spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းသားများခွဲထွက်ရေးကို မစိုးရိမ်သင့်ကြောင်း PPST+2 ခေါင်းဆောင်များ တပ်ချုပ်ကိုပြောကြားခဲ့ဟု နိုင်ဟံသာဆို

    တိုင်းရင်းသားများခွဲထွက်ရေးကို မစိုးရိမ်သင့်ကြောင်း PPST+2 ခေါင်းဆောင်များ တပ်ချုပ်ကိုပြောကြားခဲ့ဟု နိုင်ဟံသာဆို

    -

    NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST + 2 နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့စဉ် “တိုင်းရင်းသားများခွဲထွက်ရေး”ကို မစိုးရိမ်သင့်ကြောင်း ခေါင်းဆောင်များ ပြောကြားခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

    လက်ရှိပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) ကျင်းပနေစဉ်ကာလအတွင်း နေပြည်တော်သို့ ရောက်ရှိနေသော PPST + 2 ခေါင်းဆောင်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ ဇူလိုင်လ (၁၂) ရက်နေ့က တွေ့ဆုံကြစဉ် ယင်းသို့ပြောကြားခဲ့သည်ဟု နိုင်ဟံသာက ဆိုသည်။

    “ကျွန်တော်တို့ နိုင်ငံအနေအထားနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပြန်ကြည့်ရင် တိုင်းရင်းသားဒေသတွေဟာ ကုန်းတွင်းပိတ် Land Lock တွေ ဖြစ်နေတယ်။ ဒီလိုအနေအထားမျိုးမှာ ဘယ်တိုင်းရင်းသားကမှ ခွဲထွက်ရေးကို စဉ်းစားမှာ မဟုတ်ပါဘူး၊ လူနည်းစုလည်းဖြစ်တယ်၊ နေရာဒေသကလည်း ကျဉ်းကျဉ်းလေး စီးပွားရေးကလည်း ကောင်းတာမဟုတ်ဘူး၊ ဒါကြောင့် တိုင်းရင်းသားတွေမှာ ခွဲထွက်လိုတဲ့ သဘောထားရှိနေသလို ထင်မြင်ယူဆပြီးတော့ စိုးရိမ်သင့်တဲ့ကိစ္စ မဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောခဲ့တယ်” ဟု နိုင်ဟံသာက ညီလာခံကျင်းပသည့် MICC2 ခန်းမ၌ မွန်သတင်းအေဂျင်စီသို့ ယနေ့တွင် ပြောသည်။

    PPST+2 ခေါင်းဆောင်များနှင့် တပ်ချုပ်တို့အမှတ်တရဓါတ်ပုံ(NCA-S EAOs)

    သို့ရာတွင် ယခင်ခေါင်းဆောင်အသီးသီးတို့က ၁၉၄၇ ခုနှစ်ပင်လုံစာချုပ်တွင် ခွဲထွက်ခွင့်ရှိကြောင်း သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြသည့်ကိစ္စကို လက်ရှိသက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်များက ခြေထောက်ဖြင့် ဖျက်ပစ်လိမ့်မည်မဟုတ်ဟု ၄င်းကဆိုသည်။

    အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် PPST + 2 ခေါင်းဆောင်များ ယမန်နေ့တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံး၌ တွေ့ဆုံခဲ့ကြောင်း အစိုးရသတင်းဌာနက ဖော်ပြသည်။

    နိုင်ဟံသာက “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်၊ အခုညီလာခံမှာ တစ်ဆို့မှုတွေ ဖြစ်နေရတဲ့ “ခွဲမထွက်ရ၊ တစ်ခုတည်းသော တပ်မတော်” ဆိုတဲ့အချက်တွေကို ရှင်းပြခဲ့တယ်။ ဒီအတိုင်းသာ လမ်းကြောင်းတွေကို ပိတ်ဆို့ထားမယ်ဆိုရင် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ရှေ့ဆက်သွားလို့ရမှာ မဟုတ်ပါဘူး၊ ရှေ့ဆက်ဆွေးနွေးဖို့လည်း လွယ်ကူတော့မှာမဟုတ်ဘူး၊ ဒီတော့ ရှေ့မှာဆက်လက်ဆွေးနွေးနိုင်ဖို့က “ထွက်ပေါက်တွေ” ရှာပြီး နည်းတမျိုးမျိုးနဲ့ “ဖောက်ထွက်” ပါလို့ ပြောခဲ့တယ်” ဟု ဆိုသည်။

    လက်ရှိညီလာခံကျင်းပပြီးသည့်အခါ အစိုးရနှင့်တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများကို အရေအတွက်များများ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ယမန်နေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

    “အခုညီလာခံပြီးရင် အလွတ်သဘောအစည်းဝေးတွေ သွားမယ်၊ ဘေးတိုက်အစည်းအဝေးတွေ သွားမယ်၊ နောက်တစ်ချက်က ခေါင်းဆောင်တွေအချင်းချင်း ဒီထက်ပိုပြီးနီးကပ်အောင် မကြာခဏတွေ့ဆုံမယ်၊ အဓိကတော့ ခေါင်းဆောင်တွေအချင်းချင်း သဘောတူညီမှုတွေရသွားရင် ဒီကိစ္စတွေပြေလည်သွားမယ့် သဘောတရားရှိတယ်” ဟု ဆိုသည်။

    လက်ရှိကျင်းပနေသည့် ၂၁ ရာစုပင်လုံညီလာခံကို ၂၀၂၀ ခုနှစ်မတိုင်မီ နောက်ထပ် ၃ ကြိမ်ကျင်းပပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံအုတ်မြစ်များ ချမှတ်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ယခုညီလာခံဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks