နိမိတ်ပုံများ ထပ်တူပြုထားသော သံလွင်မြစ်ပေါ်က မွန်ကဗျာပုဒ်ဟု သမုတ်ရတော့မည် ဖြစ်ပါသည်။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts