မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့ ဇူလိုင်လ ၂၁ ရက်နေ့က မော်လမြိုင်မြို့ AMDP ရုံးဆွေးနွေးပွဲ၌ နှစ်ပါတီပေါင်းစည်းရေးသဘောတူညီမှုရရှိကြပြီး ပါတီသစ်ဥက္ကဌ အဖြစ် နိုင်တင်အောင်ကို ရွေးချယ်လိုက်ကြောင်း သတင်းရရှိသည်။
“နှစ်ပါတီပေါင်းစည်းရေးကို အားလုံးအပြီးသတ်နိုင်ခဲ့ပြီ၊ အဓိသဘောတူခဲ့တာက ပါတီတွင်း တာဝန်ခွဲဝေမှုတွေ၊ တဖက်ကို ဗဟိုကော်မတီ ၅၀ ဦးစီ စုစုပေါင်း ၁၀၀ ဦး၊ အဲဒီအထဲက ဗဟိုအလုပ်အမှုဆောင် ၂၂ ဦးစီရွေးလိုက်တော့ စုစုပေါင်း ၄၄ ဦး၊ ဒီတစ်လအတွင်းမှာ ပါတီအမည်အတည်ပြုမယ်၊ အဲဒီနောက် ရှေ့ဆင့်နောက်ဆင့်မှာပဲ နှစ်ပါတီပေါင်းစည်းခြင်း အထိန်းအမှတ်ပွဲနဲ့ ဗဟိုကော်မတီအစည်းဝေးလုပ်ဖို့ စီစဉ်ထားတယ်” ဟု ပါတီသစ်၏ တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမက ဆိုသည်။
အနယ်နယ်အရပ်ရပ်မှ အကြံပြုပေးပို့လာသည့် ပါတီအမည်သစ် ၄၉ ခုအနက် ၁၀ ခုကို ရွေးချယ်ထားပြီး အောက်ခြေပါတီထုထံ ပါတီပေါင်းစည်းရေးရှင်းလင်းပွဲများဆက်လက်ပြုလုပ်၍ ပါတီသစ်အမည်ကိုလည်း အများသဘောတူညီချက်အတိုင်း အတည်ပြုသွားမည်ဟု ၄င်းကဆက်ပြောသည်။
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်ကျန်ရစ်က “အောက်ခြေပါတီဝင်တွေကိုလည်း ကျနော်တို့သဘောတူချက်တွေကို ဆက်ပြီးရှင်းလင်းသွားမယ်၊ ဖြစ်ပေါ်လာမယ့်ပါတီသစ်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေ ရေးဆွဲသွားမယ် ဒါက ၂ လအတွင်းပြီးနိုင်အောင်တော့ ဆုံးဖြတ်ထားတာပေါ့၊ နောက်တစ်ချက် အပြင်မှာပြန့်ကျဲနေတဲ့အင်အားစုတွေ နိုင်ငံရေးကိုစိတ်ဝင်စားသူ တစ်ဦးချင်းဖြစ်ဖြစ် အစုအဖွဲ့နဲ့ဖြစ်ဖြစ် အားလုံးပါဝင်နိုင်အောင် ကျနော်တို့ဆွေးနွေးထားတယ်” ဟု ပြောသည်။
ထို့ပြင် ပြန့်ကျဲနေသောအင်အားစုများ ပါဝင်လာရေးအတွက် နိုင်ငံရေးအင်အားစုများ၊ သက်ဆိုင်သည့်ပုဂ္ဂိုလ်များနှင့် တရားဝင်တွေ့ဆုံဆွေးနွေးရန် အဖွဲ့ခေါင်းဆောင် နိုင်ကျန်ရစ် ဦးဆောင်သော ၅ ဦးပါအဖွဲ့ကိုလည်း ဖွဲ့စည်းတာဝန်ပေးထားသည်ဟု ဆိုသည်။
မွန်ကိုယ်စားပြုပါတီဖြစ်မြောက်ရေး ၂၁ ဦးအဖွဲ့ ပြောခွင့်ရ ဒေါက်တာအောင်နိုင်ဦးက “ဒီလဆန်းပိုင်း ၆ ရက်နေ့မှာ နှစ်ပါတီဘက်က ကိုယ်စားလှယ် ၅ ဦးနဲ့ ကျနော်တို့ ၅ ဦးတွေ့ခဲ့တယ်၊ ကျနော်တို့တင်ပြတာကတော့ သူတို့နှစ်ပါတီရော ကျနော်တို့ မွန်နိုင်ငံရေးညီလာခံက ဖွဲ့စည်းပေးလိုက်တဲ့ ၂၁ ဦးနဲ့ အဖွဲ့ဝင်တွေရော အပြင်မှာဘာမှကြွင်းကျန်မှုမရှိစေရအောင် ၃ ဘက် ၃ ဖွဲ့လုံးပူးပေါင်းပြီးတစ်ခုတည်းဖြစ်ရေးအတွက် ဖွဲ့စည်းဆောင်ရွက်သွားဖို့၊ ၃ ဘက် ၃ ဖွဲ့စုစည်းပြီး တစ်ခုတည်းဖြစ်တဲ့အခါကျရင် ပါတီသစ်အမည်ကို ၃ ဖွဲ့သဘောတူညီချက်နဲ့ သတ်မှတ်ဖို့၊ ဒီ ၃ ဘက် ၃ ဖွဲ့ပေါင်းစည်းရေးကို တစ်လအတွင်း ဆောင်ရွက်ပေးဖို့ ပြောထားတယ်၊ သူတို့ဘက်က အကြောင်းပြန်ပေးပါ့မယ်လို့ ကျနော်တို့ကို ပြောပါတယ်၊ အမြန် အကြောင်းပြန်သင့်တယ်လို့ ယူဆတယ်” ဟု ပြောသည်။
သို့ရာတွင် မွန်ကိုယ်စားပြုပါတီဖြစ်မြောက်ရေး ၂၁ ဦးအဖွဲ့သာမက ပြန့်ကျဲနေသည့်အင်အားစု အားလုံးပါဝင်လာရေး All Inclusive ကို မိမိတို့နှစ်ပါတီပေါင်းစည်းရေးလုပ်ငန်းပြီးမြောက်မှသာ ပါတီသစ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်း မွန်သတင်းအေဂျင်စီသို့ နိုင်ကျန်ရစ်က ဆိုသည်။
နှစ်ပါတီပေါင်းစည်းရေးသဘောတူညီချက်အရ ဥက္ကဌ နိုင်တင်အောင်၊ ဒုဥက္ကဌ(၁) နိုင်လှအောင်၊ ဒုဥက္ကဌ(၂) နိုင်ငွေသိန်း၊ ဒုဥက္ကဌ(၃) နိုင်ချမ်းတွဲ့ ၊ အထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး၊ တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမ၊ တွဲဘက်အတွင်းရေးမှူး(၂) နိုင်စံတင်၊ တွဲဘက်အတွင်းရေးမှူး(၃)နိုင်စိုးမြင့်၊ တွဲဘက်အတွင်းရေးမှူး(၄) နိုင်သန်းရွှေ၊ တွဲဘက်အတွင်းရေးမှူး(၅) ဒေါက်တာမင်းကြည်ဝင်း တို့ကို ရွေးချယ်ထားကြောင်း သိရသည်။
နိုင်တင်အောင်သည် မွန်ပြည်သူ့တပ်ဦး ဥက္ကဌနိုင်အောင်ထွန်း၏သား၊ ငယ်စဉ်ဘဝက မွန်ပြည်သူ့တပ်ဦးအဖွဲ့ဝင်ဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း၊ မွန်အမျိုးသားပါတီ ဒုဥက္ကဌ တာဝန်ယူခဲ့သူ ဖြစ်သည်။