Homeသတင်းလက်ရှိအခြေအနေကို သတိကြီးစွာထားရန် (၄၇) နှစ်မြောက် MNLA နေ့သို့ မွန်ပြည်သစ်ဥက္ကဌ သဝဏ်လွှာပေးပို့

လက်ရှိအခြေအနေကို သတိကြီးစွာထားရန် (၄၇) နှစ်မြောက် MNLA နေ့သို့ မွန်ပြည်သစ်ဥက္ကဌ သဝဏ်လွှာပေးပို့

-

မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တွင် ကျင်းပသည့် MNLA နေ့အခမ်းအနား(မွန်ပြည်သစ်သတင်းစဉ်)

မွန်သတင်းအေဂျင်စီ-သြဂုတ်(၂၉)။ ။ မိမိတို့မွန်ပြည်သစ်ပါတီနှင့်အတူ တိုင်းရင်းသားလူမျိုးများအနေဖြင့် လက်ရှိအခြေအနေကို သတိကြီးစွာထားရန် (၄၇) နှစ်မြောက် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် Mon National Liberation Army – MNLA နေ့သို့ မွန်ပြည်သစ်ပါတီဥက္ကဌနှင့် ဗဟိုစစ်ကော်မတီဥက္ကဌ နိုင်ထောမွန်က မွန်ဘာသာဖြင့် သဝဏ်လွှာတစ်စောင် ယနေ့တွင် ပေးပို့လိုက်ကြောင်း တွေ့ရှိရသည်။

မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်တွင် ဗမာ့တပ်မတော်က အဓိကနေရာ၌ ဆက်လက်တည်ရှိနေခြင်း၊ စစ်တပ်အလိုကျရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်နိုင်သေးခြင်း၊ တပ်မတော်အလိုကို အစိုးရသစ်မှ လိုက်လျောနေရခြင်း၊ မြောက်ပိုင်းဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းတို့ကြောင့် မိမိတို့နှင့်အတူ တိုင်းရင်းသားလူမျိုးများအားလုံး သတိကြီးစွာထားရန် ရေးသားထားသည်။

မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တွင် ကျင်းပသည့် MNLA နေ့အခမ်းအနား(မွန်ပြည်သစ်သတင်းစဉ်)

တိုင်းရင်းသားလူမျိုးများသာမက အစိုးရသစ်၏ပါတီနှင့် ပြည်တွင်းနိုင်ငံရေးပါတီများကလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး ဆွေးနွေး၊ ညှိနှိုင်း၊ ကြိုးပမ်း အားထုတ်လျက်ရှိရာ ကျွနု်ပ်တို့တိုက်ပွဲဝင်နေသော တိုင်းရင်းသားများ၏ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အခွင့်အလမ်းများ ပေါ်ထွန်းလာနိုင်သည်ဟု ရှုမြင်မိကြောင်း ဖော်ပြထားသည်။

တဖက်တွင်လည်း မွန်တိုင်းရင်းသားတရပ်လုံးအနေဖြင့် လက်ရှိအချိုးအကွေ့တွင် တစ်သွေးတစ်သံတည်းရှိစေရေး အထူးလိုအပ်နေသဖြင့် အသင်းအဖွဲ့များနှင့်အတူ လက်တွဲဆောင်ရွက်ရန် အလေးအနက်ထားရပေမည် ဆိုသည်။

မွန်အမျိုးသားများကို ကာကွယ်စောင့်ရှောက်သည့် မွန်အမျိုးသားတပ်မတော်(ဒဗကမ) သည် မွန်ပြည်သစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် အသက်ထက်ဆုံး တာဝန်ကျေပွန်စွာဖြင့် မျိုးချစ်စစ်သည်တော်တို့၏ကျင့်ဝတ်နှင့်အညီ ခိုင်ခိုင်မာမာ ရပ်တည်ကြိုးပမ်းကြရန်၊ လူမှုအဖွဲ့အစည်းများနှင့်အတူ လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါသည်ဟု သဝဏ်လွှာနိဂုံးပိုင်း၌ ရေးသားထားသည်ကို ဖတ်ရှုရသည်။

(၄၇) နှစ်မြောက် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နေ့ အခမ်းအနားများကို မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တွင်၎င်း၊ တပ်ရင်းရုံးအခြေစိုက်ရာ မော်လမြိုင်၊ သထုံ၊ မြိတ်နှင့် ထားဝယ်ခရိုင်ဌာနချုပ်တွင်၎င်း၊ အမှတ် (၅) တပ်ရင်းရုံး ဗလဲ့ဒွန်ဖိုက်စခန်းနှင့် အမှတ် (၇) တပ်ရင်းရုံးစိုက်ရာ ရေးချောင်းဖျား ဂနီရွာအနီးတွင်၎င်း ယနေ့နံနက်ပိုင်းတွင်ကျင်းပခဲ့စဉ် သဝဏ်လွှာကို ဖတ်ကြားခြင်းဖြစ်ကြောင်း မွန်ပြည်သစ်သတင်းစဉ်မှ သိရသည်။

မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ရာ၌ မြို့နယ်ပြောက်ကျားတပ်ဖွဲ့များကိုအခြေခံခဲ့ပြီးနောက် ၁၉၇၁ ခုနှစ် သြဂုတ်လ(၂၉) ရက်နေ့တွင် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts