spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းရေးတောင်ပိုင်းတွင် လက်နက်ကိုင်ဆက်ကြေးတောင်းအဖွဲ့တစ်ဖွဲ့ ငွေတောင်းခံဟုဆို

    ရေးတောင်ပိုင်းတွင် လက်နက်ကိုင်ဆက်ကြေးတောင်းအဖွဲ့တစ်ဖွဲ့ ငွေတောင်းခံဟုဆို

    -

    လွန်ခဲ့သည့် ၂ နှစ်ခန့်အတွင်း နယ်မြေအေးချမ်းတည်ငြိမ်မှုရှိလာသော မွန်ပြည်နယ်၊ ရေးတောင်ပိုင်းဒေသတဝိုက်တွင် အင်အား ၂၀ ခန့်ရှိ လက်နက်ကိုင်ဆက်ကြေးတောင်းအဖွဲ့တစ်ဖွဲ့ ထပ်မံပေါ်ပေါက်လာပြီး ဒေသခံခြံပိုင်ရှင်များကို ငွေကြေးတောင်းခံလျက်ရှိကြောင်း ရေးတောင်ပိုင်းမှ ဆရာတော်တစ်ပါးက ပြောသည်။

    “ငွေလိုက်တောင်းတဲ့အဖွဲ့ ပြန်ပေါ်လာတာ ၂ ပတ်ကျော်လောက်ရှိပြီ၊ ကလော့၊ ဟံဂံအနီးတဝိုက်က  ကျိုက်မင်းမလော့တောင် ပေါက်ပင်ကွင်း၊ အုန်းပင်ကွင်းအထိတောင်ကြောတလျှောက် လှုပ်ရှားနေတာလို့ ကြားရတယ်” ဟု ရေးတောင်ပိုင်းမှ အထင်ကရဆရာတော် အရှင်သီရိဟံသာက မိန့်ဆိုသည်။

    ရေးတောင်ပိုင်းရှိ ရာဘာခြံ၊ ဒူးရင်းခြံ၊ ကွမ်းသီးခြံပိုင်ရှင်အချို့ထံမှ ခြံတစ်ခြံအတွက် အနည်းဆုံးငွေကျပ် ၃ သိန်းမှ ၅ သိန်း၊ ၁၀ သိန်းအထိ တောင်းဆိုသည်ဟုကြားသိရပြီး ကာယကံရှင်များအနေဖြင့် ပေးသည်မပေးအပ်ခဲ့သည်ကို မသိရှိရကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။  
     

    ရေးမြို့အခြေစိုက် စကခ(၁၉) တွင် ယခင်က လက်နက်ချခဲ့သည့် လက်နက်ကိုင်ဆက်ကြေးတောင်းအဖွဲ့(စနောင်းတိုင်း)

    အလားတူ ရေးတောင်ပိုင်းမှ ဆရာတော် အရှင်ပဏ္ဍိတကလည်း “ဟံဂံရွာအနီးတဝိုက်မှာ သူတို့(ဆက်ကြေးတောင်းအဖွဲ့) လှုပ်ရှားနေတာ ငွေတောင်းခံနေတာ ကြားသိရတယ်၊ ဒါပေမယ့် ငွေဘယ်လောက်တောင်းခဲ့တာ သူတို့အင်အား ဘယ်လောက်ရှိတာကိုတော့ အသေးစိတ်မသိရဘူး၊ ဒါပေမယ့် ခြံသမားတွေကတော့ မနက်ခြံသွား ညနေအိမ်ပြန်အိပ်ပေါ့၊”ဟု မိန့်ဆိုသည်။   

    အဆိုပါ ဒေသတဝိုက်တွင် တောတောင်ထူထပ်သည့်အတွက် လက်နက်ကိုင်ဆက်ကြေးတောင်းအဖွဲ့ကို အစိုးရစစ်တပ်မှ လိုက်လံရှင်းလင်းခဲ့သော်လည်း ထိတွေ့မှုသတင်း မကြားသိရဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

    သို့ရာတွင် အမည်မဖော်လိုသော ရေးတောင်ပိုင်းသားတစ်ဦးက “ အပြင်မှာစုံစမ်းတော့လည်း အများစုက ကြားတယ်လို့သာပြောကြပြီး ဘယ်ရွာက ဘယ်သူကို ဘယ်နေ့က ဘယ်လောက်တောင်းခဲ့လဲဆိုတာ တိတိကျကျ မပြောနိုင်ကြဘူး၊ အကြားအရတော့ ရင်းရယ်ရွာကနေ ကျိုက်မင်းမလော့တက်တဲ့ လမ်းကြောင်းမှာ ခြံတက်လာသူတွေကို ၄ သိန်းဆီတောင်းတယ်လို့ ဆိုနေကြတယ်၊ ပြောတာကအများစုဖြစ်သလို ဒီသတင်းကြောင့် အများစုတွေ ခြံမတက်ပဲ နေနေကြတယ်၊ စိုးရိမ်နေကြတယ်၊ ခုတော့ လွန်ခဲ့တဲ့ ၅ ရက်လောက်ကစပြီး တပ်တစ်တပ်(အစိုးရစစ်တပ်) ရောက်နေတယ်လို့ ပြောကြတယ်” ဟု ပြောသည်။

    ယခင် ရေးတောင်ပိုင်းအခြေစိုက် မွန်ပြည်သစ်တပ်ဖွဲ့များ ၂၀၁၀ ခုနှစ်ခန့်တွင် ဆုတ်ခွာလိုက်သည့်အတွက်  မွန်လက်နက်ကိုင်ဆက်ကြေးတောင်းအဖွဲ့(ဝါ) ဓါးပြအဖွဲ့များ ၃ ဖွဲ့ထက်မက ပေါ်ပေါက်လာပြီး ဒေသခံများထံမှ ပြန်ပေးဆွဲခြင်း၊ ဆက်ကြေးတောင်းခံခြင်းအပြင် လူသတ်မှုများလည်းဖြစ်ပေါ်ခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။

    သို့ရာတွင် ၂၀၁၆ ခုနှစ် ဇွန်လတွင် အင်အား ၂၀ ခန့်ရှိ နိုင်အလှိန်း၊ နိုင်အလွန်၊ နိုင်အစောင်းတို့အဖွဲ့မှ ရေးမြို့အခြေစိုက် စကခ(၁၉) တွင် လက်နက်ချခဲ့သည့်အတွက် နယ်မြေအေးချမ်းတည်ငြိမ်မှုရှိလာခြင်း ဖြစ်သည်။  

    ယခင်ကာလများတွင် အမဲရောင်နယ်မြေဟု အစိုးရသတ်မှတ်ထားသည့် ရေးတောင်ပိုင်းဒေသသည် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ အခြေစိုက်ရာ အမာခံဒေသဖြစ်ခဲ့ပြီး ၁၉၉၅ ခုနှစ် နဝတစစ်အစိုးရနှင့် သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ ၄င်းဒေသမှ ထွက်ခွာခဲ့ရကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

    (Source-စနောင်းတိုင်း မွန်သတင်းဂျာနယ်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks