spot_img
Saturday, January 25, 2025
More
    spot_img
    Homeဆောင်းပါးအနာဂတ်လူသားမျိုးနွယ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေးကိုတည်ဆောက်ကြ

    အနာဂတ်လူသားမျိုးနွယ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေးကိုတည်ဆောက်ကြ

    -



    လူဦးရေ ၃၀၀၀ ပါဝင်လှုပ်ရှားသည့် ငြိမ်းချမ်းရေးပွဲတော်

    လူသားများပဋိပက္ခ၊ စစ်ပွဲနှင့် ငြိမ်းချမ်းရေး

    ကမ္ဘာ့မီဒီယာများကို အာရုံစိုက်ကြည့်ပါက ကမ္ဘာတစ်ဝန်းတွင် ဒုက္ခသည်ပေါင်းစုံအနက် စစ်ပြေးဒုက္ခသည်ကို အများဆုံးမြင်တွေ့ရှိရပါမည်။ သန်းနှင့်ချီသော ဆီးရီးယားဒုက္ခသည်များစွာ ဥရောပနိုင်ငံများသို့ ပြန့်နှံ့ရောက်ရှိသွားသည်။ မြန်မာနိုင်ငံဘက်တွင်လည်း ပြည်တွင်းစစ်ပဋိပက္ခကြောင့် တိုင်းရင်းသားဒုက္ခသည်များ ထိုင်းနယ်စပ်တွင် အနှစ်(၃၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။ ၎င်းတို့မှာ မိမိတို့နေရပ်ရင်းပြန်လည်အခြေချနိုင်ရန် အရိပ်အယောင်ပင် မမြင်တွေ့ရသေးပေ။

    ငြိမ်းချမ်းရေးဆိုသည်မှာ စစ်ပွဲများသက်သက်နှင့်တော့ ဆက်စပ်နေသည်မဟုတ်ပါ။ ရင်းနှီးမြှုပ်နှံမှုတွင် စက်ရုံကြီးများတည်ဆောက်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာသည့်အတွက် ဖစိဖိတ်သမုဒ္ဒရာတွင်းရှိ ကျွန်းနိုင်ငံများစွာ နစ်မြုပ်လျက်ရှိသည်။ လူသားအချင်းချင်း ခေါင်းပုံဖြတ်မှုကြောင့်၎င်း၊ အကျင့်ပျက်ခြစားသည့်အစိုးရကြောင့် နိုင်ငံသားများ ဆင်းရဲမွဲတေမှုပိုမိုကြုံတွေ့လာမှုကြောင့်၎င်း အချို့နိုင်ငံများတွင် အငတ်ဘေးနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရသည်ကို လူသားများ၏ပဋိပက္ခဟု ဆိုကြသည်။ ယင်းကဲ့သို့ ပဋိပက္ခများဖြစ်ပေါ်နေလျင် လူမှုရေးတရားမျှတမှု (Social Justice) များ လုံးဝမရှိတော့ပေ။

    မည်သည့်နိုင်ငံ မည်သည့်ဒေသတွင်မဆို စစ်ပွဲ(ဝါ) လူသားများပဋိပက္ခဖြစ်ပေါ်နေပါက အဆိုပါ နိုင်ငံနှင့် ဒေသများ၌ စစ်မှန်သောအေးချမ်းသာယာမှုများ မရရှိနိုင်ပါ။ စစ်ရေးပဋိပက္ခတွင်၎င်း လူသားများ၏ပဋိပက္ခတွင်၎င်း အင်အားကြီးသူက အင်အားငယ်သူအပေါ် ဖိနှိပ်မှုများ စဉ်ဆက်မပြတ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ အဖိနှိပ်ခံရသူများအဖို့ မည်သည့်အခါမှ နလံပြန်ထူနိုင်မည် မဟုတ်တော့ပါ။

    ယနေ့ အင်အားကြီးနိုင်ငံတို့သည် လက်နက်ဆန်းများ၊ စစ်လေယာဉ်၊ ရေငုတ်သင်္ဘောကြီးများ အပြိုင်အဆိုင် ထုတ်လုပ်လျက်ရှိသည်။ သို့သော် ကမ္ဘာအရပ်ရပ်ရှိ တိုင်းနိုင်ငံတို့တွင် ဘေးဒုက္ခအန္တရယ်များ ကြုံတွေ့လာသောအခါ အဆိုပါ အင်အာကြီးနိုင်ငံတို့ကပင် စာနာထောက်ပံ့မှုများ ပေးအပ်ကြပြန်သည်။ တဖက်တွင် ပြန်လည်သုံးသပ်က ၎င်းတို့ပေးကမ်းသောထောက်ပံ့ရေး ငွေကြေးပမာဏမှာ စစ်ရေးအသုံးစရိတ်များ၏ ၁၀၀၀ ပုံ ၁ ပုံမျှသာဖြစ်ပါသည်။

    ယနေ့ကမ္ဘာသူကမ္ဘာသားတို့၏ ကမ္ဘာ့ငြိမ်းချမ်းရေးတောင်းဆိုချက်အရ (၄) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံကို တောင်ကိုးရီးယားနိုင်ငံ အင်ချွန်လေဆိပ်၌ ကျင်းပခဲ့ရာ နိုင်ငံတကာမြန်မာ့သတင်း BNI ကိုယ်စား စာရေးသူ တက်ရောက်ခွင့်ရရှိခဲ့သည်။

    ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော ကိုးရီယားများ

    ကွန်မျူနစ်နှင့် ဒီမိုကရေစီ ဝါဒစစ်ပွဲ (၁၉၅၃) ခုနှစ်တွင် ကိုးရီးယားကျွန်းဆွယ်မှာ ဖြစ်ပေါ်ပြီးသည့်နောက်ပိုင်း စာပေဘာသာစကား ယဉ်ကျေးမှုတစ်ခု လူမျိုးတစ်မျိုးတည်းဖြစ်သော်လည်း ကိုးရီယား တောင်နှင့်မြောက် နှစ်နိုင်ငံ ကွဲခဲ့ရသည်။ လူမျိုးတစ်မျိုးတည်း ဖြစ်သော်ငြား ယခုတိုင် နိုင်ငံပြန်လည်ပေါင်းစည်းရန် မလွယ်ကူသေးပေ။

    ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံသို့ စာရေးသူတက်ရောက်စဉ်ကာလမှာပင် တောင်နှင့်မြောက် ကိုးရီယား ခေါင်းဆောင်နှစ်ဦးလည်း ငြိမ်းချမ်းရေးဆွေးနွေးနေသည့်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် “တစ်နေ့တွင် ငါတို့နှစ်နိုင်ငံ ပေါင်းစည်းနိုင်တော့မယ်” ဟု တောင်ကိုးရီးယားတစ်ဦးက အပြုံးများဖြင့် မျှော်လင့်နေသည်ကို တွေ့ရသည်။ သူတို့၏ဘဝသည် ငြိမ်းချမ်းရေးကို အလွန့်အလွန် လိုလားနေကြသည်။ မြောက်ကိုးရီးယား ခေါင်းဆောင်အနေဖြင့် အနုမြူလက်နက်များ ထုတ်လုပ်ပြီး ခြိမ်းခြောက်နေသည့်လုပ်ရပ်ကို သူတို့မမြင်တွေ့လိုပေ။

    ထို့ကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးထိပ်သီးညီလာခံ (World Peace Summit) ကို ကိုးရီးယားလူမှု အဖွဲ့အစည်းတစ်ခုဖြစ်သည့် (Heavenly Culture, World Peace and Restoration of Light- HWPL) က ဦးစီးကျင်းပခြင်း ဖြစ်သည်။ ယင်းတို့၏ အမည်နာမကို “နတ်နန်းယဉ်ကျေးမှုတည်ဆောက်ခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းနှင့် ငြိမ်းချမ်းရေးမီးရှူးတန်ဆောင် ထွန်းလင်းစေ” ဟု အနီးစပ်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ နတ်ပြည်နတ်နန်းဆိုသည်မှာ အလွန်သာယာပျော်ရွှင်စရာကောင်းသည့် ဖိနှိပ်ခွဲခြားခြင်းမရှိသော တရားနှင့်ပြည့်စုံသည်ဟု ကိုးရီးယားလူမျိုးများ အလေးအနက် လက်ခံယုံကြည် ထားပါသည်။

    လူ့ပြည်ကမ္ဘာတွင်လည်း နတ်ပြည်နတ်နန်းကဲ့သို့ ခံစားနိုင်ရန် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရမည်။ လူ့ကမ္ဘာတစ်ခုလုံး ငြိမ်းချမ်းရေးကို အလင်းဆောင်သည့် အတွေးအမြင်များဖြစ်သည့် ချစ်ကြည်ခြင်း၊ အပြန်အလှန်အသိအမှတ်ပြုခြင်း၊ သည်းခံခြင်းတရားတို့ဖြင့် စစ်ပွဲများကို အဆုံးသတ်ရမည်ဟု သူတို့ရှုမြင်လက်ခံထားသည်။

    ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံကို စက်တင်ဘာ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ အမှန်တကယ် ၃ ရက်သာ ကျင်းပမည်ဖြစ်သော်လည်း အခြားဆက်စပ်အစည်းအဝေးများနှင့် သတင်းစာရှင်းလင်းပွဲများကိုလည်း ကျင်းပရသဖြင့် စက်တင်ဘာ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့တိုင် ကျင်းပရခြင်း ဖြစ်သည်။

    ကိုးရီးယားအရပ်ဖက်လူမှုအဖွဲ့အစည်း HWPL တွင် တောင်ကိုးရီးယားနိုင်ငံသား အသင်းဝင် ၂ သိန်းခန့်ရှိပါသည်။ အသင်းဝင်များသည် အထူးသဖြင့် ငြိမ်းချမ်းရေးမြတ်နိုးသူများဖြစ်ကြသည့် တက္ကသိုလ်ကျောင်းသားများ၊ အလုပ်သမား၊ ဆေးဝန်ထမ်း၊ ကျောင်းဆရာ၊ ဂီတရုပ်ရှင်အနုပညာသမားများနှင့် လူထုများပါဝင်ကြသည်။ လက်ရှိတွင် ဥက္ကဌ မန်ဟီးလီ (Chairman Man Hee Lee) ဖြစ်ပြီး အသင်းသားများက သူ့ကို ဥက္ကဌလီ Chairman Lee ဟု ခေါ်ဆိုကြသည်။ သူအနေဖြင့် တစ်ချိန်ကာလက ကိုးရီးယားစစ်ပွဲတွင်ပါဝင်ခဲ့ဘူးသူဖြစ်ပြီး စစ်ကိုရွံမုန်းသော လူပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အတွက် ကမ္ဘာပေါ်တွင် စစ်ပွဲများရပ်တန့်ရေး တောင်းဆိုနေသူလည်း ဖြစ်ပါသည်။ အသက် ၈၀ နှစ်ကျော်လွန်ပြီဖြစ်သော ဥက္ကဌလီ သည် ငြိမ်းချမ်းရေးအတွက် ဆက်လက်တောင်းဆိုတိုက်ပွဲဝင်နေဆဲ ဖြစ်သည်။

    ဥက္ကဌ မန်ဟီးလီ (Chairman Man Hee Lee)

    တဖက်မှာလည်း HWPL အဖွဲ့၏ ငြိမ်းချမ်းရေးလှုပ်ရှားဆောင်ရွက်မှုများကို ကိုးရီးယားလူငယ်များ ဦးဆောင်သည့် ကမ္ဘာ့လူငယ်ငြိမ်းချမ်းရေးအဖွဲ့(International Peace Youth Group – IPYG) နှင့် ကိုးရီးယားအမျိုးသမီးများ ဦးဆောင်သည့် ကမ္ဘာ့အမျိုးသမီးငြိမ်းချမ်းရေးအဖွဲ့ (International Women’s Peace Group – IWPG) တို့က ပံ့ပိုးကူညီပေးလျက်ရှိသည်။ ကမ္ဘာ့လူငယ်ငြိမ်းချမ်းရေးအဖွဲ့(IPYG) က ကမ္ဘာ့ငြိမ်းချမ်းရေးချီတက်လမ်းလျှောက်ပွဲ လှုပ်ရှားမှုများတွင်၎င်း အလားတူ အသင်းဝင်အင်အား ၃ ဒဿမ ၇ သန်းရှိသည့် ကမ္ဘာ့အမျိုးသမီးငြိမ်းချမ်းရေးအဖွဲ့ IWPG ကလည်း ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် ပါဝင်ကြသည်။

    ဘာသာရေးတွင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း

    ကမ္ဘာပေါ်တွင် အဓိက ၄ ဘာသာဖြစ်သည့် ခရစ်ယာန်၊ အစ္စလမ်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာတို့ကို သက်ဝင်ယုံကြည်မှုများ ရှိသည့်အပြင် အခြားသော ဘာသာပေါင်းများစွာလည်း ရှိပါသေးသည်။ အချို့သော နိုင်ငံများတွင် ဘာသာရေးကြောင့် စစ်ပွဲများစွာ ဖြစ်ပေါ်နေသည်လည်း HWPL ဥက္ကဌလီက ကမ္ဘာ့ငြိမ်းချမ်းရေးထိပ်သီးညီလာခံ၌ ပြောကြားခဲ့သည်။

    အဓိကကျသည့် ဘာသာကြီးများတွင် စစ်ပွဲများတိုက်ခိုက်ရန် ဟောကြားခြင်းမရှိပေ။ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတရားကိုသာ သင်ကြားပေးလေ့ရှိသည်။ သို့သော် အဆိုပါ ဘာသာတရားကို သက်ဝင်ယုံကြည်သူများအနေဖြင့် မိမိတို့ကိုးကွယ်သည့်ဘာသာကို ကာကွယ်လိုခြင်းဖြစ်စေ ချဲ့ထွင်လိုခြင်းဖြစ်စေ စစ်ပွဲများ ဆင်နွှဲကြသည်။ ခရစ်ယာန်နှင့် အစ္စလမ်ဘာသာဝင်ကြား ကမ္ဘာ့သမိုင်းဝင် စစ်ပွဲကြီးများ ဖြစ်ပေါ်ခဲ့ဘူးသည်။

    ထို့ကြောင့် ယခုကျင်းပသည့် ကမ္ဘာ့ငြိမ်းချမ်းရေးထိပ်သီးညီလာခံသို့ အိမ်ရှင်အဖြစ်လက်ခံကျင်းပသူ HWPL အဖွဲ့က နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ဘာသာရေးခေါင်းဆောင်များကို ဘိတ်ကြားခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအဖြေရှာဖွေနိုင်ရန် စတုတ္တအကြိမ်မြောက် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ညီလာခံ (4th International Religious Leaders’ Conference) ကိုလည်း ကျင်းပခဲ့သည်။

    ငြိမ်းချမ်းမှုပညာရေး Peace Education

    လူဦးရေတစ်နေ့တခြား များပြားလာသည့် ယနေ့ကမ္ဘာတွင် လူမျိုး၊ စကား၊ ဘာသာရေး၊ သက်ဝင်ယုံကြည်မှုနှင့် နိုင်ငံရေးခံယူချက် မတူကွဲပြားမှု များစွာဖြစ်နေသည်။ အချို့နိုင်ငံကြီးများနှင့် ဒေသများတွင် လူမျိုးဘာသာနှင့် ကိုးကွယ်ယုံကြည်မှု မတူကြသူများ အများအပြား အတူယှဉ်တွဲနေထိုင်လျက်ရှိကြသည်။ ယင်းကဲ့သို့ မတူကွဲပြားမှုရှိနေကြသည့်နေရာဒေသတွင် အတူတကွယှဉ်တွဲနေထိုင်၍ မဖြစ်နိုင်ဆိုပါက ပဋိပက္ခများဖြစ်ပေါ်ပြီး ငြိမ်းချမ်းမှုများ ရှိမည်မဟုတ်တော့ပေ။

    ထို့ကြောင့် မတူကွဲပြားမှုများ အတူယှဉ်တွဲနေထိုင်နိုင်ရေး နိုင်ငံအတော်များများက ငြိမ်းချမ်းမှုပညာရေး(Peace Education) သင်ကြားနိုင်ရန် စဉ်းစားနေကြပြီဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာတိုးတက်ရေး ငြိမ်းချမ်းမှုပညာရေး ဖွံ့ဖြိုးရေးဖိုရမ် (Peace Education Development Forum for Global Advancement) တွင် ခလေးငယ်များပညာရပ်ပိုင်းဆိုင်ရာနှင့် အဆင့်မြင့်ပညာသင်ကြားရေးတွင် ကျွမ်းကျင်ပညာရှင်များ ၃၅ နိုင်ငံမှ ကိုယ်စားလှယ်များက အပြန်အလှန်အမြင်ချင်းနှီးနှော ဖလှယ်၍ ငြိမ်းချမ်းမှုပညာရေး အဖြေရှာဖွေ ဖော်ထုတ်ခဲ့ကြသည်။

    အဆိုပါ ပညာရေးရည်မှန်းချက်များတွင် ခလေးငယ်များအား အခြားသောလူမျိုးများအကြောင်း၊ ဘာသာရေးများအကြောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးဓမ်းများအကြောင်းတို့ကို သင်ကြားပေးရာတွင် ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းခြင်း၊ အပြန်အလှန်နားလည်မှုဖြင့် အလေးအမြတ်ထား အသိအမှတ်ပြုခြင်း၊ ခွင့်လွှင့်ခြင်းတို့ကို လက်ခံယုံကြည်စေသည်။ ငြိမ်းချမ်းရေးအကြောင်းကို ငယ်ရွယ်သောခလေးဘဝအချိန်မှ သိရှိနားလည်ခဲ့ပါက တချိန်တွင် ခေါင်းဆောင်များဖြစ်လာကြသောအခါ ပဋိပက္ခများကို ရှောင်ကြဉ်ပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာဖွေတတ်လာမည် ဖြစ်သည်။

    ငြိမ်းချမ်းရေးအထောက်အကူပြု သတင်းမီဒီယာ

    ဒုတိယအကြိမ် ငြိမ်းချမ်းရေးအထောက်အကူပြု ကမ္ဘာလုံးဆိုင်ရာ မီဒီယာကွန်ယက် ညီလာခံ(2nd Conference of Global Media Network) ကျင်းပစဉ်၌ တူနီးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ထောက်ပြခဲ့သည်မှာ လွန်ခဲ့သည့် ၂၄ နှစ်အချိန်ခန့်က ရဝမ်ဒါနိုင်ငံတွင် ရေဒီယိုအသံလွှင့်မှုကြောင့် လူနည်းစု ၅ သိန်းခန့် အသတ်ခံခဲ့ရဘူးကြောင်း ထိုအချိန်က မီဒီယာများ အလွန်ဆိုးဝါးသဖြင့် နာမည်ပျက်ခဲ့ရပြီး ယခုအခါ သိက္ခာပြန်ဆည်ဖို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။



    ငြိမ်းချမ်းရေးအထောက်အကူပြု ကမ္ဘာလုံးဆိုင်ရာ မီဒီယာကွန်ယက် ညီလာခံသို့ (၄၅) နိုင်ငံမှ သတင်းမီဒီယာများကိုယ်စားလှယ်များ တက်ရောက်စဉ်

    ပဋိပက္ခနှင့် စစ်ပွဲများဖြစ်ပွားဖြစ်ပေါ်သောအခါ “သတင်း” ဟူ၍ မီဒီယာများ တင်ပြကြသည်။ သို့ရာတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် သတင်းများကို အလေးအနက်ထား၍ တင်ပြမှုများမှာ အလွန်ရှားပါးသည်။ ဤညီလာခံတွင် (၁၃) နိုင်ငံမှ သတင်းမီဒီယာအဖွဲ့အစည်းများက ငြိမ်းချမ်းရေးအထောက်အကူပြု ကမ္ဘာလုံးဆိုင်ရာ မီဒီယာကွန်ယက်တွင် ပါဝင်ရန် သဘောတူလက်မှတ် ထပ်မံရေးထိုးသဖြင့် နိုင်ငံပေါင်း (၄၅) ခန့်က ငြိမ်းချမ်းရေးအထောက်အကူပြု သတင်းများ တင်ပြသွားရန် သဘောတူညီထားကြပြီး ဖြစ်သည်။

    ငြိမ်းချမ်းရေးနှင့် စစ်ပွဲများရပ်စဲရေးကြေညာစာတမ်း (Declaration of Peace and Cessation of War – DPCW)

    ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ၏ အရေးကြီးဆုံးကိစ္စရပ်မှာ ငြိမ်းချမ်းရေးနှင့် စစ်ပွဲများရပ်စဲရေးကြေညာစာတမ်း (Declaration of Peace and Cessation of War – DPCW) ထုတ်ပြန်ရန် ဖြစ်ပါသည်။ ဤကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံကို တောင်ကိုးရီးယားနိုင်ငံတွင် ကျင်းပခဲ့သည်မှာ ၄ ကြိမ်မြောက်ရှိပါပြီ။ အထက်မှာတင်ပြခဲ့သည့်အတိုင်း ဤညီလာခံတွင် နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေး၊ မီဒီယာ၊ ဥပဒေ၊ အမျိုးသမီးနှင့် လူငယ် စသည့်ကဏ္ဍအသီးသီးမှ ခေါင်းဆောင်များစွာ တက်ရောက်ခဲ့ပါသည်။ ညီလာခံတိုင်းတွင် တစ်ကမ္ဘာလုံးနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေးစည်းမျဉ်းစည်းကမ်းဥပဒေများနှင့် စစ်ပွဲများရပ်တန့်ရေးကို အစဉ်မပြတ် ဆွေးနွေးခဲ့ကြသည်။

    ယင်းကဲ့သို့ ငြိမ်းချမ်းရေးဆိုင်ရာ စည်းမျဉ်းဘောင် ဥပဒေများ ရေးဆွဲခဲ့ကြပြီး ဒုတိယနှစ်တွင် မူကြမ်းများရရှိပါသည်။ အဆိုပါမူကြမ်းကို HWPL မှ ဥပဒေပညာရှင်များထံ ပေးပို့ခဲ့ပြီး ကြေညာစာတမ်းအဖြစ် အတည်ပြုခြင်းဖြစ်ပါသည်။ အဆိုပါစာတမ်းကို ကုလသမဂ္ဂသို့တင်သွင်းနိုင်ရန် သက်ဆိုင်သည့်အစိုးရများထံမှ သဘောတူညီမှုရရှိရေး ချဉ်းကပ်တိုက်တွန်းမှု( Lobby) များ ဆောင်ရွက်ရပါဦးမည်။

    စက်တင်ဘာ(၁၇) ရက်နေ့တွင် အဆိုပါကြေညာစာတမ်းနှင့်ပတ်သက်၍ ဆွေးနွေးပွဲတရပ်ဆက်လက်ကျင်းပခဲ့ရာ နိုင်ငံတကာမှကိုယ်စားလှယ်ပေါင်း (၁၅၀၀) ခန့်နှင့် တောင်ကိုးရီးယားနိုင်ငံသား (၁၅၀၀) ခန့် တက်ရောက်ကြပြီး ထောက်ခံအသိအမှတ်ပြုခဲ့ပါသည်။


    ညီလာခံတက်ရောက်သူများအား ကိုးရီယားလူငယ်များ ကြိုဆိုနှုတ်ခွန်းဆက်သစဉ်

    စက်တင်ဘာ(၁၈) ရက်နေ့တွင် ငြိမ်းချမ်းရေးပွဲတော် (Peace Festival) ကို Inchoen Asia Main Stadium ကွင်းပြင်ကျယ်ကြီးတွင် ဆက်လက်ကျင်းပသည်။ ကိုယ်စားလှယ်ပေါင်း(၁၅၀၀) ခန့်နှင့်အတူ HWPL လူငယ်များ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ကွင်းပြင်ကျယ်ကြီးတွင် လူဦးရေ ၅ သောင်းခန့်ပါဝင်ကြပြီး ခေါင်းဆောင်များ မိန့်ခွန်းဟောပြောခြင်းနှင့် ငြိမ်းချမ်းရေးအကပဒေသာ ၁၂ ခန်းကို လူငယ် ၁၀၀၀ ခန့် ကပြတင်ဆက်ခဲ့ကြသည်။

    အချုပ်အားဖြင့်ဆိုလျင် ယနေ့ကမ္ဘာတွင် ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းလျက်ရှိကြသည်။ ငြိမ်းချမ်းရေးနှင့် စစ်ပွဲများရပ်စဲရေးကြေညာစာတမ်း(DPCW) ကို လူ့အခွင့်အရေးကြေညာစာတမ်းကဲ့သို့ ကုလသမဂ္ဂမှသဘောတူညီထုတ်ပြန်နိုင်ပါက ကျနု်ပ်တို့၏ကမ္ဘာကြီး ငြိမ်းချမ်းသာယာပြီး လူသားမျိုးနွယ်များ အစဉ်သဖြင့် ဆက်လက်ရှင်သန်နိုင်မည်ဖြစ်ပါကြောင်း။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,300SubscribersSubscribe
    spot_img

    Latest posts