spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလမိုင်းမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများ၌ ဝန်ထုတ်ဝန်ပိုးဖြစ်စေသော လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကို လွှတ်တော်မှတဆင့် မေးခွန်းမေးမြန်းမည်ဟုဆို

    လမိုင်းမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများ၌ ဝန်ထုတ်ဝန်ပိုးဖြစ်စေသော လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကို လွှတ်တော်မှတဆင့် မေးခွန်းမေးမြန်းမည်ဟုဆို

    -

    မွန်ပြည်နယ်၊ လမိုင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာအုပ်စုများ၌ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော Southern Myanmar Development Co.,Ltd.(SMD) ၏ ဒေသခံများအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေသောကိစ္စရပ်များနှင့်ပတ်သက်၍ လွှတ်တော်မှတဆင့် မေးခွန်းမေးမြန်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အမှတ်(၇) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နိုင်သီဟက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နိုင်သီဟက “လွှတ်တော်မှာ မေးခွန်းမေးမြန်းဖို့ စာရင်းပေးသွင်းပြီးပြီ၊ ဘယ်နေ့မှာအလှည့်ကျမလဲတော့ မသိရသေးဘူး၊ ကျနော့်မဲဆန္ဒနယ်က ပြည်သူတွေကို အဓိက ဝန်ထုတ်ဝန်ပိုးတွေ မဖြစ်စေဖို့ပဲ၊ ဒါကြောင့် မေးခွန်းတွေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ မဆွေးနွေးရသေးတဲ့အတွက် အသေးစိတ်ပြောလို့ မရသေးပါ” ဟု ဆိုသည်။

    SMD လျှပ်စစ်မီတာခငွေတောင်းခံလွှာ(Copy)

    လမိုင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် မော့ကနင်၊ နှစ်ကရင်၊ သပြေရွာသစ်၊ ကော့ဒွတ်ကျေးရွာတို့တွင် SMD ကုမ္ပဏီအနေဖြင့် လျှပ်စစ်ဓါတ်အားခနှုန်းထားခ တစ်ယူနစ် ၄၂၅ ကျပ်အပြင် တစ်လဝန်ဆောင်ခ ၅၀၀ ကျပ်နှင့် လမ်းမီးခ ၄၂၅၀ ကျပ်ကောက်ခံနေခြင်းသည် ဒေသခံပြည်သူများအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေသည်ဟု ၄င်းကပြောသည်။

    “လျှပ်စစ်ဓါတ်တိုင်တွေ ဒေသခံလယ်မြေပေါ်မှာ စိုက်ထူထားတဲ့အတွက် ပျက်စီးဆုံးရှုံးတဲ့ သီးနှံတွေအတွက် နစ်နာသူဒေသခံတွေ လျော်ကြေးတောင်းနေတာ ရှိတယ်၊ ကုမ္ပဏီကားတွေကြောင့် ခုလိုမိုးတွင်းမှာ သပြေရွာသစ်-နှစ်ကရင်လမ်းတွေ ပျက်စီးလို့ ကျောင်းသားတွေ ဆရာ/ဆရာမတွေ ရွာသားတွေ သွားလာမှု အခက်အခဲဖြစ်နေရတယ်၊ ဒီကိစ္စတွေကို အောက်ခြေမှာ ညှိနှိုင်းလို့မရ ဖြစ်နေတယ်၊ ဒါတွေကို လွှတ်တော်ကနေတဆင့် ဆောင်ရွက်သွားမယ်” ဟု နိုင်သီဟက ဆက်ပြောသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အနက် အစိုးရမဟာဓါတ်အားလိုင်းမရောက်ရှိသေးသော ရေးမြို့နယ်အတွင်း လျှပ်စစ်မီးရရှိရေးအတွက် SMD ကုမ္ပဏီက အမေရိကန်ဒေါ်လာသန်း (၂၆,၀၀၀) ကျော်ရင်းနှီးမြှုပ်နှံ၍ ၃၀ မဂ္ဂါဝပ်အောက် လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုကို ယခုနှစ် ဧပြီလ ၉ ရက်နေ့တွင် နှစ်ကရင်ကျေးရွာအုပ်စု သပြေရွာသစ်ကျေးရွာ၌ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

    နှစ်ကရင်ကျေးရွာမှ မမီး(အမည်လွှဲ) က “ကုမ္ပဏီမီးဝင်လာတော့ အိမ်တွေမှာ မီးတပ်ဆင်ခ ၅ သိန်းအထိ ကုန်ကျတာလည်း ရှိခဲ့တယ်၊ နောက်ပြီး လိုင်းချိတ်ခဆိုပြီးသက်သက် တစ်အိမ် ၅ ထောင်ကောက်ပါတယ်၊ ဝန်ဆောင်ခ၊ လမ်းမီးခတွေ မပေးဖို့ ကျမတို့ရွာသားတွေစုပြီး ဒီနေ့ အစည်းအဝေးလုပ်ကြမယ်၊ ဒီလ ၂၁ ရက်နေ့ မီတာခနောက်ဆုံးသွင်းရမယ့်နေ့ပါ၊ ဒါပေမယ့် မီတာခ မသွင်းသေးဘူးလို့ ဆုံးဖြတ်ထားကြတယ်၊ လမိုင်းမြို့မှာလည်း ဝန်ဆောင်ခ လမ်းမီးခ မပေးဖို့ အစည်းအဝေးလုပ်ကြတယ်” ဟု ဆိုသည်။

    အလားတူ မဟာဓါတ်အားလိုင်းပြင်ပရှိ ဖွံ့ဖြိုးမှုနိမ့်ကျသည့်ဒေသများ မီးလင်းရေးဆောင်ရွက်ရာတွင် လျှပ်စစ်တစ်ယူနစ်လျှင်ကျပ် ၃၅၀ မှ ၅၀၀ အထိမကောက်ခံဘဲ စျေးနှုန်းလျှော့ချကောက်ခံသင့်ကြောင်း သြဂုတ်လ ၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များ တင်ပြခဲ့သည်ဟု သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks