Homeသတင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA လက်မှတ်မထိုးရသေးသည့် ညီနောင်များမရှိမဖြစ်ပါဝင်ရန်လိုဟု KNU ခေါင်းဆောင်ပြော

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA လက်မှတ်မထိုးရသေးသည့် ညီနောင်များမရှိမဖြစ်ပါဝင်ရန်လိုဟု KNU ခေါင်းဆောင်ပြော

-

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် ဘုံရည်မှန်းချက်စံနှုန်းများ ညှိနှိုင်းနိုင်ရန် NCA စာချုပ်ကို လက်မှတ်မထိုးရသေးသည့်ညီနောင်များ မရှိမဖြစ်ပါဝင်ရမှာဖြစ်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EAOs ၏ တတိယအကြိမ် ထိပ်သီးခေါင်းဆောင်များအစည်းအဝေး၌ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဖွင့်အမှာစကား ပြောကြားသည်။

KNU ဥက္ကဌက “ဒီကြုံတွေ့ရတဲ့အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်များအကြားမှာ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ဘုံရည်မှန်းချက်နဲ့ ဘုံစံနှုန်းတွေ ညှိနှိုင်းရယူဖို့ လိုပါတယ်။ ဒီလို ဘုံသဘောထားတွေကို တည်ဆောက်တဲ့နေရာမှာလည်း NCA စာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ ညီနောင်များကလည်း မရှိမဖြစ်ပါဝင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီညီနောင်များအတွက်လည်း အလွတ်သဘောဆွေးနွေးပွဲတွေကနေ စတင်ပါဝင်ခွင့်ရှိရမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်သူ့ကိုမှ ချန်ထားလို့မရလို့ပဲ ဖြစ်ပါတယ်” ဟု အမှာစကားတွင် ပြောကြားခြင်းဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသည့် EAOs ၏ တတိယအကြိမ် ထိပ်သီးအစည်းအဝေးပထမနေ့(NCA-S EAO)

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ၏ တတိယအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး (3rd NCA-S EAO Summit) ကို စက်တင်ဘာလ (၈) ရက်မှ (၁၁) ရက်နေ့အထိ၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်လျက်ရှိပြီး အစည်းအဝေးသို့ NCA-S EAO ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ အစည်းအဝေးသို့ တက်ရောက်ကြောင်း NCA-S EAO Facebook ဖော်ပြချက်အရ သိရသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အားလုံးအကြား ယုံကြည်မှု တည်ဆောက်နေတဲ့နေရာမှာ အထောက်အကူဖြစ်စေနိုင်မယ့် ကိစ္စရပ်တွေကိုလည်း ဦးစားပေး ရွေးချယ်သွားရမှာ ဖြစ်သလို ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် ဘယ်လိုအတူတကွ အကောင်အထည်ဖော်သွားကြမလဲဆို တာကို ဆွေးနွေးသွားကြမှာပဲ ဖြစ်ပါတယ်”ဟု KNU ဥက္ကဌ ပြောကြားခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးပြီးသော ကရင်အမျိုးသားအစည်းအရုံး KNU, ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA, ကေအဲန်ယူ- ကေအဲန်အယ်အေ ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA-Peace Council, ချင်းအမျိုးသားတပ်ဦး CNF, ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO, မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF, ရခိုင်ပြည်တိုးတက်ရေးပါတီ ALP, သျှမ်းပြည်ပြန်လ ည်ထူထောင်ရေးကော င်စီ /သျှမ်းပြည်တပ်မတော် RCSS/SSA, မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU ခေါင်းဆောင်များ တက်ရောက်လျက်ရှိသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ထိပ်သီးဆွေးနွေးပွဲ (NCA-S EAOs Summit) များကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ပထမကြိမ်၊ ၂၀၁၆ ခုနှစ် မတ်လတွင် အကြိမ်ကျင်း ပပြုလုပ်ခဲ့ပြီး ဖြစ်သည်။

အလားတူ စက်တင်ဘာလ (၆) ရက်နှင့် (၇) ရက်နေ့များတွင် NCA-S EAO PPST အစည်းအဝေးနှင့် NCA-S EAO UPDJC အစည်းအဝေးများကိုလည်း ချင်းမိုင်၌ ကနဦး ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts