spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အစိုးရဘက်ကရှောင်လွှဲနေဟု နိုင်ဟံသာပြော

    တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အစိုးရဘက်ကရှောင်လွှဲနေဟု နိုင်ဟံသာပြော

    -

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် တိုင်းရင်းသားများ တောင်းဆိုလျက်ရှိသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုဆွေးနွေးရန် အစိုးရဘက်က ရှောင်လွှဲနေဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နိုင်ဟံသာက “ကျနော်တို့တိုင်းရင်းသားတွေ အမြဲတမ်းတောင်းဆိုနေတဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ မဆွေးနွေးတာဟာ အစိုးရဘက်က ရှောင်လွှဲနေတာလို့ မြင်တယ်၊ ငြိမ်းချမ်းရေးကို အချိန်ဆွဲထားသလို ဖြစ်နေတယ်၊ ဒါကို UPDJC အစည်းအဝေးမှာလည်း ကျနော်ပြောခဲ့တယ်” ဟု ဆိုသည်။

    UPDJC အစည်းအဝေးတွင် နိုင်ဟံသာနှင့် ဒေါက်တာလျန်မှုန်းဆာခေါင်တို့ကို မြင်တွေ့ရစဉ်(Facebook)

    ယမန်နှစ်ညီလာခံတွင် ဆွေးနွေးမှုမပြီးပြတ်ဘဲ ရပ်နားခဲ့ရသည့် “ဖက်ဒရယ်စနစ်တွင် အခြေခံရမည့်မူများ” ခေါင်းစဉ်ကိုလည်း ယခုကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံက ထပ်မံရှောင်လွှဲပြီး နိုင်ငံရေးကဏ္ဍ၌ “ကျား/မ ဆိုင်ရာ တန်းတူညီမျှမှု” ခေါင်းစဉ်တစ်ခုတည်းသာ ဆွေးနွေးရန် ဇွန်လ ၂၉ ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC က ဆုံးဖြတ်ခဲ့သည်။

    “၂၀၁၃ ခုနှစ် NCA စာချုပ်စတင်ရေးဆွဲကတည်းက အစိုးရကိုယ်စားလှယ်တွေနဲ့ ကျနော်တို့ပြောဆိုခဲ့တာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အဓိကဆွေးနွေးသွားဘို့၊ ဒါတွေဆွေးနွေးနိုင်ဘို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေးညီလာခံတွေ ကျင်းပတာဖြစ်တယ်၊ ဒီလိုနိုင်ငံရေးဆွေးနွေးပွဲတွေ တရားဝင်ကျင်းပနိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ NCA လက်မှတ်ရေးထိုးခဲ့ကြတာပါ” ဟု နိုင်ဟံသာက ဆက်ပြောသည်။

    “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှမည်သည့်အခါမှ ခွဲမထွက်ရ” အချက်ကို ထည့်သွင်းဖော်ပြမှသာ “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်” ကို တပ်မတော်ဘက်က လက်ခံဆွေးနွေးမည်ဆိုသည့်အချက်သည် ငြိမ်းချမ်းရေးကိုအချိန်ဆွဲ၍ ရှောင်လွှဲနေသည်ဟုလည်း ၄င်းက ထောက်ပြသည်။

    အလားတူ “ကျွန်တော်တို့အနေနဲ့ ဒီပြည်ထောင်စုထဲက ခွဲထွက်ရေးကို တောင်းဆိုနေတာ မဟုတ်ပါဘူး။ ခွဲထွက်ခြင်းကို မည်သည့် အချိန်အခါတုန်းကမှလည်း ကျွန်တော်တို့ တိုင်းရင်းသားများက တောင်းဆိုခဲ့ဖူးတာ မရှိပါဘူး” ဟု ပြီးခဲ့သည့် UPDJC အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် UPDJC ဒုဥက္ကဋ္ဌနှင့် ချင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး ဒုဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားခဲ့သည်။

    ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက တိုင်းရင်းသားများအနေဖြင့် အခြေခံမူ ၃ ရပ်ဖြစ်သည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဆက်လက်ကိုင်စွဲကာ မရမချင်းတောင်းဆိုသွားမည်ဟု ၄င်းအစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပမည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး၌ ကဏ္ဍကြီး ၅ ရပ်အနက် လုံခြုံရေးကဏ္ဍကို ဆွေးနွေးမည်ဖြစ်သော်လည်း ဆုံးဖြတ်ချက်ချမှတ်မည် မဟုတ်ကြောင်း၊ ကျန်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သယံဇာတ ကဏ္ဍကြီး ၄ ရပ်အတွက် အခြေခံမူဝါဒများကို မနက်ဖန် UPDJC လုပ်ငန်းကော်မတီအစည်းအဝေးမှ အသေးစိတ်ရေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts