spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းခိုင်မာသောဖက်ဒရယ်အခြေခံမူတစ်ရပ်ဖြစ်ပေါ်လာရန် မွန် လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှ ကြိုးပမ်းမည်ဟုဆို

    ခိုင်မာသောဖက်ဒရယ်အခြေခံမူတစ်ရပ်ဖြစ်ပေါ်လာရန် မွန် လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှ ကြိုးပမ်းမည်ဟုဆို

    -

    ခိုင်မာသောဖက်ဒရယ်အခြေခံမူတစ်ရပ်ဖြစ်ပေါ်လာရန် မွန်-လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီဝင် မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နိုင်အောင်မငေးက “နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့သယံဇာတ ကဏ္ဍကြီး ၄ ရပ်မှာ ဖက်ဒရယ်အခြေခံမူ ခိုင်ခိုင်မာမာတစ်ခုရရှိဖို့နဲ့ UPDJC ချမှတ်တဲ့ ဘောင်ထဲဝင်အောင် ကျနော်တို့ ကြီးကြပ်ရေးကော်မတီကနေ လမ်းညွှန်ပံ့ပိုးသွားမယ်” ဟု ဆိုသည်။

    မွန် လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လာမည့်မေလ ၅ ရက်မှ ရ ရက်အထိ ရေးမြို့ အားကစားရုံတွင် ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားကျင်းပရန် စီစဉ်ထားပြီး ကဏ္ဍကြီး ၄ ရပ်ကို အနီးတဝိုက်ရှိ အထက(၁)၊ တစ်ပလ္လင်နှစ်ဆူဓမ္မာရုံနှင့် မွန်ဓမ္မာရုံတို့တွင်လည်း နေရာခွဲ၍ ဆွေးနွေးသွားရန် လျာထားကြောင်း ၄င်းကဆက်ပြောသည်။

    မွန် လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် ညှိနှိုင်းအစည်းအဝေး(Min Aung Htoo)

    မွန် လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူး မင်းအောင်ထူး(ခ) ဗညားမွန်က “ကဏ္ဍကြီး ၄ ရပ်မှာဆွေးနွေးဖို့ ကိုယ်စားလှယ် ၅၀၀ ဖိတ်ထားတယ်၊ ဖွင့်ပွဲမှာပြည်ထောင်စုအဆင့်ဝန်ကြီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တဲ့အစုအဖွဲ့တွေဖြစ်တဲ့ NRPC, PC, JMC က ပုဂ္ဂိုလ်တွေ၊ ပြည်နယ်အဆင့်ကြီးကြပ်ရေးကော်မတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေပါမယ် ဖွင့်ပွဲနေ့မှာ တက်ရောက်မယ့်ဦးရေ ၈၀၀ နဲ့ ၉၀၀ ကြား မှန်းထားတယ်” ဟု ဆိုသည်။

    ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) သို့ တင်ပြမည့်အကြောင်းအရာများနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တလျှောက်လုံးအတွက် အခြေခံရမည့်မူများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    တိုးတက်သော မွန်လူငယ်များအစည်းအရုံးဥက္ကဌ မိရော့ချမ်းက “ဒီနိုင်ငံရေးဆွေးနွေးပွဲမှာ အမျိုးသမီးပါဝင်မှုနှုန်း အတတ်နိုင်ဆုံးများများပါဝင်နိုင်ဖို့ ဖိတ်ကြားသွားမယ်လို့ ကျမယုံကြည်တယ်၊ ဒါပေမယ့် ဖိတ်ကြားပေမယ့်လည်း တကယ်တန်းတက်ရောက်တဲ့အခါ ဘယ်လောက်ရှိမလဲတော့ မပြောတတ်ဘူး၊ ပြီးခဲ့တဲ့ NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲကျင်းပခဲ့တာ ညီစားစခန်းမှာ အမျိုးသမီးပါဝင်မှုနည်းပေမယ့် ဝယ်ဇင်စခန်းမှာက များလာတယ်၊ ဒါကြောင့် အခုဆွေးနွေးပွဲမှာ အမျိုးသမီးပါဝင်မှုနှုန်း ပိုများမယ်လို့ မျှော်လင့်ရပါတယ်” ဟု ဆိုသည်။

    မြန်မာနိုင်ငံ၏ ငြိမ်းချမ်းဖြစ်စဉ်များ၊ လုပ်ငန်းစဉ်များတွင် အမျိုသမီးများပါဝင်မှုနှုန်း ၃၀% သတ်မှတ်ထားသော်လည်း ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံအစည်းအဝေးများတွင် အမျိုသမီးပါဝင်ခွင့်နှုန်း အလွန်နည်းပါးခဲ့သည်ကို တွေ့ရှိရသည်။

    မွန် လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပအပြီး ယခုမေလနောက်ဆုံးအပတ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) ကျင်းပရန် လျာထားသည်ဟုသတင်းများတွင် ဖော်ပြသော်လည်း အတည်ပြုနိုင်ခြင်းမရှိပေ။

    ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှ လက်ရှိကာလအထိ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲများကို ကရင်၊ ချင်း၊ ပအိုဝ်း လူမျိုး (၃) မျိုးသာ ကျင်းပပြီးစီးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks