ယခုနောက်ပိုင်းနှစ်များတွင် မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး စိမ့်ဝင်ပြန့်နှံ့မှုသည် ကူးစက်ရောဂါတစ်ခုပမာ သိသိသာသာ ကျယ်ပြန့်စွာနေရာယူလာသည်။ ထိုမျှမက ကျောင်းလူငယ်များကြားတိုင်အောင် စိမ့်ဝင်လာသည်။ ပညာသင်ရွယ် ကျောင်းသားလူငယ်များ၏အသိတွင် မူးယစ်ဆေးဝါးသည် မကောင်းမှန်းသိသော်လည်း ၎င်းနှင့်ဆက်စပ်သည့် ဆိုးကျိုးအပြစ်များကိုမူ သေသေချာချာ သိရှိခြင်းမရှိပေ။
ထိုကြောင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့များတွင် ပညာပေးပြခန်းများ၊ ပြတိုက်များ နှစ်စဉ်ခင်းကျင်းပြသနေကြသော်လည်း သေးငယ်သောအဝန်းအဝိုင်းထဲ အဖြစ်သဘောမျှ ကျင်းပပြုလုပ်နေခြင်းသာဖြစ်သည်။ နေ့စဉ်စီးမျောနေသော လူ့ပတ်ဝန်းကျင်ထဲ ကျယ်ပြန့်ထိရောက်စွာ လှုံ့ဆော်ပေးနိုင်ခြင်းမရှိပါ။
အရာရာစူးစမ်းတတ်စအရွယ် လူငယ်များသည် အသစ်အဆန်းမြင်လျှင် စမ်းသပ်လိုကြသည်။ စမ်းသပ်ဖူးမှလည်း ခေတ်မီသည်ဟု အတွေးရောက်နေတတ်သည်။ သူငယ်ချင်းများ အတင်းအကျပ် ဆွဲဆောင်ဆွဲခေါ်သည်ဖြစ်စေ၊ အပျော်သဘောဖြစ်စေ၊ လူငယ်များ စိတ်ကြွမူးယစ်ဆေးဝါးကို သုံးစွဲနေကြသည်။ မွန်ဒေသအတွင်း ကျေးရွာအချို့ရှိ လူငယ်များသည် ဘဝတိုးတက်ရေးနည်းနာများ လေ့လာဆည်းပူး သင်ယူရမည့်အစား မူးယစ်ဆေးဝါးအကြောင်း ပါးစပ်အရသာခံ စကားဖောင်ဖွဲ့နေတတ်ကြသည်။
လူငယ်များ မူးယစ်ဆေးဝါးအပေါ် နားလည်လက်ခံထားသည့် အယူအဆများမှာ လွဲမှားနေလျက်။ မူးယစ်ဆေးဝါးသည် ကိုယ်လက်ပေါ့ပါး၍ စိတ်ဖိစီးမှု(Stress) လျော့ကျစေသည့်ဆေး၊ အတွေးအခေါ်ဆန်းသစ်၍ စိတ်ခံစားမှုကောင်းများစွာပေးသည့်ဆေး၊ အရက်ရေချိန် ကျော်လွန်သောအခါ အရက်အာနိသင် လျော့ကျစေရန် ထိန်းချုပ်သည့်ဆေးအဖြစ် လမ်းလွဲသုံးစွဲနေကြသည်။
မွန်ပြည်နယ် အချို့ဒေသများတွင် အသက်အရွယ် အပိုင်းအခြားမရွေး ပြစ်မှုပြစ်ဒဏ် ကြောက်ရွံ့ခြင်းမရှိပဲ အလွယ်တကူသုံးစွဲနေကြသည်။ ထိုသို့ ပြန့်ပွားမှုနှုန်း မြင့်တက်လာခြင်းသည် အလွန်အန္တရာယ်ကြီးသော အချက်ပေးခေါင်းလောင်းသံပင်ဖြစ်သည်။
အဘယ့်ကြောင့် စိတ်ကြွမူးယစ်ဆေးဝါးများ လူငယ်များကြား လွယ်လင့်တကူပြန့်နှံ့ခဲ့သနည်း။ အရင်းအမြစ်ကို သေချာပိုင်းခြားစစ်ဆေးကြည့်လျှင် အဖြစ်အပျက်များမှာ ဘူးပေါ်သလိုပေါ်လာပါတော့သည်။ မြို့နယ်တစ်ခုနှင့်တစ်ခု လူငယ်များ ရင်းနှီးကျွမ်းဝင်လာသောအခါ အရက်သောက်ခြင်းဖြင့် ဧည့်ခံတတ်ကြသည်။ အရက်သေစာသောက်စား၍ ရေချိန်ကျော် အမူးလွန်လာသောအခါ ဆေးသုံးစွဲနေသည့် ဒေသခံလူငယ်များက ဧည့်သည်လူငယ်များကို အရက်အာနိသင်ထိန်းချုပ်ရန် မူးယစ်ဆေးဝါး အတူတကွသုံးစွဲဖြစ်ကြသည်။ ထိုမှတစ်ဆင့် သုံးစွဲဖူးသော ဧည့်သည်လူငယ်များမှာ မိမိပတ်ဝန်းကျင် မြို့နယ်သို့ပြန်ရောက်သောအခါ ဒေသခံလူငယ်များကိုပါ ထပ်ဆင့်ဆွဲဆောင်ရင်း လူငယ်များကြား လွယ်လင့်တကူ စိမ့်ဝင်ပြန့်နှံ့လာခဲ့သည်။
စိတ်ကြွမူးယစ်ဆေးသည် အရွယ်အစား ပမာဏသေးငယ်သောကြောင့် တစ်နေရာမှတစ်နေရာသို့ အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။ အချို့သော လက်နက်ကိုင်တပ်ဖွဲ့တို့သည် လက်နက်အားကိုးဖြင့် မိမိတို့တပ်ဖွဲ့ ရပ်တည်ချက်ရန်ပုံငွေအဖြစ် မူးယစ်ဆေးဝါးကို တင်သွင်းရောင်းချကြသည်။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် ဒေသခံများအား တပည့်မွေးမြူ၍ စိတ်ကြွမူးယစ်ဆေးများ ထပ်ဆင့်ဖြန့်ဖြူးနေကြသည်။ ယခုတွင်မူ လက်နက်ကိုင်တပ်ဖွဲ့အချို့သာမက ဝိသမလောဘသမားများလည်း လက်နက်ကိုင်တပ်ဖွဲ့၏ အရှိန်အဝါကိုအသုံးချကာ စိတ်ကြွမူးယစ်ဆေးဝါးကို စီးပွားရေးတစ်ခုပမာ သဘောထား၍ လူငယ်များ၏အနာဂတ်ပန်းတိုင် ရိုက်ချိုးနေကြသည်။ ထိုသို့ စနစ်တကျဖျက်ဆီးနေသည်ကို လူငယ်များကိုယ်တိုင် နားလည်သဘောပေါက်ထားရန်လိုသည်။
`ယနေ့လူငယ် နောင်ဝယ်လူကြီး´ ဟူသော ဆောင်ပုဒ်နှင့်အညီ လူငယ်များသည် တစ်နေ့နိုင်ငံကိုဦးဆောင်မည့် ခေါင်းဆောင်လောင်းများဖြစ်ကြသည်။ ကျေးလက်ဒေသအတွင်းရှိ လူငယ်များသည် ပညာရည်နိမ့်ကျမှုကြောင့် အတ္တသမားများ၏ သားကောင်များအဖြစ် အနာဂတ်ထိုးကျွေးခံနေရသည်။ လူငယ်များကိုယ်တိုင်လည်း အသိမြင်အတတ်သင် စူးစမ်းလိုသည့်အကျင့်ဆိုးများ စွဲကပ်နေသောကြောင့် စမ်းသပ်သုံးစွဲရာမှ စိတ်ကြွမူးယစ်ဆေးစွဲသည့်အဆင့်သို့ ရောက်မှန်းမသိရောက်လာသည်။
လူငယ်များ တစ်ဦးနှင့်တစ်ဦး ဆွဲဆောင်ဖျားယောင်းရင်း မူးယစ်ဆေးဝါးအတူတကွ အများဆုံးသုံးစွဲသည့်အချိန်မှာ ပွဲလမ်းသဘင်များနှင့် မဟာသြင်္ကန်ကာလများတွင်ဖြစ်သည်။ မူးယစ်ဆေးဝါးကို ပျော်ရွှင်မှုများဖန်တီးပေးသည့် ဆေးဝါးအဖြစ် အမှတ်မှားကာ မလိုလားအပ်သောပြဿနာများ ဖြစ်ပေါ်စေသည်။ ခိုက်ရန်ဖြစ်ပွားမှုများ၊ ယာဉ်အန္တရာယ်များ၊ စိတ်ကိုထိန်းချုပ်နိုင်စွမ်းမရှိ၍ အသက်အန္တရာယ် ခြိမ်းခြောက်မှုပါဖြစ်ပေါ်လာစေသည်။ ထိုမျှမက ရေစုန်မျောဘဝပျက်၍ အပယ်ခံဘဝဖြင့် မိမိတို့၏ပတ်ဝန်းကျင်မှ ဖယ်ကြဉ်ခံလာမည်ဖြစ်သည်။ ထိုသို့ ပစ်ပယ်ခံရမှုများလာသောအခါ စိတ်ဓါတ်ကျဆင်းပြီး မိမိကိုယ်ကို သေကြောင်းကြံစည်မှုများ (Suicide) ပြုလုပ်လာနိုင်သည်။
လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲပြီးသည့်အခါ မူးယစ်ဆေးဝါးတွင်ပါသော ဓါတုဆေးဝါးများကြောင့် အိပ်ပျော်ခြင်းမရှိ။ တစ်ယောက်တည်းငေးငိုင်လျှက် လေထဲအိမ်ဆောက်နေသူပမာ စဉ်းစားတွေးတောနေတတ်သည်။ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ ရေငတ်ခြင်း၊ အစားအသောက်ပျက်ခြင်းများ ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ပိန်လှီကျဆင်းလာသည်။ ပတ်ဝန်းကျင်ကို သံသယမျက်လုံးဖြင့် ရှူမြင်လာသည်။ ထိုမှတစ်ဆင့် အသိစိတ်ထိန်းချုပ်နိုင်စွမ်းနည်းလာ၍ ရာဇာဝတ်မှုများလည်း အလွယ်တကူ ကျူးလွန်မိလာသည်။
ဆယ်ကျော်သက်လူငယ်များ အရက်သောက်သုံးမှုနှုန်းမှာလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသည်။ အရက်အလွန်အကျွံ သောက်သုံး၍ မူးယစ်လာသောအခါ အရက်အာနိသင်လျော့ကျစေရန် စိတ်ကြွမူးယစ်ဆေးဝါးကို ထပ်ဆင့်သုံးစွဲမိပြန်သည်။ ထိုသို့ တွဲဖက်သုံးစွဲခြင်းသည် ဆေးလမ်းလွဲအသုံးပြုခြင်း (Drug abuse) ပင်ဖြစ်သည်။ အရက်သောက်သုံးမှုနှုန်း ပိုမိုမြင့်တက်လာပြီ မူးယစ်ဆေးဝါးလည်း ပိုစွဲစေပါသည်။
ထို့ကြောင့် လူငယ်များအနေဖြင့် လွဲမှားနေသော အကျင့်ဆိုးများ ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီးဖြစ်သည်။ ဤသို့လွဲမှားနေခြင်းသည် လူငယ်များကြား အသိပညာပေးမှု အားနည်းခြင်းကြောင့်လည်းဖြစ်သည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထိမ်အမှတ်နေ့များတွင် ဟောပြောပွဲများ၊ ပြခန်းများပြသပြီး ပေါ်ပင်သာသာ ပြုလုပ်နေကြသည်။ အောက်ခြေအဆင့်ထိပြန့်နှံ့မှုမရှိပါ။ လူငယ်များကိုယ်တိုင် မူးယစ်ဆေးဝါးကို မုန်းတီးနေရန်နှင့် ပြစ်မှုပြစ်ဒဏ်များကို ကိုယ်တိုင်နားလည်ထားရန်လည်း လိုအပ်ပါသည်။
မူးယစ်ဆေးဝါးပညာပေးမှု အခန်းကဏ္ဍများတွင် လူငယ်များ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ရန် လိုသည်။ မြို့နယ်၊ တိုက်နယ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ချိတ်ဆက်၍ အသိပညာပေးမှု အခန်းကဏ္ဍများ အခွင့်သာသလို အစဉ်တစိုက် ပြုလုပ်ပေးရန်လိုသည်။ အစီအစဉ်များ စနစ်တကျရေးဆွဲ၍ အစိုးရဌာနများ၌သာမက အခြားသောလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အောက်ခြေအဆင့်တိုင်အောင် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။
လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျလာစေရန် ၎င်းတို့စိတ်ပါဝင်စားသော ကဏ္ဍများကိုလည်း မြှင့်တင်ထားရန်လိုသည်။ လူငယ်များသည် ၎င်းတို့စိတ်ဝင်စားသော လူမှုရေးကိစ္စများ၊ ဘာသာရေး၊ နည်းပညာ၊ စာပေ၊ ဂီတ၊ လက်မှုပညာတစ်ခုခုတွင် လက်တွဲခေါ် ဝင်ရောက်သင်ယူခြင်းဖြင့် မူးယစ်ဆေးဝါး သုံးစွဲလိုသော စိတ်အာရုံများလျော့ကျစေသည်။
ယခုအခါ စိတ်ကြွမူးယစ်ဆေးဝါးသည် လူငယ်များကြားသာမက စာသင်ခန်းများထိတိုင်အောင် ကူးစက်ပျံ့နှံ့လျက် အနာဂတ်ခြိမ်းခြောက်ခံနေရသည်။ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုရှိမှသာ မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူများ ထိရောက်စွာထိန်းချုပ်နိုင်မည်ဖြစ်သည်။ ပြစ်မှုပြစ်ဒဏ်များလည်း လူထုတစ်ရပ်လုံး နားလည်အောင် ချပြထားရမည်ဖြစ်သည်။
ပစ္စုပ္ပန်ကာလ ဆေးယဉ်ပါးနေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်နေပြီးဖြစ်သည်။ လူငယ်များအနေဖြင့် မိမိတို့ နားလည်လက်ခံထားသော ခံယူချက်အမှားများကို ပြုပြင်ပြောင်းလဲရန်လိုသည်။ လူငယ်များ မူးယစ်နွံမှ ရုန်းထွက်နိုင်မှသာ ဖြူစင်သောဘဝဖြင့် လှပသောအနာဂတ်ဆီ ချီတက်နိုင်မည်ဖြစ်သည်။ ရာဇာဝတ်ဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များလည်း လူငယ်များကိုယ်တိုင် သိရှိနားလည်နေဖို့လိုသည်။ ဆေးစွဲနေသည့် လူငယ်များ အနာဂတ်မပျောက်ပျက်အောင် ဝိုင်းဝန်းလက်တွဲကူ၍ ကျန်းမာရေးဌာနသို့ ဆက်သွယ်ကာ ဆေးဖြတ်ပေးရန်လိုသည်။ သို့မှသာ မူးယစ်ကင်းစင်သော လူနေမှုဘဝဖြင့် အနာဂတ်ကောင်းတစ်ခု ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထိုကြောင့် နာတာရှည်ရောဂါပမာ အမြစ်တွယ်နေသော လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်မှ မွန်လူငယ်များ ရုန်းထွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။