Homeသတင်းရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကို မွန်ပြည်နယ်တွင် ဖွဲ့စည်း

ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကို မွန်ပြည်နယ်တွင် ဖွဲ့စည်း

-

ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအစည်းအဝေး(MNA)

စွန့်ပစ်ခံရသည့် ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များကို ကူညီစောင့်ရှောက်ရန်အတွက် မွန်ပြည်နယ်တွင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကို ဇွန်လ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါအသင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် မွန်ပြည်အစိုးရရုံး ဟင်္သာခန်းမ၌ ကျင်းပသော ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးသည့် အခမ်းအနားတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

“အဓိက ပြဿနာဖြစ်တဲ့ စွန့်ပစ်ခံရင်ခွင်မဲ့ကလေးတွေနဲ့ စွန့်ပစ်ဖို့အလားလားရှိတဲ့ Single Mother တွေကိ်ု စောင့်ရှောက်ဖို့ ကာကွယ်ဖို့ဆိုတာ ဒီပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူလူထုအကြားမှာ ဒီအသင်းအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေရောက်သွားမယ်ဆိုရင် ပြည်သူလူထုတွေက ဒါတွေရဲ့ကောင်းကျိုးကိို ခံစားရမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အထွေထွေအတွင်းရေးမှူး ဒေါ်မြသီတာက ပြောသည်။

တစ်ကိုယ်ရည်မိခင်များကို ပတ်ဝန်းကျင်လူမှုအသိုင်းအဝိုင်းများအနေဖြင့် ပြစ်တင်ရှုတ်ချပြောဆိုနေမည့်အစား ဝိုင်းဝန်းကူညီပေးခြင်းအားဖြင့် စွန့်ပစ်ခံရင်ခွင်မဲ့ကလေးငယ်များကို လျှော့ချနိုင်သည်ဟု သူက ဆက်ပြောသည်။

စွန့်ပစ်ခံရသည့် ရင်ခွင်မဲ့ကလေးငယ်များကို မိခင်ရင်ခွင်တွင် စောင့်ရှောက်ခံရမှုရရှိရန်နှင့် စွန့်ပစ်ခံကလေးငယ်များ ထပ်မံမရှိစေရန်လည်း အင်မတန်အရေးကြီးပါကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးလုပ်ငန်းများဟာ အင်မတန်မှသိမ်မွေ့ပြီး အဓိပ္ပါယ်လည်းပြည့်ဝပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ စိတ်ရောကိုယ်ပါတက်ကြွစွာ အားလုံးပူးပေါင်းပါဝင်ပေးမယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

မွန်ပြည်နယ်ရှိ ကလေးပြုစုရေးဌာနနှင့် ကလေးလူငယ်သင်တန်းကျောင်းများမှ ကလေးသူငယ်ဦးရေ (၁၆၁) ဦးရှိသည့်အနက် ရင်ခွင်မဲ့ကလေးဦးရေ (၄၀) ဦးရှိကြောင်း၊ အစိုးရအသိအမှတ်ပြုထားသည့် လူငယ်ပရဟိတဂေဟာ (၅) ခုမှ စောင့်ရှောက်ထားသည့် ကလေးသူငယ်ဦးရေ (၁၁၈၁) ဦးရှိသည့်အနက် ရင်ခွင်မဲ့ကလေးငယ်ဦးရေ (၁၀၁) ဦးရှိကြောင်းနှင့် ယင်းအပြင် အသိအမှတ်မပြုထားသည့် ပရဟိတ ဘုန်းကြီးကျောင်းတွင်လည်း စောင့်ရှောက်ထားသည့် ကလေးငယ်ဦးရေ (၆၈၀၀) ကျော်ရှိသည့်အနက် ရင်ခွင်မဲ့ကလေးငယ်များ အများအပြားရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts