spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရေးမြောက်ပိုင်းဓါတ်အားခ ကုမ္ပဏီအဆိုပြုသည့် တစ်ယူနစ် ၄၂၅ ကျပ်နှုန်း မွန်ပြည်နယ်အစိုးရသတ်မှတ်ပေးထား

    ရေးမြောက်ပိုင်းဓါတ်အားခ ကုမ္ပဏီအဆိုပြုသည့် တစ်ယူနစ် ၄၂၅ ကျပ်နှုန်း မွန်ပြည်နယ်အစိုးရသတ်မှတ်ပေးထား

    -

    မွန်သတင်းအေဂျင်စီ (သြဂုတ်-၂၂)။ ။ မွန်ပြည်နယ် ရေးမြောက်ပိုင်းဒေသ၌ လျှပ်စစ်ဓါတ်အားဖြန့်ဖြူး ရောင်းချလျက်ရှိသော Southern Myanmar Development Co., Ltd.(SMD) ကုမ္ပဏီအဆိုပြုသည့်အတိုင်း မီတာခနှုန်းထား တစ်ယူနစ် ၄၂၅ ကျပ်နှုန်း မွန်ပြည်နယ်အစိုးရ သတ်မှတ်ပေးထားကြောင်း အစိုးရညွှန်ကြားစာတွင် တွေ့ရှိရသည်။

    လမိုင်းမြို့မီးကော်မတီဝင် မင်းသိန်းထွန်းဦး(ခ)ကိုစကစ်က “အစိုးရ ဆုံးဖြတ်ချက်ကိုကြည့်ရင် ဒေသခံတွေတောင်းဆိုတဲ့ အချက်တွေထဲက ဝန်ဆောင်ခ မကောက်ခံဖို့ ဒါတစ်ချက်ပဲရတယ်၊ ကုမ္ပဏီဘက်ကို အစိုးရတော်တော်လိုက်လျော ပေးထားတာတွေ့ရတယ်၊ ဒေသခံတောင်းဆိုချက်က ၂၀% လောက်ပဲ ရပြီးတော့ ၈၀% လောက်က ကုမ္ပဏီဘက်ကို ပြည်နယ်အစိုးရ ရပ်တည်ပေးနေတယ်လို့ မြင်တယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    သြဂုတ်လ ၂၀ ရက်နေ့စွဲဖြင့် SMD ကုမ္ပဏီ ဥက္ကဌထံသို့ ပေးပို့သည့် အချက် ၁၂ ချက်ပါ ညွှန်ကြားစာအရ မီတာထိန်းသိမ်းခ ကောက်ခံခြင်းမပြုရန်၊ လမ်းမီးတစ်နေ့အချိန် ၅ နာရီထွန်းညှိရန်၊ လမ်းမီးကျသင့်ငွေကို သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှ ကောက်ခံပေးရန် ဖြစ်သည်။

    မွန်ပြည်နယ်အစိုးရညွှန်ကြားစာ(Copy)

    “ကျနော်တို့ပြည်နယ်အစိုးရက ကျနော်တို့ဒေသခံတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ မြင်တယ်၊ ဒီလျှပ်စစ်မီးကိစ္စမှာ ပြည်နယ်အစိုးရက ဒေသခံတွေနဲ့ဆင်းမတွေ့ဘဲနဲ့ စားပွဲခုံပေါ်က တဖက်သတ်မြင်တဲ့အမြင်နဲ့ဆုံးဖြတ်တဲ့ဟာက ရေရှည်မှာ နိုင်ငံရော ပြည်နယ်အတွက်ရော လူထုတွေနဲ့ အစိုးရပုံရိပ်ကိုလည်း ထိခိုက်စေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

    SMD ကုမ္ပဏီမှ ဓါတ်အားဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် ပူးတွဲအဆိုပြုချက် ၆ ချက်အား လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး(ပူးတွဲတာဝန်) ဦးဝဏ္ဏကျော်မှ တင်ပြခဲ့ခြင်းအပေါ် (၈-၈-၂၀၁၈) ရက်နေ့တွင် ကျင်းပသော မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး(၃၀/၂၀၁၈) ဆုံးဖြတ်ချက်အပိုဒ်(၅) အရ သဘောတူကြောင်း အထက်ပါညွှန်ကြားစာတွင် ဖော်ပြထားသည်။

    အလားတူ လမိုင်းမြို့ရှိ SMD ရေးမြောက်ပိုင်းဒေသ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းရုံး တာဝန်ခံမှ သြဂုတ်လ ၁၈ ရက်နေ့က နှစ်ကရင်ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးပို့ခဲ့သည့်အကြောင်းကြားစာတစ်စောင်တွင် စာချုပ်တွင်မပါရှိသော ဝန်ဆောင်ခကောက်ခံခြင်းမပြုကြောင်း၊ မီတာခတစ်ယူနစ် ၄၂၅ ကျပ်နှုန်းဖြင့် ကျသင့်ငွေကို သတ်မှတ်ရက်အတွင်းပေးသွင်းရန်ဟု ပါရှိသည်။

    နှစ်ကရင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “ပထမတော့ သဘောမတူဘူးပေါ့၊ နောက်ပိုင်း အစိုးရဆီက စာပြန်ကျလာတဲ့အခါကျတော့ အပေါ်ကစာဆိုတော့ အားလုံးငြိမ်နေရတဲ့သဘောမျိုး ဖြစ်နေတာပေါ့၊ လမ်းမီးကို တစ်နေ့ ၅ နာရီပဲ ပေးတော့မယ်၊ ဈေးနှုန်းတော့ မညှိရသေးဘူး” ဟု ဆိုသည်။

    လမိုင်းမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ မော့ကနင်၊ နှစ်ကရင်၊ သပြေရွာသစ်နှင့် ကော့ဒွတ်ကျေးရွာတို့တွင် လွန်ခဲ့သည့် ၂ လကျော်ခန့်က SMD ကုမ္ပဏီ လျှပ်စစ်ဓါတ်အားစတင်ဖြန့်ဖြူးခဲ့သည့်နေရာတွင် သက်ဆိုင်ရာ လျှပ်စစ်ညှိနှိုင်းရေးကော်မတီများ မညှိနှိုင်းဘဲ ကုမ္ပဏီအနေဖြင့် မိမိတို့ဖာသာ တစ်ယူနစ် ၄၂၅ ကျပ်သတ်မှတ်ကောက်ခံသည့်အပြင် လစဉ်ဝန်ဆောင်ခ ၅၀၀ ကျပ်နှင့် လမ်းမီးခတစ်အိမ် ၄၂၅၀ ကျပ်ကိုလည်း ကောက်ခံသည့်အတွက် ကုမ္ပဏီနှင့် ဒေသခံလူထုအကြား အငြင်းပွားစရာဖြစ်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks