Homeသတင်း၂၁ ရာစုပင်လုံတတိယအစည်းအဝေး ဇူလိုင် ၁၁ ရက်နေ့မှစ၍ ၆ ရက်ကြာကျင်းပမည်အတည်ပြု

၂၁ ရာစုပင်လုံတတိယအစည်းအဝေး ဇူလိုင် ၁၁ ရက်နေ့မှစ၍ ၆ ရက်ကြာကျင်းပမည်အတည်ပြု

-

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို လာမည့် ဇူလိုင်လ(၁၁) ရက်နေ့မှစတင်၍ (၆) ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း နေပြည်တော် NRPC ရုံး၌ ယမန်နေ့က ကျင်းပသော (၁၅) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှ အတည်ပြုလိုက်သည်ဟု သတင်းရရှိသည်။

UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက “ဆုံးဖြတ်ချက် ၁၁ ချက်ရှိတယ်၊ အဲဒီအထဲမှာ ညီလာခံကို ဇူလိုင် ၁၁ ရက်နေ့မှာ ကျင်းပမယ်ဆိုတာရယ်၊ ဒီတစ်ပတ်ညီလာခံကို စုစုပေါင်း ၆ ရက်ကျင်းပမယ် ဒါကထူးခြားတဲ့အချက်တွေပါ။ ကျန်တာကတော့ ပုံမှန်ဆောင်ရွက်သွားမယ့် ကိစ္စတွေပါပဲ” ဟု ပြောသည်။

(၁၅) ကြိမ်မြောက် UPDJC အစည်းအဝေး(Hla Mg Shwe)

ထို့ပြင် ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက်ဆွေးနွေးမှုများတွင် သက်ဆိုင်ရာအစုအဖွဲ့အလိုက် ဆွေးနွေးမှုများ အချိန်ပိုများလာမည်ဖြစ်သောကြောင့် ညီလာခံရက်တိုး၍ ကျင်းပခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

အလားတူ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦး(ခ) မင်းကျော်ဇေယျာဦးက “ပြီးခဲ့တဲ့ ညီလာခံမှာ ကဏ္ဍအလိုက်ဆွေးနွေးပွဲတွေကို ဦးစားပေးလုပ်ခဲ့တယ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်အားဖြင့်ပေါ့၊ ဒီတစ်ခေါက်ကျတော့ နိုင်ငံရေးပါတီအစုအဖွဲ့၊ EAOs စတဲ့စတဲ့ အစုအဖွဲ့အလိုက်ဆွေးနွေးပွဲတွေကို များများလုပ်တာပေါ့” ဟု ဆိုသည်။

သို့ရာတွင် လုံခြုံရေးကဏ္ဍကို ဆွေးနွေးမည်ဖြစ်သော်လည်း တစုံတရာဆုံးဖြတ်ချက် ချမှတ်လိမ့်မည် မဟုတ်ကြောင်း၊ နိုင်ငံရေးကဏ္ဍတွင်လည်း ကျားမဆိုင်ရာ တန်းတူညီမျှမှုနှင့်ပတ်သက်သည့် ခေါင်းစဉ်တစ်ခုတည်းကိုသာ ဆွေးနွေးမည်ဖြစ်ကြောင်း UPDJC အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

ထို့အတူ တိုင်းရင်းသားများအနေဖြင့် အခြေခံမူ ၃ ရပ်ဖြစ်သည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဆက်လက်ကိုင်စွဲကာ မရမချင်း တောင်းဆိုသွားမည်ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ် UPDJC ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ (၁၅)ကြိမ်မြောက် UPDJC အစည်းအဝေးသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဦးသုဝေ၊ UPDJC ကိုယ်စားလှယ်များဖြစ်ကြသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော် (၁၄) ဦး၊ တိုင်းရင်းသားလက်နက်ကိုင် EAO(၁၆) ဦး၊ နိုင်ငံရေးပါတီ(၁၆) ဦးတို့ တက်ရောက်သော်လည်း UPDJC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts