spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးသုံးစွဲသူ မွန်လူငယ် ၁၀၀ ဦးတွင် အမျိုးသမီး ၁၀ ဦးအထိပါဝင်ဟု MYPO အစီရင်ခံစာဖော်ပြ

    မူးယစ်ဆေးသုံးစွဲသူ မွန်လူငယ် ၁၀၀ ဦးတွင် အမျိုးသမီး ၁၀ ဦးအထိပါဝင်ဟု MYPO အစီရင်ခံစာဖော်ပြ

    -

    မူးယစ်ဆေးသုံးစွဲသူ မွန်လူငယ် ၁၀၀ ဦးတွင် အနည်းဆုံးအမျိုးသမီး ၁ ဦးမှ ၁၀ ဦးအထိ ပါဝင်သည်ကို တွေ့ရှိကြောင်း တိုးတက်သော မွန်လူငယ်အများအစည်းအရုံး MYPO မှ ထုတ်ဝေသော “လူငယ့်အန္တရာယ်” အမည်ရှိ မွန်ဒေသ မူးယစ်ဆေးဝါးအချက်အလက်အစီရင်ခံစာ(၂၀၁၈) မွန်ဘာသာ ဖော်ပြချက်အရ သိရသည်။

    အထူးသဖြင့် မွန်အမျိုးသမီးများသည် ပွဲလမ်းသဘင်တွင် သော်လည်းကောင်း၊ ပါတီတစ်ခုခုတွင်သော်လည်းကောင်း မူးယစ်ဆေးဝါးအသုံးပြုလေ့ရှိကြပြီး အချို့မှာ စွဲလမ်းသွားကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

    MYPO ဥက္ကဌ မိရော့ချမ်းက “တစ်ချို့မိန်းကလေးတွေက ယောက်ျားလေးသူငယ်ချင်းတွေနဲ့ ပွဲလမ်းသဘင်သွားရင် သူငယ်ချင်းတွေက တိုက်တွန်းပြီးတော့ သောက်မိတာမျိုးတွေ၊ ပြီးတော့ ကိုယ့်အိမ်ကလူတွေ ဘိန်းဇာရွက်ပြုတ်သောက်နေတာကို တွေ့ပြီး အစမ်းသောက်မိတာမျိုးတွေရှိသလို တစ်ချို့ပြန်တော့လည်း မိသားစုကိစ္စနဲ့ မွန်းကျပ်ပြီးတော့ စိတ်ထွက်ပေါက်အနေနဲ့ သောက်မိတာမျိုးလည်း ရှိတယ်” ဟု ပြောသည်။

    “လူငယ့်အန္တရာယ်” မွန်ဒေသ မူးယစ်ဆေးဝါးအချက်အလက်အစီရင်ခံစာအဖုံး(Copy)

    မူးယစ်ဆေးဝါးသုံးစွဲခြင်းအားဖြင့် ကျန်းမားရေးကို ထိခိုက်စေခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ အိပ်မပျော်ခြင်း၊ မျက်ကွင်းညှိခြင်း၊ ရုပ်ရည်ပျက်စီးခြင်း၊ စိတ်ကစင့်ကလျားဖြစ်ခြင်း၊ ဦးနှောက်မဖွံ့ဖြိုးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ရူးသွပ််ခြင်း၊ မောပမ်းလွယ်ခြင်း၊ လူမှုကျင့်ဝတ်များဖောက်ပြားခြင်း၊ ရာဇဝတ်မှုကျူးလွန်သည်အထိဖြစ်စေသဖြင့် ထောင်(သို့မဟုတ်) အချုပ်ခန်းရောက်ခြင်း စသည့် ဆိုးကျိုးများရှိလာနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

    အလားတူ အချို့သော မွန်အမျိုးသမီးများသည် မိမိရည်မှန်းချက် ပန်းတိုင်ကို လွတ်လပ်စွာရွေးချယ်ခွင့် မရှိခြင်းကြောင့် မူးယစ်ဆေးဝါးသုံးစွဲလာသည်ဟု စံပြလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့ Program Director မိချယ်ရီစိုးက ပြောသည်။

    ၄င်းက “မိန်းကလေးတွေလည်း မူးယစ်ဆေးဝါးသုံးလာတာ တွေ့လာတယ်၊ ဘာလို့လဲဆိုတော့ လူငယ်တွေရဲ့ အခွင့်အရေး၊ အလုပ်အကိုင်ခွင့်လမ်းတွေ နည်းနေတယ်၊ ပြီးတော့ ဆေးတွေကလည်း အရောင်းအဝယ်လုပ်လို့လွယ်လာတဲ့အတွက် မိန်းကလေးတွေကလည်း ကိုယ့်အတွက်အလုပ်အကိုင်မရှိတော့ ဆေးအရောင်းအဝယ်လုပ်လာတယ်” ဟု ဆိုသည်။

    အမျိုးသမီးများသည် ၎င်းတို့ ဝါသနာပါရာကို စိတ်ကြိုက်ရွေးချယ်ခွင့်ရအောင် အခွင့်အလမ်းဖန်တီးပေးခြင်း၊ အသိပညာ ဗဟုသုတ မြှင့်တင်ပေးခြင်း၊ မူးယစ်ဆေးဝါးသည် မကောင်းသည့်အလုပ်ဟု ၎င်းတို့ကိုယ်တိုင် ယုံကြည်လာနိုင်အောင် အသိပညာပေးခြင်း၊ အရောင်းအဝယ်ပြုလုပ်သူကို တိထိရောက်ရောက် ပြစ်ဒဏ်ချမှတ်ပေးခြင်းအားဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကို ၎င်းတို့ကိုယ်တိုင် ရှောင်ရှားလာနိုင်သည်ဟု ၄င်းက ဆက်ပြောသည်။

    ၄င်းအစီရင်ခံစာ ဖော်ပြချက်အရ မွန်လူငယ်များအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း (၇၃)% ကျော်ရှိပြီး အသက် ၂၁နှစ် မှ ၃ဝနှစ် အထိ ၄၈% နှင့် အသက် ၁၂ နှစ်မှ ၂၀ နှစ်အထိ ၃၆% ခန့်ရှိသည့်အပြင် ရဟန်း သံဃာတော်အချို့လည်း သုံးစွဲမှုရှိနေသည်ဟု ဆိုသည်။

    အစီရင်ခံစာပါ မူးယစ်ဆေးဝါးသုံးစွဲမှုတွင် ရာဘမြင်းဆေး ၅၂%၊ ဘိန်းဇာရွက် ၃၂%၊ ဆေးခြောက် ၆%၊ စပ်ဆေး ၂%၊ ရေခဲ (ice)၅%၊ ဘိန်း ၃% ဖြစ်ပြီး ရေးမြို့နယ်သည် အမြင့်ဆုံး၊ မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်သည် ဒုတိယနှင့် တတိယ၊ ချောင်းဆုံမြို့နယ်သည် အနည်းဆုံးနေရာဟု ဆိုသည်။

    အဆိုပါအစီရင်ခံစာကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ မွန်ပြည်နယ် ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ဘားအံ (၁၀) မြို့နယ်တို့ရှိ ကျေးရွာ (၉၃) ရွာ၌ ဆွေးနွေးပွဲ (၂၅) ကြိမ်၊ ဒေသခံရဲ၊ မွန်ပြည်သစ်ပါတီ၊ လူထုအဖွဲ့အစည်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ လူငယ်ခေါင်းဆောင်များနှင့် ဆေးအသုံးပြုဖူးသူ (၂၁) ဦးတို့အား အင်တာဗျူးပြုလုပ်ခဲ့ခြင်း၊ (၁၀) မြို့နယ်ရှိ လူ(၅၀၀) ဦးထံမှ Survey form ကောက်ခံခြင်း အပါအဝင် စုစုပေါင်း လူ (၁၀၇၀) ဦးတို့ထံမှ အချက်အလက်များကို အခြေခံထားခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks