Homeသတင်းမွန်ပြည်နယ်တွင် ရေးကူးကန်နှင့်အပန်းဖြေစခန်းအများစု လိုင်စင်မရှိသေးဟုဆို

မွန်ပြည်နယ်တွင် ရေးကူးကန်နှင့်အပန်းဖြေစခန်းအများစု လိုင်စင်မရှိသေးဟုဆို

-

မွန်ပြည်နယ်တွင် အခကြေးငွေယူပြီးဖွင့်လှစ်ထားသည့် ရေကူးကန်အပါအဝင် အပန်းဖြေစခန်းအများစုမှာ လိုင်စင်လျှောက်တင်ထားခြင်း မရှိသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆောင်နိုင်ကြီးအပန်းဖြေစခန်းကို လိုင်စင်ချထားပေးခဲ့ပြီး ကျန်ရှိနေသည့် အပန်းဖြေစခန်းများ လိုင်စင်လျှောက်တင်နိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်များကို ညွှန်းကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်သည်ဟု ဆိုသည်။

“ပထမကတည်းက ဆောင်းနိုင်ကြီးအပန်းဖြေစခန်းကို လိုင်စင်ပေးထားပြီးသား။ နောက်ထပ်လျှောက်တင်လာ တာကတော့ စိမ်းလဲ့တင်ရှိတယ်။ ကျန်တာတော့ အခုချိန်တက်မလာသေးဘူး။ အဲဒီလို ထပ်တက်မလာသေးလို့ ကျွန်တော်တို့ ညွှန်ကြားချက်ကို ထပ်ပြီး ထုတ်ပြန်လိုက်တယ်”ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

မွန်ပြည်နယ်ရှိ အပန်းဖြေစခန်း၊ တိရိစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျဉ် ဥပဒေ၊ နည်းဥပဒေအရ အပန်းဖြေစခန်းများလုပ်ကိုင်နေသော လုပ်ငန်းရှင်များ လိုင်စင်လျှောက်တင်ရမည်ဖြစ်ကြောင်း၊ လိုင်စင်လျှောက်တင်နိုင်ရေးအတွက် လွန်ခဲ့သည့်တစ်လကျော်က သစ်တောဦးစီးဌာနမှ သက်ဆိုင်ရာမြို့နယ်များကို ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကျိုက်ထိုမြို့နယ်ရှိ စိမ်းလဲ့တင်အပန်းဖြေစခန်းသည်လည်း လိုင်စင်လျှောက်တင်ထားဆဲဖြစ်ကြောင်း၊ တိရိစ္ဆာန်ဥယျာဉ်လည်း ပါဝင်နေသည့်အတွက် လိုင်စင်ကြေးကိစ္စကို ညှိနှိုင်းဆောင်ရွက်နေလျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

“ကျွန်တော်တို့မှာ ဥပဒေတွေရှိတယ်။ လုပ်ငန်းရှင်တွေကလည်း ဥပဒေကို လိုက်နာဖို့လိုတယ်။ လုပ်ငန်းသေးတာ ကြီးတာက သတ်မှတ်ချက်မဟုတ်ဘူး။ သေးသေးကြီးကြီး ကိုယ့်ရဲ့လုပ်ငန်းဟာ လိုင်စင်ရယူဖို့ လိုတယ်။ လိုင်စင်ရယူဖို့အတွက်ကလည်း သက်ဆိုင်ရာမြို့နယ်သစ်တောဦးစီးဌာနကနေတဆင့် လုပ်ငန်းရှင်တွေကို သတိပေးတဲ့သဘောတွေ လုပ်ဆောင်နေပါတယ်”ဟု ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

အခကြေးငွေရယူဖွင့်လှစ်ထားသည့် ရေကူးကန်အပါအဝင် အပန်းဖြေစခန်းများသည် မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းခဲ့သည့် အပန်းဖြေစခန်းများ၊ တိရိစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျဉ်ဥပဒေ ပုဒ်မ ၄၄ နှင့်အညီ လုပ်ငန်းလိုင်စင်ကို လျှောက်တင်ရမည် ဖြစ်သည်။

ရေကူးကန်(Internet)

သို့ရာတွင် သက်ဆိုင်သည့် အပန်းဖြေစခန်းလုပ်ငန်းရှင်များအား မွန်သတင်းအေဂျင်စီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts