spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းတပ်မတော်ဘက်က စိုးရိမ်စိတ်လွန်ကဲမှုကြောင့် ငြိမ်းချမ်းရေးရှေ့ဆက်မတိုးနိုင်ဟု နိုင်ဟံသာပြော

    တပ်မတော်ဘက်က စိုးရိမ်စိတ်လွန်ကဲမှုကြောင့် ငြိမ်းချမ်းရေးရှေ့ဆက်မတိုးနိုင်ဟု နိုင်ဟံသာပြော

    -

    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ(MNA)

    လက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တပ်မတော်ဘက်က စိုးရိမ်စိတ်လွန်ကဲမှုကြောင့် NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ကန့်သတ်မှုများပြုလုပ်သဖြင့် ငြိမ်းချမ်းရေးရှေ့ဆက်မတိုးနိုင်ဖြစ်နေရသည်ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာကပြောသည်။

    နိုင်ဟံသာက “ငြိမ်းချမ်းရေးဆွေးနွေးမှုအနေအထားက သိပ်မတိုးတက်ဘူးဗျ၊ တပ်မတော်ဘက်က စိုးရိမ်မှုလွန်ကဲပြီးတော့ အမျိုးမျိုးလိုက်ကန့်သတ်နေတယ်၊ သူတို့ကြောင့်ပဲလေ ဒီကိစ္စ(ငြိမ်းချမ်းရေး) ရှေ့မတိုးနိုင်တာ” ဟု ဆိုသည်။

    တိုင်းရင်းသားများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝပစ်ပယ်လိုက်မည်ကိုသော်လည်းကောင်း၊ ဖက်ဒရယ်စနစ်တွင် တိုင်းရင်းသားများ ခွဲထွက်သွားမည်ကိုသော်လည်းကောင်း တပ်မတော်ဘက်က စိုးရိမ်မှု ရှိနေသည်ဟု ၄င်းက ယူဆသည်။

    “အလွတ်သဘောဆွေးနွေးညှိနှိုင်းနေတယ်၊ အစိုးရဘက်ကပေါ့ တပ်မတော်က လုံးဝခွဲမထွက်ရေးဆိုတဲ့ စာတမ်းမပါရင် တခြားကိစ္စ သူတို့လက်မခံဘူး၊ ဒါကြောင့် ဆက်ဆွေးနွေးဖို့ တစ်ဆို့နေတယ်” ဟု နိုင်ဟံသာက ဆက်ပြောသည်။

    တိုင်းရင်းသားများဘက်က ခွဲထွက်လိုသည်မဟုတ်သော်လည်း အဆိုပါ “ခွဲမထွက်ရ” စာသားသည် ကန့်သတ်ချက်ကဲ့သို့ဖြစ်နေကြောင်း၊ ဖက်ဒရယ်စနစ်သည် ပေါင်းစည်းရေးသာဖြစ်ကြောင်း ၄င်းက ဆိုသည်။

    UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးဇော်ဌေးက “တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ပြည်ထောင်စုက ခွဲမထွက်ပါဘူးဆိုတာကို ကတိမပြုနိုင်ဘူး၊ အဲဒါဆို မေးစရာရှိတာက ခွဲထွက်ချင်လို့လားဆိုတဲ့ဟာတွေ ဖြစ်ပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအချို့က ဒါကိုကတိကဝတ်မပြုနိုင်ဘူး၊ မပြုနိုင်တဲ့အတွက် ကျန်တဲ့ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေတို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဒါတွေဆက်သွားလို့ မရတော့ပါဘူး၊ အဲဒီအချက်မှာတင် ကျနော်တို့သဘောတူညီချက်မရတဲ့အတွက် ကျန်တဲ့အချက်တွေကိုညီလာခံမှာ စိတ်မကောင်းစွာ ချန်ထားခဲ့ရပါတယ်၊ ” ဟု ယမန်နှစ် မေလ ၂၈ ရက်နေ့က ကျင်းပသည့် ၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် “ခွဲမထွက်ရ” ဆိုသည့်အချက်ကို ပြည်နယ်များ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အပြန်အလှန်ချိတ်ဆက်ထားသောကြောင့် နှစ်ဖက်စလုံးအလျော့အတင်းလုပ်ရမည့် အနေအထားတွင်ရှိနေပြီး ဆက်လက်ဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့ကြသော်လည်း ယနေ့အထိ သဘောတူညီမှု မရရှိသေးပေ။

    ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်မှုရသင့်သလောက်မရရှိခဲ့သေးတာဟာ အစိုးရ၊ တပ်မတော်နဲ့ EAOs တွေအကြားမှာ ယေဘူယျကြည့်ရင် တူသယောင်ယောင်နဲ့ ကွဲပြားမှုရှိတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုယ်စီရှိကြလို့ဖြစ်ပြီး ဒါတွေကို ဘုံသဘောဆန်တဲ့ ရည်မှန်းချက်တွေကို ရှာဖွေရမှာဖြစ်ပါတယ်” ဟု မေလ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးအဖွဲ့ (PPST) ၂၀ ကြိမ်မြောက်အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

    ထို့အပြင် နိုင်ငံရေးအရ အကျိုးစီးပွားကွာဟမှုကြောင့်သော်လည်းကောင်း၊ တဘက်ဘက်က စိုးရိမ်မှုကြီးမား၍သော်လည်းကောင်း၊ ငြိမ်းချမ်းရေးရရှိစေရန် ဘုံဆိုင်ရာလုပ်ငန်းစဉ်၊ သဘောထား၊ မျှော်မှန်းချက်နှင့် စံတန်ဘိုးများကိုရှာဖွေတွေ့ရှိမည်ဆိုပါက အပေါင်းလက္ခဏာဆောင်သည့် တိုးတက်မှုရရှိနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

    တစ်နှစ်ကြာခန့်ရပ်နားခဲ့ရသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) ဆက်လက်ကျင်းပနိုင်ရန် အစိုးရငြိမ်းချမ်းရေးကော်မရှင် PC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် NCA-S EAOs ၁၀ ဖွဲ့တို့၏ အလွတ်သဘောဆွေးနွေးမှုကို မေလ ၃၀-၃၁ ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts