spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းတရနာကျေးရွာအမျိုးသမီးအုပ်ချုပ်ရေးမှူးတာဝန်ရပ်စဲခံရသည့်ကိစ္စ မမှန်ကန်စွပ်စွဲထားဟုဆို

    တရနာကျေးရွာအမျိုးသမီးအုပ်ချုပ်ရေးမှူးတာဝန်ရပ်စဲခံရသည့်ကိစ္စ မမှန်ကန်စွပ်စွဲထားဟုဆို

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တရနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ဧပြီလ (၂၆) ရက်နေ့မှစတင်၍ သက်ဆိုင်ရာမှ တာဝန်ရပ်စဲသည့်အကြောင်းကြားစာတွင် ပါရှိသောအချက်အလက်များသည် မမှန်ကန် စွပ်စွဲထားသည်ဟု တာဝန်ရပ်စဲခံရသူ ဒေါ်မိသန်းဌေးက ပြောသည်။

    “အမေရိကန်နိုင်ငံသားတစ်ယောက်ကိစ္စ သတင်းပို့ဖို့ ကျွန်မ မပျက်ကွက်ခဲ့ပါဘူး၊ မြို့နယ်ထွေအုပ်ရုံး၊ လဝက ဦးစီးတွေရော၊ လဝက မြို့နယ်မှူးတွေရော အကုန်လုံးသိပါတယ်။ ခြံစည်းရိုး ဖျက်တဲ့ကိစ္စက ရဲအရေးပိုင်ဖြစ်တာကြောင့် ကျွန်မရဲစခန်းကို အပ်ထားပြီးသား၊ ကျွန်မနဲ့မဆိုင်ဘူးလို့ အဲ့လိုခံယူထားလို့ပါ၊ ဒီအချက်အလက်တွေနဲ့ ကျွန်မကို စွပ်စွဲထားတာ မမှန်ကန်ဘူးလို့ ပြောချင်ပါတယ်” ဟု ဒေါ်မိသန်းဌေးက ပြောသည်။

    အုပ်ချုပ်ရေးမှူးတာဝန်ရပ်စဲကြောင်း အကြောင်းကြားစာ(Copy)

    တရနာကျေးရွာသားတစ်ဦး နိုင်ငံခြားသားမှန်းခံယူထားသည်ကို မိမိမသိရှိကြောင်း၊ ကျိုက်မရောမြို့နယ် လဝကရုံးမှ တာဝန်ရှိသူများက ၄င်းအားခေါ်ယူစစ်ဆေးချက်အရ သိရှိရခဲ့ကြောင်း၊ အဆိုပါ နိုင်ငံခြားသားခံယူထားသူ ခြံစည်းရိုးသွားရောက်ဖျက်စီးခဲ့သည့်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးလာရောက်သဖြင့် မိမိအလုပ်ရှုပ်နေကြောင်း၊ ယင်းကိစ္စကို ရာအိမ်မှူးတစ်ဦး စေလွှတ်ပြီး ခြံစည်းရိုးဖျက်ဆီးသူအား တရနာရဲကင်းစခန်းထံ အပ်နှံထားကြောင်း ၄င်းက ဆက်ပြောသည်၊

    အဆိုပါအကြောင်းကြားစာတွင် ဦလှမောင်ပိုင်ဆိုင်သည့် မြေအား ကာရံထားသည့် သွပ်ပြားများကို မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသားခံယူထားသူက ဖျက်စီးခဲ့သည်ကို တာဝန်မယူခြင်း၊ ယင်းနိုင်ငံခြားသားကို ကျေးရွာတွင် ဥပဒေမဲ့ ရက်ရှည်လများနေထိုင်၍ မူးယစ်ရမ်းကားနေသည်ကို အရေးမယူ၊ သတင်းမပို့ခြင်းနှင့် ပတ်သက်၍ ကျီးပင်စုရပ်နေသူတစ်ဦးက မြိုံ့နယ်အုပ်ချုပ်ရေးမှူးကိို တိုင်ကြားခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ တာဝန်မှ ရပ်စဲရန် ပြည်နယ်အစိုးရက ညွှန်းကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
    ၎င်းအုပ်ချုပ်ရေးမှူးသည် ရပ်ကျေးဥပဒေ အခန်း (၄)၊ ပုဒ်မ (၁၇) နိုင်ငံခြားသားများ ဝင်ထွက်သွားလာခြင်း၊ နိုင်ငံခြားသားများနှင့် ပတ်သက်၍ ထူးခြားဖြစ်စဉ်ကို တင်ပြခြင်း၊ အဆိုပါဥပဒေကို ချိုးဖောက်ခဲ့သောကြောင့် တာဝန်မှရပ်စဲခဲ့ကြောင်း မွန်ပြည်နယ်အစိုးရ ညွှန်းကြားမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

    “မော်လမြိုင်ခရိုင်အဖွဲ့ကနေ စိစစ်ခိုင်းလိုက်တယ်၊ စိစစ်ခိုင်းလိုက်တဲ့အပေါ်မှာ သူ့ရဲ့အရည်အချင်းက ပျက်ယွင်းတယ်၊ ပျက်ယွင်းတဲ့အပေါ်မှာပဲ ကျွန်တော်တို့က ဆုံးဖြတ်ချက်ချပေးတယ်၊ သူကတော့ နိုင်ငံခြားသားလား၊ နိုင်ငံခြားသားမဟုတ်လား၊ နိုင်ငံခြားသားခံယူခံထားသူလား ဆိုတာ ကိုယ်ရပ်ရွာမှာ ရှိနေတဲ့အုပ်ချုပ်ရေးမှူးက ကိုယ်ရပ်ကွက်မှာ နေထိုင်တဲ့ သူအားလုံးကို သိရှိဖို့ သူ့မှာတာဝန်ရှိတယ်” ဟု ၄င်းက ဆက်ပြောသည်။

    ဒေသခံပြည်သူများရွေးချယ်တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးကို ဖြုတ်ချလိုက်ခြင်းသည် တရားဥပဒေစိုးမိုးရေးကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းဖြစ်ကြောင်း တရနာကျေးရွာသား မင်းကရိုင်းက ပြောသည်။

    “တရားဥပဒေစိုးမိုးရေးကို အားပေးအာမြောက်ရာမကျဘဲ တရားဥပဒေစိုးမိုးရေးကို ဖျက်လိုဖျက်စီးလုပ်နေတယ်လို့ ကျွန်တော်ယူဆတယ်၊ ပြည်သူကြိုက်တဲ့အုပ်ချုပ်ရေးမှူးကို တရားမဲ့ဖြုတ်ချလိုက်တယ်ဆိုတာ မဖြစ်သင့်ဘူး” ဟု ၄င်းက ပြောသည်။
    အဆိုပါကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ် လွှတ်တော်ထံ တိုင်ကြားစာ တင်သွင်းရန်နှင့် တရနာကျေးရွာအုပ်စု ဒေသခံများ တစ်ထောင်ကျော် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

    တရနာကျေးရွာအုပ်စုတွင် တရနာ၊ ကျွန်းကုန်း၊ ကော့စွယ်၊ ကော့နွတ် ကျေးရွာ (၄) ရွာရှိပြီး လူဦးရေ (၂၈၀၀)ကျော် ရှိသည့်ကာ ဒေါ်မိသန်းဌေးသည် ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ကို (၂၀၁၅) ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင်ခဲ့သော အမျိုးသမီးအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ကြောင်း ဒေသခံပြောကြားချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks