spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီသို့ ရိက္ခာပစ္စည်းသွားရောက်လှူဒါန်းခဲ့သော မွန်သံဃာတော်တစ်ပါးကို အစိုးရအာဏာပိုင်သတိပေး

    မွန်ပြည်သစ်ပါတီသို့ ရိက္ခာပစ္စည်းသွားရောက်လှူဒါန်းခဲ့သော မွန်သံဃာတော်တစ်ပါးကို အစိုးရအာဏာပိုင်သတိပေး

    -

    မွန်သတင်းအေဂျင်စီ(စက်တင်ဘာ-၁၁)။ ။ ရေးချောင်းဖျားအခြေစိုက် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်သို့ ရိက္ခာပစ္စည်းသွားရောက်လှူဒါန်းခဲ့သူ မွန်သံဃာတော် အရှင်အဇ္ဇ (ခေါ်) အရှင်ဥက္ကံသ(ခေါ်) ဦးဇင်းဇော်လတ်ထံ ချောင်းဆုံမြို့နယ် သာသနာရေးဦးစီးမှူးက ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် လာရောက်တွေ့ဆုံ သတိပေးခဲ့ကြောင်း သတင်းရရှိသည်။

    ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးတင်ပြမှုဖြင့် မွန်ပြည်နယ်အစိုးရ ညွှန်ကြားချက်အရ မြို့နယ် သာသနာရေးဦးစီးမှူးနှင့်အဖွဲ့က အရှင်အဇ္ဇ သီတင်းသုံးနေသည့် ချောင်းဆုံမြို့နယ်၊ မုဒွန်းပရိယတ္တိစာသင်တိုက်သို့ လာရောက်တွေ့ဆုံ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အရှင်အဇ္ဇက မွန်သတင်းအေဂျင်စီသို့ မြွက်ကြားသည်။

    “မွန်ပြည်သစ်ပါတီ စစ်သင်တန်းကျောင်းတစ်ခုမှာ ဦးပဉ္ဇင်းတို့ သွားရောက်ထောက်ပံ့လှူဒါန်းတဲ့ကိစ္စကို နယ်လုံက မကြိုက်ဘူး၊ အဲဒါလာပြောတာလို့ သာသနာရေးဦးစီးမှူးက ဆိုတယ်၊ လက်ရှိကာလမှာ NCA လက်မှတ်ရေးထိုးပြီးပေမယ့်လည်း အစိုးရနဲ့ မွန်ပြည်သစ်ကြားမှာ ငြိမ်းချမ်းရေးအပြည့်အဝ မရရှိသေးဘူးလို့ နယ်လုံကနေပြီး ဦးပဉ္ဇင်းဆီ လာရောက်အသိပေးခိုင်းလိုက်တာလို့ ပြောတယ်” ဟု အရှင်အဇ္ဇက ဆိုသည်။

    မွန်ပြည်သစ်ပါတီသို့ ဦးဇင်းဇော်လတ် ရိက္ခာပစ္စည်းလှူဒါန်းခဲ့စဉ်(Facebook)

    NCA လက်မှတ်ရေးထိုးပြီးသည့် မွန်ပြည်သစ်ပါတီအား မတရားအသင်းအဖြစ်မှ နိုင်ငံတော်အစိုးရ ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် လွတ်လပ်စွာသွားရောက် လှူဒါန်းထောက်ပံ့ခွင့်ရှိသည်ဟု လက်ခံယုံကြည်ထားကြောင်း၊ အလားတူ သီတဂူဆရာတော်ပင်လျင် ဗမာ့တပ်မတော်သို့ သွားရောက်လှူဒါန်းခဲ့သည့်ဖြစ်စဉ်ကို မိမိတို့လည်း ကြားသိခဲ့ရကြောင်း၊ အစိုးရအားဆန့်ကျင်သည့်လုပ်ရပ်မဟုတ်ဘဲ မိမိတို့၏ မွန်အမျိုးသားရေးအတွက် စေတနာသန့်သန့်ဖြင့် သွားရောက်လှူဒါန်းခြင်းသာဖြစ်ကြောင်း အဆိုပါ မြို့နယ်သာသနာရေးဦးစီးမှူးအား ပြန်လည်ပြောကြားခဲ့သည်ဟု အရှင်အဇ္ဇက ဆက်လက် မြွက်ဆိုသည်။

    အရှင်အဇ္ဇက “ဦးပဉ္ဇင်းအနေနဲ့ မွန်ပြည်သစ်တင်မကပါဘူး မွန်အမျိုးသားအကျိုးဖြစ်စေတဲ့ ပရဟိတလုပ်ငန်းတွေ စာသင်ကျောင်းဆောက်လုပ်တာ၊ မီးဘေး၊ ရေဘေး၊ သွေးလှူဒါန်းတာ စတဲ့ကိစ္စအမျိုးမျိုးကို ဆောင်ရွက်နေတာပါ၊ ဒီကိစ္စရပ်တွေအားလုံးအတွက် တာဝန်ယူမှုတာဝန်ခံမှု အပြည့်ရှိပါတယ်၊ အချိန်မရွေး တာဝန်ယူ ဖြေရှင်းရဲတယ်” ဟု ဆိုသည်။

    သို့ရာတွင် အထက်ပါဖြစ်စဉ်ကို ချောင်းဆုံမြို့နယ် သာသနာရေးဦးစီးမှူးရုံးသို့ မွန်သတင်းအေဂျင်စီက ဖုန်းဆက်သွယ်မေးမြန်း၍ မရခဲ့ပေ။

    မွန်နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုမင်းမင်းနွယ်က “ဦးဇင်းဇော်လတ်က မွန်အမျိုးသားရေးလှုပ်ရှားတဲ့ သံဃာတော်တစ်ပါးလို့ပဲ မြင်တယ်၊ မွန်အမျိုးသားအရေးမှာဆိုရင် စာပေယဉ်ကျေးမှုဘက်ကရော လူငယ်တွေနဲ့ပတ်သက်တာ သူ့လူမျိုးနဲ့ပတ်သက်တဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို သူ့အနေနဲ့ ရိုင်းပင်း၊ သွားလာ၊ ချဉ်းကပ်၊ ကူညီ၊ ထောက်ပံ့ပေးတဲ့အနေအထားမှာ တွေ့ရပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ ၇ နှစ်က ထောင်ကနေလွတ်လာတာ ဘယ်လိုခံဝန်ချုပ်တွေရှိမရှိကိုတော့ ကျနော်မသိရဘူး” ဟု သုံးသပ်သည်။

    ဦးဇင်းဇော်လတ်သည် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်သည့်ပြစ်မှုနှင့် အီလက်ထရောနစ် အက်ဥပဒေများဖြင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလက ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခံခဲ့ရဘူးပြီး နိုင်ငံတော်သမ္မတအမိန့်ဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့တွင် လွတ်မြောက်လာပြီးနောက် ဇာတိဖြစ်သည့် မုဒွန်းကျေးရွာ၌ သိက္ခာတော်တင်မြှောက်ကာ ရဟန်းဘဝသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks