Homeသတင်းအခမဲ့ပညာသင်ကြားရေးစနစ် အကောင်အထည်ဖော်ဆောင်ရာတွင် အားနည်းချက်ရှိ

အခမဲ့ပညာသင်ကြားရေးစနစ် အကောင်အထည်ဖော်ဆောင်ရာတွင် အားနည်းချက်ရှိ

-

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး

မွန်ပြည်နယ်အတွင်းရှိ အခြေခံမူလတန်းကျောင်းများတွင် အခမဲ့မသင်မနေရအခြေခံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာ၌ အားနည်းနေဆဲဟု ယနေ့ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး မေးခွန်းမေးမြန်းစဉ် ထောက်ပြခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာအောင်နိုင်ဦးက “ကျောင်းသူကျောင်းသားတွေ တကယ့်အခြေခံမူလတန်းအဆင့်မှာ အခမဲ့ ပညာသင်ကြားရေးစနစ် ဘယ်လောက်ပင်ပြောသော်ငြားလည်း ကျူရှင်သင်ရတာ၊ အဲ့ဒီအပြင်ကျောင်းကြိုကျောင်းပို့၊ ပေးရတဲ့စရိတ်က ရှိမြဲရှိနေဆဲ၊ မသင်မနေရ အခမဲ့ပညာသင်ကြားရေးစနစ်ကို ပုံဖော်တဲ့နေရာ အားနည်းနေဆဲ” ဟု ဆိုသည်။

ထို့အပြင် အမျိုးသားရေးဥပဒေပြဌာန်းချက်အရ နိုင်ငံတော်မှသတ်မှတ်ထားသည့် အခမဲ့ မသင်မနေရပညာရေးသင်ကြားရေးစနစ်အတွက် မိဘအုပ်ထိန်းသူ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး၊ လူထုများမှ ကူညီဆောင်ရွက်ပေးရန်၊ ပူးပေါင်းဆောင်ရွက်ပေးရန် ပြဌာန်းထားသော်လည်း လက်ရှိ အချို့အခြေခံပညာရေးမူလတန်းကျောင်းတွင် ကျောင်းနေရွယ်ကလေးသူငယ်များ ကျောင်းအပ်နှံသည့်အချိန်တွင် ပညာရေးဆိုင်ရာ အခွင့်အရေးများဆုံးရှုံးနေရသည်ဟု သူက ဆက်ပြောသည်။

အခြေခံပညာရေး မူလတန်းအဆင့်တွင် တနည်းနည်းဖြင့် မလိုအပ်ဘဲ အလှူတောင်းခံမှုနှင့် အခြားစရိတ်များ ကင်းရှင်းပပျောက်အောင် အမျိုးသားရေးဥပဒေပြဌာန်းချက်အရ အခမဲ့၊ မသင်မနေရပညာရေး သင်ကြားရေးစနစ်ဖြစ်မြောက်ရေးအတွက် မွန်ပြည်နယ်အစိုးရအနေဖြင့် မည်သို့မည်ပုံကြပ်မတ်ဆောင်ရွက်နေသနည်းဟု ဒေါက်တာအောင်နိုင်ဦးက လွှတ်တော်တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် အခမဲ့ပညာသင်ကြားရေးစနစ် အကောင်အထည်ဖော်ဆောင်ရာ၌ ပညာရေးဦးစီးဌာနတစ်ခုအနေဖြင့် ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ မိဘအုပ်ထိန်းသူများ၊ မိဘဆရာအသင်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာထိန်လင်းက ပြန်လည် ဖြေကြားခဲ့သည်။

“ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် မူလတန်းပြဆရာ၊ ဆရာမများကို ညွှန်ကြားထားပြီးဖြစ်ပါတယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ပြည်သူများထံလည်း မေတ္တာရပ်ခံချက် ထုတ်ပြန်ထားတယ်၊ အားလုံးသိရှိလိိုက်နာဆောင်ရွက်မှသာ အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်း” ဒေါက်တာထိန်လင်းက ဆက်ပြောသည်။

မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့ရှိ ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒဿမပုံမှန်အစည်းအဝေးကို ဆက်လက်ကျင်းပလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts