spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းဟံသာဝတီကျဆုံးနေ့မှသည် ဖက်ဒရယ်နိုင်ငံတော်သစ်သို့ တည်ဆောက်နေသည်ဟု မွန်ပြည်သစ်ဥက္ကဌပြော

    ဟံသာဝတီကျဆုံးနေ့မှသည် ဖက်ဒရယ်နိုင်ငံတော်သစ်သို့ တည်ဆောက်နေသည်ဟု မွန်ပြည်သစ်ဥက္ကဌပြော

    -

    မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနားပိတ်ပွဲကျင်းပသည့် မေလ(၇) ရက်နေ့သည် မွန်တို့၏နေပြည်တော် ဟံသာဝတီ(ပဲခူး) ကျဆုံးခဲ့သည့် (၂၆၁) ပြည့်သည့်နေ့ရက်နှင့်လည်း တိုက်ဆိုင်လျက်ရှိရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသို့ တက်လှမ်းရန် ရည်ရွယ်ထားကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က မွန်ဘာသာမိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

    မွန်ပြည်သစ်ပါတီ ဥက္ကဌက “ဒီကနေ့ဟာ ကဆုန်လဆုတ် (၈) ရက်နေ့ဟာ ကျွန်တော်တို့ရဲ့ ဟံသာဝတီကျဆုံးတဲ့နေ့၊ ဒါကိုမေ့လို့မရဘူး၊ ကျွန်တော်တို့ မွန်နိုင်ငံတော်ကျဆုံးခဲ့တယ်၊ အခုဒီဆွေးနွေးပွဲနေတဆင့် ဖက်ဒရယ်နိုင်ငံသစ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် ရည်ရွယ်တာ၊ တိုင်းရင်းသားအားလုံးကလည်း ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်ဖို့ရည်ရွယ်ထားတာ၊ တစ်ဖက်မှာလည်း ဟံသာဝတီကျဆုံးတဲ့နေ့ကို ရင်ထဲမှာ မှတ်သားထားပြီးတော့ နိုင်ငံသစ်ကို ပြန်လည်ထူထောင်နိုင်အောင် ကြိုးစားသွားမယ်” ဟု ပြောကြားခဲ့ခြင်းသည်။

    မွန်လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးမှ ရရှိလာသော စာတမ်းများသည် တတိယအကြိမ် (၂၁) ရာစုပင်လုံညီလာခံအတွက် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီ အတွင်းရေးမှူး မင်းအောင်ထူးက အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

    မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်

    “NCA ထိုးပြီးတဲ့နောက်ပိုင်းမှာ လူမျိုးအလိုက်နိုင်ငံရေးဆွေးနွေးကို ကျင်းပပြီးတော့ ဒီထဲမှာရှိနေတဲ့ သဘောတူညီချက်တွေ၊ ရပ်တည်ချက်တွေ၊ မူဝါဆိုင်ရာ အမြင်ယူဆချက်တွေကို အားလုံးစုစည်းထားတာ ဖြစ်တယ်၊ ဒီထဲမှာလည်း မတူညီတဲ့အချက်တွေလည်း ရှိတယ်၊ ဒီအချက်အလက်တွေသည် ပြည်ထောင်စုအဆင့်မှာရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ဆွေးနွေးပွဲပြုလုပ်တာဖြစ်တယ်”ဟု မင်းအောင်ထူးက ပြောသည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှူကော်မတီမှ ချမှတ်ထားသည့် မူဘောင်နှင့်အညီ နိုင်ငံရေးကဏ္ဍတွင် ဖက်ဒရယ်စနစ်နှင့်ပတ်သက်သည့် အခြေခံမူများ (၆၇) ချက်ကိုလည်းကောင်း၊ စီးပွားရေးကဏ္ဍတွင် ဖက်ဒရယ်စနစ်ဆိုင်ရာ စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာအခြေခံမူများနှင့် ဒေသန္တဖွံ့ဖြိုးရေးဆိုင်ရာအခြေခံမူများ (၈၇) ချက်ကိုလည်းကောင်း၊ လူမှုရေးကဏ္ဍတွင် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုရေးဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သော အခြေခံမူများ (၂၅) ချက်ကိုလည်းကောင်း၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာမူဝါဒများ (၅၁) ချက်ကို စုစည်းရရှိခဲ့ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

    မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ နောက်ဆုံးရက်တွင် မွန်ဆရာတော်သံဃာတော်များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၊ ငြိမ်းချမ်းရေးကော်မရှင်၊ ပစ်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှတာဝန်ရှိသူများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီဝင်များ၊ တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ မွန်လူထုအခြေပြုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များနှင့် အခြားဖိတ်ကြားသင့်သူများ အပါအဝင် စုစုပေါင်း (၉၀၀) ကျော် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

    မွန်တို့၏ ဟံသာဝတီနေပြည်တော်အား ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ်၊ ကဆုန်လဆုတ် ၈ ရက်နေ့တွင် အလောင်းမင်းတရား ဦးအောင်ဇေယျ သိမ်းပိုက်ခဲ့သည်ကို အစွဲပြု၍ ဟံသာဝတီကျဆုံးနေ့အဖြစ် မွန်လူမျိုးတို့ သတ်မှတ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks