spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းမီဒီယာများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး တိုင်းရင်းမီဒီယာညီလာခံတွင် အကြံပြုဆွေးနွေး

    တိုင်းရင်းမီဒီယာများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး တိုင်းရင်းမီဒီယာညီလာခံတွင် အကြံပြုဆွေးနွေး

    -

    တိုင်းရင်းသားသတင်းဌာန ၁၃ ခုဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာ မြန်မာသတင်းဌာန (BNI Multimedia Group) နှင့် ကရင်သတင်းဌာန KIC တို့မှ ကြီးမှူး၍ ဆဋ္ဌမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ကရင်ပြည်နယ် ဖါးအံမြို့တွင် ယနေ့မှစတင်ပြီး ၃ ရက်တာ ကျင်ပပြုလုပ်ကာ တိုင်းရင်းမီဒီယာမူဝါဒတစ်ရပ် ပေါ်ထွန်းလာရန် ဆွေးနွေးကြမည် ဖြစ်သည်။

    အေပြီလ ၂၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့်ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ သတင်းမီဒီယာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

    ၎င်းညီလာခံတွင် ဘီအင်အိုင် ဘုတ်အဖွဲ့ခေါင်းဆောင် “နိုင်ကဆော့မွန်”က တက်ရောက်လာကြသော အစိုးရအကြီးအကဲများနှင့်ကိုယ်စားလှယ်တော်များအား ကြိုဆိုကြောင်း အဖွင့်နှုတ်ဆက်စကားပြောကြားပြီး ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်တို့မှလည်း အသီးသီး မိန့်ခွန်းပြောကြားခဲ့သည်။

    BNI ဘုတ်အဖွဲ့ခေါင်းဆောင် နိုင်ကဆော့မွန် ကြိုဆိုမိန့်ခွန်းပြောကြားစဉ်(MNA)

    ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်က “ကျနော်တို့နိုင်ငံအတွက် အရေးကြီးဆုံးက ငြိမ်းချမ်းရေးသာဖြစ်တယ်။ ငြိမ်းချမ်းရေး မပြိုလဲအောင် ထိန်းသိမ်းရမှာက တိုင်းရင်းမီဒီယာကဏ္ဍက အလွန်ပင် အရေးကြီးတယ်”ဟု ဆိုသည်။
    ထိုအပြင် တိုင်းရင်းသား စကား စာပေ ယဉ်ကျေးမှုများကို ထိန်းသိမ်းရာမှာလည်း မီဒီယာက အရေးကြီးကြောင်း၊ တိုင်းရင်းမီဒီယာများကို အားပေးကူညီရန်အတွက် အစိုးရနှင့် တိုင်းရင်းသား စီပွားရေးရှင်များကိုလည်း တောင်းဆိုထားကြောင်း ၄င်းကဆက်ပြောသည်။

    ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကလည်း ကရင်ပြည်နယ်တွင် တိုင်းရင်းသတင်းသင်တန်းကျောင်း တည်ဆောက်ရန် ဘီအင်အိုင်သတင်းအဖွဲ့မှ အစီစဉ်ချမှတ်ထားသည်ဟု ကြားရ၍ ၎င်းအနေဖြင့် ဝမ်းမြောက် ကြိုဆိုပါကြောင်းနှင့် လိုအပ်သည့်များကိုလည်း ကူညီသွားမည်ဟု ကတိပေးပြောကြားခဲ့သည်။

    ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က “တိုင်းရင်းသားဒေသ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှ မီဒီယာဖွံ့ဖြိုးရေးနှင့်စပ်လျှဉ်း၍ အချက် (၉) ချက်ချမှတ်ထားပြီး အစိုးရမှ အကူညီပေးမည်”ဟု ဆိုသည်။

    အဆိုပါ အချက် (၉) ချက်မှာ တိုင်းရင်းမီဒီယာများအား ခွင့်ပြုချက်ပေးရန်၊ လွတ်လပ်စွာ သတင်းရယူခွင့်ရှိရန်၊တိုင်းရင်းသား ရေဒီယို/တီဗွီ အစီအစဉ် ဖော်ဆောင်ပေးရန်၊ တိုင်းရင်းသား ဘာသာကိုလည်း အားပေးရန်၊ ထောက်ပံ့ငွေ ပေးရန်၊ တိုင်းရင်းမီဒီယာအခန်းကဏ္ဍ ဥပဒေတွင် ပြဌာန်းပေးရန်၊ တိုင်းရင်းသတင်းထောက်များအား သင်တန်းဖွင့်လှစ်ပေးရန်၊ တိုင်းရင်းမီဒီယာမူဝါဒ ချမှတ်ပေးရန် စသည်တို့ဖြစ်သည်။

    အဆိုပါ ဝန်ကြီးဒေါက်တာဖေမြင့်၏မိန့်ခွန်းနှင့်ပတ်သက်၍ ဘီအင်အိုင်အဖွဲ့မှ ဦးဇင်လင်းက “အစိုးရရဲ့အမြင်က ၎င်းတို့ထုတ်လွှင့်နေတဲ့ တိုင်းရင်းသားသတင်း အစီအစဉ်ကိုသာ အားပေးနေခြင်းဖြစ်တယ်။ အမှန်မှာ အဲဒီလိုမဟုတ်ဘူး၊ အဓိကဖြစ်သင့်တာက တိုင်းရင်းမီဒီယာများ လွတ်လပ်ခွင့်ရှိရမှာဖြစ်ပြီး မီဒီယာအရေး လွတ်လပ်စွာ ဆောင်ရွက်မှုရရှိအောင် အစိုးရမှ တွန်းအားပေးရမည်” ဟု ထောက်ပြ ပြောဆိုသည်။

    အဆိုပါ တိုင်းရင်းမီဒီယာညီလာခံတွင် ကိုယ်စားလှယ် (၃၀၀) ခန့်တက်ရောက်ခဲ့ရာတွင် တိုင်းရင်းမီဒီယာအဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသားပြည်နယ် (၇) ပြည်နယ်မှ တိုင်းရင်းသတင်းအဖွဲ့ကိုယ်စားလှယ် (၅၀) ကျော် တက်ရောက်သည်ဟု သိရသည်။

    တိုင်းရင်းမီဒီယာ ညီလာခံသည် ၂၀၁၃ ခုနှစ်မှာ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပထမ အကြိမ်ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်လည်းကောင်း၊ တတိယအကြိမ်ကို ချင်းပြည်နယ် ဟာခါးမြို့တွင်လည်းကောင်း၊ စတုတ္ထအကြိမ်ကို ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်လည်းကောင်း၊ပဥ္စမအကြိမ်ကို ကယားပြည်နယ် လွိုင်ကော်မြို့တွင်လည်းကောင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts