spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် ရွှေ့ပြောင်းအလုပ်သမား (၃)ဦးက ရာဘာခြံပိုင်ရှင်အမျိုးသမီးကို ရိုက်သတ်မှုဖြစ်

    သံဖြူဇရပ်မြို့နယ်တွင် ရွှေ့ပြောင်းအလုပ်သမား (၃)ဦးက ရာဘာခြံပိုင်ရှင်အမျိုးသမီးကို ရိုက်သတ်မှုဖြစ်

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲရက်ကျေးရွာ၌ ရာဘာထင်းခြောက်ကောက်သည့်ကိစ္စစကားများကြရာမှ ရွှေ့ပြောင်းအလုပ်သမား (၃) ဦးက ပငကျေးရွာမှ ရာဘာခြံပိုင်ရှင်အမျိုးသမီးတစ်ဦးကို ဧပြီလ ၁၂ ရက် ညနေပိုင်းအချိန်တွင် ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်းသေဆုံးသူမိသားစုဆွေမျိုးများထံမှ သိရသည်။

    ဝဲရက်ကျေးရွာအပိုင် ဝဲရက်-ပငကျေးရွာ ရာဘာခြံလူသွားလမ်းဘေး၌ သေဆုံးသူ ရာဘာခြံပိုင်ရှင် မမိုးမိုးဦး အလောင်းအား သစ်ရွက်ခြောက်နှင့်သစ်ကိုင်းများဖုံးအုပ်လျှက် ဝဲနားထင်အနောက် ပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူးယောင်ညိုမဲဒဏ်ရာ၊ နား၊ နှာခေါင်း သွေးထွက်ဒဏ်ရာများရရှိကာ မှောက်လျှက်အနေအထားဖြင့် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

    လူသတ်မှုဖြင့် ဖမ်းဆီးအရေးယူထားသည့် ရွှေ့ပြောင်းအလုပ်သမား(၃) ဦး(TB ZT Facebook)

    “အလောင်းကိုတွေ့ရပြီးတော့ ပတ်ဝန်းကျင်အနီးတဝိုက်ကို ကျနော်တို့ဝိုင်းပြီး လိုက်ရှာကြတာပေါ့၊ မီးရထားလမ်းဘေးမှာ တဲထိုးနေထိုင်တဲ့ မသင်္ကာဖွယ်အလုပ်သမားတွေကို တွေ့ရတော့ ရဲကခေါ်စစ်တာပေါ့၊ ခြံထဲရာဘာထင်းခြောက်ကောက်တဲ့ကိစ္စ စကားများကြပြီး ထောင်ထွက်တစ်ယောက်နဲ့ သူ့အစ်မရယ် သူ့ယောက်ဖတို့ ဝိုင်းပြီးရိုက်သတ်လိုက်ကြတာလို့ ရဲစခန်းမှာ ထွက်ဆိုသွားတယ်” ဟု အမည်မဖော်လိုသည့် သေဆုံးသူမိသားစုဝင်တစ်ဦးက ဆိုသည်။

    သံဖြူဇရပ်မြို့မ ရဲစခန်းမှစစ်ဆေးတွေ့ရှိချက်အရ အခင်းမဖြစ်မှီက သေဆုံးသွားသူမှာ ထင်းခြောက်ကောက်သူ (၃)ဦးနှင့် စကားများခဲ့ခြင်း၊ သေဆုံးသူ စီးနင်းအသုံးပြုခဲ့သော ဆိုင်ကယ်အား ဝဲရက်-ပငကျေးရွာသွား ကားလမ်းနှင့် ကိုက် (၁၀၀) ခန့်အကွာ ရာဘာခြံအတွင်း ဇက်သော့ခတ်လှဲလျှက် တွေ့ရှိရခဲ့ရခြင်းတို့အပေါ် သုံးသပ်၍ ရာဘာခြံအနီးပတ်ဝန်းကျင်အား လိုက်လံရှာဖွေစစ်ဆေးခဲ့ရာ တဲအိမ်(၆)လုံးအား တွေ့ရှိခဲ့ပြီး တဲအိမ်အတွင်း နေထိုင်သူများအား ထပ်မံစစ်ဆေးခဲ့သည်ဟု သံဖြူဇရပ်မြို့နယ် ရဲသတင်းများကို ဖော်ပြသည့် TB ZT Facebook သတင်းစာမျက်နှာတွင် ရေးသားဖော်ပြသည်။

    ၄င်းတို့အားစစ်ဆေးတွေ့ရှိချက်အရ ပြစ်ဒဏ်ကျခံပြီး လျော့ရက်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ရန်ကျော်လင်း(ခ)မဲလုံး(ခ)မဲသီး၊ ၄င်း၏ အစ်မဖြစ်သူ မဝေနှင်း၊ ယောက်ဖဖြစ်သူ လှဦး တို့(၃)ဦးအား သံဖြူဇရပ်မြို့မရဲစခန်း (ပ)၉၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂၊ အမှုကြီးအမှတ်စဉ်(၃/၂၀၁၈)ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူထားခြင်း ဖြစ်သည်။

    “အဲဒီ မဲလုံး(ခ)မဲသီးဟာ လူသတ်မှုနဲ့ထောင်ထွက်လာတာ သိပ်မကြာသေးဘူး၊ ပငလယ်ကွင်းမှာ ၂၀၁၂ ခုနှစ်တုန်းက လူတစ်ယောက်ကို လူ ရ ယောက်ရိုက်သတ်ခဲ့တဲ့ဖြစ်စဉ်မှာ မဲလုံး(ခ)မဲသီး ထောင် ရ နှစ်ချခံခဲ့ရတာ ကျနော်မှတ်မိသေးတယ်” ဟု ပငကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    သံဖြူဇရပ်မြို့နယ်တွင် ရာဘာခြံစိုက်ပျိုးရေး၊ မိုးစပါး၊ နေလှမ်းဆားလုပ်ငန်းနှင့် ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်းတို့ အဓိကထားလုပ်ကိုင်ကြသဖြင့် လုပ်သားအရင်းမြစ်လိုအပ်ချက်ကြောင့် ဧရာဝတီ၊ စစ်ကိုင်းတိုင်း၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်လုပ်ကိုင်ခြင်း ဖြစ်သည်။

    ၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်၌ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၄ သောင်းခွဲနီးပါးခန့် ထပ်မံဝင်ရောက်ခဲ့ပြီး သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် အများဆုံးနေထိုင်လျက်ရှိကြောင်း မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks