Homeသတင်းကျိုက်မရောမြို့နယ်တွင် မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်မည်

ကျိုက်မရောမြို့နယ်တွင် မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်မည်

-

မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး(MNA)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးစခန်းရှိလာပါက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတွင် ပိုမိုအောင်မြင်နိုင်ကြောင်း မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

“ကျွန်တော်တို့ပြည်နယ်မှာလည်း လူငယ်နှင့်ပတ်သက်ပြီးတော့ မူးယစ်ဆေးဝါးဏဏ္ဍမှာအရေးကြီးလာတယ်၊ လက်ရှိမှာတော့ ပြည်သူ့ဆေးရုံမှာ မူးယစ်ဆေးဝါးဖြတ်တဲ့ လုပ်ငန်းတွေလုပ်နေပါတယ်၊ ဒါပေမယ့် ဆေးဖြတ်ပြီးရင် နောက်ဆက်တွဲစောင့်ရှောက်မှုတွေဆက်လုပ်ဖို့လိုတယ်၊ ပြည်နယ်အနေနဲ့ကတော့ မူးယစ်ဆေးဝါးဖြတ်တာရော ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေရော တစ်နေရာတည်း ရှိဖို့လိုတယ်” ဟု ၄င်းက ပြောသည်။

အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒအရ မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်မည့်မြေနေရာကို မွန်ပြည်နယ်အစိုးရမှ သတ်မှတ်ထားပေးပြီးဖြစ်ကြောင်း၊ ယင်းစခန်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ဆောက်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။

“ပြန်လည်ထူထောင်ရေးစခန်းတွေဖွင့်ဖို့ နိုင်ငံတော်မူဝါဒမှာရှိတယ်၊ တို့ပြည်နယ်အနေနဲ့လည်း ပြန်လည်ထူထောင်ရေးစခန်းဖွင့်ဖို့ ငါတို့လုပ်နေတယ်၊ တည်ဆောက်မယ့်မြေနေရာက ကျိုက်မရောမှာရပြီး၊ အဆောက်အဦးဆောက်ရမှာက လူမှုဝန်ထမ်းက ဆောက်ရမယ်” ဟု ၄င်းက ဆိုသည်။

မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ခြင်း၊ သယ်ဆောင်ခြင်းနှင့် စားသုံးခြင်းတို့သာရှိပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုမရှိသည့်အတွက် အခြားတိုင်းနှင့် ပြည်နယ်များထက် မူးယစ်ဆေးဝါးအမှု လျော့နည်းသည်ဟု ၄င်းက ဆက်ပြောသည်။

ထို့အပြင် လာမည့်ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ၂၀၁၈ ခုနှစ်တွင် မီးရှို့ဖျက်ဆီးရန် အပ်နှံမည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၄၇၇၁.၇၅ ဂရမ်၊ ဆေးခြောက် ၁၁၇၇. ၅၉ ဂရမ်၊ ICE ၈. ၅၇ ဂရမ်၊ ဘိန်းစာရွက် ၂၉၇၈. ၅၂ ဂရမ်နှင့် ဘိန်းဆီခဲ ၈. ၅ ဂရမ် စုစုပေါင်းတန်ဖိုး ၃၂၅၂၉၄၇၈၅ ကျပ်ရှိကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts