spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ရေကြီးမှု စာသင်ကျောင်း ၁၂၉ ကျောင်း ဆက်ပိတ်ထားရ

    မွန်ပြည်နယ်ရေကြီးမှု စာသင်ကျောင်း ၁၂၉ ကျောင်း ဆက်ပိတ်ထားရ

    -

    မွန်ပြည်နယ်အတွင်း ယခုရက်ပိုင်းရေကြီးမှုကြောင့် စာသင်ကျောင်းပေါင်း ၁၂၉ ကျောင်း ဆက်ပိတ်ထားရကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

    “တချို့ကျတော့ ကျောင်းဝင်းထဲကို မမြုပ်ဘူး၊ ဒါပေမဲ့ ကျေးရွာမြုပ်တဲ့အတွက်ကြောင့် ကျောင်းပိတ်ထားရတာ။ လောလောဆယ် ပိတ်မှာကတော့ ၂ ရက်နဲ့ ၃ ရက်ပဲပေါ့။ ဒါပြီးလို့ရှိရင် အခုမိုးလဲနည်းပြီးဆိုတော့ ရေပြန်ကျတာနဲ့ ချက်ချင်းပြန်ဖွင့်မယ်” ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးတာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ကြည်က ပြောသည်။

    သထုံမြို့နယ် ၂၄ ကျောင်း၊ ဘီးလင်းမြို့နယ် ၅၆ ကျောင်း၊ ကျိုက်မရောမြို့နယ် ၃၂ ကျောင်း၊ ပေါင်မြို့နယ် ၉ ကျောင်းနှင့် မော်လမြိုင်မြို့နယ်တွင် စာသင်ကျောင်း ၈ ကျောင်းတို့ ပိတ်ထားရခြင်း ဖြစ်သည်။

    ယခင်နှစ်များက ရေဘေးသင့်စာသင်ကျောင်းတစ်ကျောင်းတွင် အာဇာနည်နေ့အခမ်းအနားကျင်းပခဲ့စဉ်(Facebook)

    ရေများပြန်ကျသည့်အခါ ကျောင်းပိတ်ရက်များကို အစားထိုးပြန်လည်ဖွင့်လှစ်၍ လိုအပ်သည့် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ပညာရေးမှူးအဖွဲ့မှ ထောက်ပံ့မည်ဖြစ်ပြီး ကျောင်းသန့်ရှင်းရေးနှင့် ပရိဘောဂပစ္စည်းများကို စီးပွားရေးတက္ကသိုလ်ကျောင်းသားဟောင်းများက အကူအညီပေးမည်ဟု သူက ဆက်ပြောသည်။

    ထို့အတူ မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူအေးက “ပြန်လည်ထူထောင်ရေးတွေမှာ အိမ်တွေ၊ လမ်းတွေ၊ တံတားတွေပျက်စီးတာရှိမယ်၊ အစ်မတို့သဘာဝဘေးကော်မတီဖွဲ့ထားတယ်၊ သဘာဝဘေးကော်မတီက ပြန်လည်ထူထောင်ရေးအပိုင်းမှာ ဘယ်သူက ဘာတွေလုပ်ကြမယ်ဆိုတာ ရှိတယ်”ဟု ပြောသည်။

    မွန်ပြည်နယ်တွင် ဇူလလိုင် ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်နှင့် ကျိုက်မရောမြို့နယ်များတွင် လူဦးရေ (၄၃၀၀၀) ကျော်နှင့် အိမ်ထောင်စု (၇၂၀၀) ကျော်ရေဘေးသင့်ခဲ့ကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts