spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်း၂၀၀၈ ကို NCA ပြင်လို့မရနိုင်ပါ

    ၂၀၀၈ ကို NCA ပြင်လို့မရနိုင်ပါ

    -

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အရ ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) ချုပ်ဆိုပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့ရနိုင်၊ မနိုင်ဆိုတာ တင်ပြလိုပါတယ်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံဖွဲ့ပွဲနေ့က ပြောကြားတဲ့မိန့်ခွန်းတွေမှာ ၂၀၂၀ မတိုင်ခင် လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

    ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၂) ချုပ်ဆိုစဉ်(MSCO)

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၈ မှာ နောက်ထပ် ၁ ကြိမ်၊ ၂၀၁၉ မှာ ၂ ကြိမ် စုစုပေါင်း ၃ ကြိမ်ဆက်လက်ကျင်းပသွားဖို့ အစိုးရနဲ့ တပ်ပိုင်းဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်အကြီးအကဲတွေ အသိပေးပြောကြားလာတဲ့အတွက် ငြိမ်းချမ်းရေးလမ်းပြမြေပုံကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရပါပြီ။

    သို့သော် ၂၀၂၀ အလွန်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အခန်းကဏ္ဍဟာ ဘယ်လိုဆက်လက်တည်ရှိနေဦးမလဲ၊ တပ်ဖွဲ့တွေပေါင်းစည်းတာ၊ ဖျက်သိမ်းလိုက်တာ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိလို့ ကွက်လပ်တစ်ခု လစ်ဟာနေသလိုပါ။

    ရှေ့ဆက်ကျင်းပသွားမယ့် ငြိမ်းချမ်းရေးညီလာခံတွေမှာ NCA လက်မှတ်မရေးထိုးဖြစ်သေးတဲ့ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်လာဖို့ အစိုးရက ဆက်လက်ဖိတ်ခေါ်ရင်း မပါလာရင်လည်း ဘယ်အဖွဲ့အစည်းကိုမှမစောင့်တော့ဘဲ အချိန်တန်ရင် ညီလာခံဆက်လုပ်သွားမယ့်သဘော သံဓိဌာန်ခိုင်ခိုင်မာမာ ချထားပုံပေါ်တယ်။

    သို့ပေမယ့် NCA လက်မှတ်ထိုးပြီး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထဲက အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ရှမ်းနဲ့ ရခိုင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆက်မလုပ်ဖြစ်တာ၊ အောက်ခြေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ နားလည်မှုလွဲမှားပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ညီလာခံလိုပဲ သတ်မှတ်ကာလတွေမှာ ကျင်းပနိုင်ဖို့ဆိုတာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။

    တဖက်မှာလည်း ဒီလိုမကြေလည်မှုတွေဟာ တပ်မတော်ရဲ့ သဘောထားအပေါ်မှာပဲ မူတည်နေတဲ့အတွက် တပ်မတော်က လက်ခံရင် အထစ်အငေါ့တွေ မရှိနိုင်ဘူးလို့ သုံးသပ်လိုပါတယ်။

    နောက်တစ်ချက်က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရလဒ်တွေနဲ့အညီ ရရှိလာတဲ့ ပြည်ထောင်စုသဘောတူစာချုပ်တွေကို ပြည်ထောင်စုလွှတ်တော်မှာအတည်ပြုပြီး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ဖို့ မိမိတို့လိုရာဆွဲတွေးပြီး စိတ်ကူးယဉ်ပြောဆိုနေတာကိုလည်း တွေ့ရပါတယ်။

    ပြည်ထောင်စုသဘာတူစာချုပ်ပါ အချက်တွေဟာ တိုင်းပြည်ရဲ့ဖွဲစည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေအားလုံးကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနဲ့ ဖြည့်စွက်ခြင်းဆောင်ရွက်ရာမှာ အခြေခံရမယ့် အ ချက်တွေလို့ “တတိယအကြိမ်ညီလာခံ ငြိမ်းချမ်းရေးတံခါးပွင့်ပြီလား” DVB Debate အစီအစဉ်တစ်ခုမှာ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီ ဒုဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဝင်ရောက်ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။

    ဒါတွေဟာ NCA စာချုပ်မဖြစ်ခင်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ငြိမ်းချမ်းရေးလော်ဘီတွေရဲ့ သံတမန်နည်းနဲ့ မက်လုံးပေး အလွတ်သဘောပြောဆိုမှုတွေ၊ ဘေးတိုက်ဆွေးနွေးမှုတွေကို အတည်ပြုလို့မရသလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇူလိုင် ၁၁ ရက် ညီလာခံဖွင့်ပွဲနေ့မှာ ပြောကြားခဲ့တဲ့မိန့်ခွန်းကိုလည်း စျေးဆစ်လို့ မရနိုင်ပါဘူး။

    ဗိုလ်ချုပ်မှူးကြီးက “ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ဆက်စပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လိုတဲ့ သဘောထားတွေ ကျွန်တော်တို့ သိပါတယ်။ —————— ဒီလိုဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ကြဖို့လိုပါတယ်။ ရှိပြီးသား နိုင်ငံတော်အခြေခံမူ(၄၈)ချက် ခိုင်မာတည်တံ့ဖို့ လိုအပ်ပါတယ်” လို့ အတိအလင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ( ၁၂ ) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်းမှာပါတဲ့ ပုဒ်မ ၄၃၆(က) မှာ “ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉ ၊ ၆၀၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊၃၀၅၊ ၃၁၄၊၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဌာန်းချက်များကိုပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅% ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” လို့ ပြဌာန်းထားပါတယ်။

    ထို့ကြောင့် အခန်း ( ၁၂ ) ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းကို ချုပ်လိုက်ရင် “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့်သာ ပြင်ဆင်ရမည်” လို့ အထင်အရှား ပြဌာန်းထားတာဖြစ်တဲ့အတွက် NCA ဟာ ၂၀၀၈ ကို ပြင်ဆင်လို့မဖြစ်နိုင်ပါဘူး။

    ထို့ကြောင့် လက်နက်ကိုင်တပ်ဖွဲ့အင်အားကြီးတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးမှုကော်မတီ FPNCC မြောက်ပိုင်း ၇ ဖွဲ့တို့ NCA လမ်းကြောင်းပြင်ပကနေ နိုင်ငံရေးဆွေးနွေးမယ်လို့ ပြောဆိုနေတာ၊ ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်က NCA ကို ပြင်ဆင်ခွင့်၊ NCA မှ နှုတ်ထွက်ခွင့်ကို စာအားဖြင့် ကတိခံပါက ”၀” UWSA / UWSP အနေဖြင့် NCA လက်မှတ်ရေးထိုးရန် တက်ကြွစွာ စဉ်းစားမယ်လို့ ပြောဆိုနေတာဟာ NCA စာချုပ်အားနည်းချက်၊ ချို့ယွင်းချက်တွေကို ထောက်ပြလိုတာ ဖြစ်တယ်။

    အလားတူ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က လက်ရှိအချိန်မှာ NCA လက်မှတ်ထိုးဖို့ရှိ မရှိ ဆိုတာ ပြောဖို့အချိန်စောသေးတယ်လို့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲလာတက်သူ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော် ပြောဆိုခဲ့တာကိုကြည့်ရင် လက်ရှိ NCA အတိုင်း စာချုပ်လက်မှတ်ထိုးဖို့ လွယ်လွယ်နဲ့မဖြစ်နိုင်ဘူးလို့ သုံးသပ်ရပါတယ်။

    ချုပ်ပြီးပြောရရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က “ဒီနေ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တက်ကြွစွာ ဦးဆောင်ဆောင်ရွက်နေခြင်းဟာ ကျွန်တော်တို့မှာ အင်အားချိနဲ့နေလို့ မဟုတ်ဘူးဆိုတာ သတိချပ် စေလိုပါတယ်” ဆိုတဲ့ မိန့်ခွန်းကိုပဲ စာဖတ်သူတို့ အမှတ်ရနေပါစေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts