spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသန်းခေါင်စာရင်းနှင့် မှတ်ပုံတင်မရှိသည့်အတွက် တိုင်းရင်းသားအခွင့်အရေးများ ဆုံးရှုံးနေရကြောင်း လွှတ်တော်ကိုယ်စားလှယ် မေးခွန်းမေးမြန်း

    သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်မရှိသည့်အတွက် တိုင်းရင်းသားအခွင့်အရေးများ ဆုံးရှုံးနေရကြောင်း လွှတ်တော်ကိုယ်စားလှယ် မေးခွန်းမေးမြန်း

    -

    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့(Facebook)

    မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများသည် သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်မရှိသည့်အတွက် တိုင်းရင်းသားအခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနေရကြောင်း၊ အထူးကိစ္စတစ်ရပ်အနေဖြင့် သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ရရှိရန်အတွက် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိကို မေလ ၃၀ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မေးခွန်းမေးမြန်းခဲ့သည်။

    ဒေသခံတိုင်းရင်းသားများက ဝေးလံခေါင်သီသည့်နေရာတွင် လူဦးရေပြန့်ကျဲစွာနေထိုင်လျက်ကြပြီး ယခင်က အမဲရောင်နယ်မြေ၊ အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရသဖြင့် ဆက်သွယ်သွားလာရေး ခက်ခဲသည့်နေရာလည်း ဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။
    ဒေါ်ခိုင်ခိုင်လဲ့က “မှတ်ပုံတင်ရှိမှသာ အဲဒီကလေးတွေဟာ တက္ကသိုလ်တက်နိုင်မယ်။ အလုပ်အကိုင်အခွင့်အလမ်း လုပ်ကိုင်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ယခင့်ယခင်မိဘဘိုးဘွားတွေကလည်း မှတ်ပုံတင်မရှိခြင်း၊ သန်ခေါင်းစာရင်းမရှိခြင်းအတွက် သူတို့ရဲ့ နောက်မျိုးဆက်ကလေးတွေမှာတော့ အခက်အခဲများစွာ ရင်ဆိုင်နေရပါတယ်”ဟု ပြောသည်။

    ယခုအချိန်တွင် ငြိမ်းချမ်းရေးများရရှိလာပြီးဖြစ်၍ ဖွံ့ဖြိုးလာသည့်အလျှောက် ယင်းဒေသမှာ ရှိနေသည့် ကလေးများ၏ အနာဂတ်ပညာရေး၊ ကျန်းမာရေးကအစ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသောကြောင့် ကလေးတစ်ယောက် ကျောင်းနေရန်အတွက်လည်း မွေးစာရင်းလိုအပ်သလို သန်ခေါင်းစာရင်းထည့်ထားမှသာ မှတ်ပုံတင်ပြုလုပ်နိုင်မည့်အနေအထားမျိုးဖြစ်နေကြောင်း ၄င်းက ရှင်းပြသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က “လက်ရှိ မိမိတို့ပြည်နယ်တွေမှာ မှတ်ပုံတင်ပြုလုပ်ပေးဖို့ ဆိုလို့ရှိရင် ပထမဦးစွာ အိမ်ထောင်စုစာရင်းလို့ခေါ်တဲ့ သန်းခေါင်စာရင်းရှိရမယ်။ အိမ်ထောင်စုစာရင်း၊ သန်းခေါင်စာရင်းရှိမှသာလျှင် မှတ်ပုံတင်ပြုလုပ်လို့ရပါတယ်။ ဒီလိုအိမ်ထောင်စုစာရင်း၊ သန်းခေါင်စာရင်းမရှိဘဲနဲ့ မှတ်ပုံတင်ပြုလုပ်ဖို့အကြောင်းအရာသည် မိမိတို့ပြည်နယ်အနေနဲ့ ဆောင်ရွက်နိုင်ခြင်းမရှိဘဲနဲ့ သက်ဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းများကို ပြုပြင်ပြီးမှ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ဒါသည် ပြည်ထောင်စုအဆင့်မှသာလျှင် ဆုံးဖြတ်နိုင်စွမ်းရှိပါလိမ့်မည်”ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့အပြင် သန်းခေါင်စာရင်းဆောင်ရွက်သည့်နေရာတွင် မိမိတို့ဌာနတစ်ခုဖြင့် ဆောင်ရွက်မရသောကြောင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိပြဌာန်းထားသည့် ဥပဒေ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရပါကြောင်း၊ လက်ရှိပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ အိမ်ထောင်စုစာရင်းခေါ် သန်ခေါင်းစာရင်းကို ပြုလုပ်ပေးနိုင်မှသာ မှတ်ပုံတင်ကို ပြုလုပ်ပေးနိုင်မည်ဖြစ်ကြောင်း ဦးဝဏ္ဏကျော်က ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

    “သန်းခေါင်စာရင်းရဖို့ တိုင်းရင်းသားတွေက ဘယ်လိုဆောင်ရွက်ရမလဲ။ အိမ်ထောင်စုစာရင်း(ခေါ်)သန်းခေါင် စာရင်းမရှိရင် မှတ်ပုံတင်လုပ်လို့မရဘူး။ အဲဒီတော့ သန်ခေါင်းစာရင်းရဖို့ ပြည်နယ်အစိုးရအနေနဲ့ ပထမဦးစွာဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိမရှိ ဖြေပေးပါ”ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။

    ယင်းမေးခွန်းသည် အင်မတန်ကျယ်ဝန်သည့် မေးခွန်းဖြစ်သည့်အတွက် မိမိအနေဖြင့် အစိုးရတစ်ဖွဲ့လုံးကို ကိုယ်စားပြုပြီး “သန်ခေါင်းစာရင်း လုပ်ပေးမယ်။ မလုပ်ပေးဘူး”ဆိုသည့်မေးခွန်းကို လွှတ်တော်တွင် ဖြေကြားရန် ခက်ခဲသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့ Cabinet တွင် ပြန်လည်တင်ပြပြီး ရရှိလာသည့်အဖြေကို လွှတ်တော်တွင် ပေးပို့သွားမည်ဖြစ်ကြောင်း ဦးဝဏ္ဏကျော်က ပြောသည်။

    ထို့အပြင် မွန်ပြည်နယ်အတွင်း အိမ်ထောင်စုစာရင်းဝင်ရှိသော်လည်း အသက် ၁၀ နှစ်အထက်ရှိပြီး သက်သေခံကတ်ပြား လုံးဝမရှိသူ ၄၆၉,၆၂၁ ဦးဖြစ်သည့်အတွက် ပြည်နယ်တစ်ခုလုံးလူဦးရေ၏ ၂၈ ဒဿမ ၅ ရာခိုင်နှုန်း မည်သည့် သက်သေခံကတ်ပြား(သို့မဟုတ်) မှတ်ပုံတင်မရှိကြောင်း ၂၀၁၄ သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks