spot_img
Sunday, December 21, 2025
More
    spot_img
    Homeသတင်းသင်္ကြန်ကာလ မွန်ပြည်နယ်ထူးခြားဖြစ်စဉ်သတင်းများ

    သင်္ကြန်ကာလ မွန်ပြည်နယ်ထူးခြားဖြစ်စဉ်သတင်းများ

    -

    ဘီလူးကျွန်း အပြိုင်ကျေးရွာတွင် နေအိမ် ၄၅ လုံးမီးလောင်ဆုံးရှုံး

    မီးလောင်ဆုံးရှုံးခံရပုံ(Facebook)

    ဘီလူးကျွန်း-ချောင်းဆုံမြို့နယ်၊ အပြိုင်ကျေးရွာ၌ ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းအချိန်တွင် နေအိမ် ၄၅ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

    မီးစတင်လောင်ကျွမ်းခံရသည့် ကိုစိန်နှင့် မချို၏ နေအိမ်အား မွန်ချမ်း(ခ)မောင်ချမ်း ဆိုသူမီးရှို့ခဲ့သည်ဟု ဆိုသဖြင့် ချောင်းဆုံမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူထားသည်။

    မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်ငွေ သိန်းခြောက်ရာ (၅၉,၇၃၇,၅၀၀) ကျပ်ခန့် ရှိကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှထုတ်ပြန်ခဲ့ပြီး မီးဘေးဒုက္ခသည် ၂၀၀ ဦးနီးပါးခန့်အား အပြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မီးဘေးသင့်စခန်း ဖွင့်လှစ်ထားသည်။

    မွန်ပြည်နယ်အစိုးရ မော်လမြိုင်လမ်းလျှောက်သင်္ကြန် အစီအစဉ်ပျက်

    မွန်ပြည်နယ်အစိုးရစီစဉ်ထားသည့် လမ်းလျှောက်သင်္ကြန်တွင် ပူးပေါင်းပါဝင်သူမရှိသည့်အတွက် အစီအစဉ်ပျက်သွားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်ထံမှ သိရသည်။

    အဆိုပါ လမ်းလျှောက်သင်္ကြန်အစီအစဉ်ကို မော်လမြိုင်မြို့ ကမ်းနားလမ်း ဘုရင့်ရုံရုပ်ရှင်ရုံမှ ထားဝယ်တံတားအထိ ဧပြီလ ၁၄ သင်္ကြန်အကျနေ့တွင်စတင်ပြီး မွန်းလွဲ ၁ မှ ၄ နာရီအထိ ၃ ရက်ဆက်တိုက် နေ့စဉ်ကျင်းပသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

    သို့ရာတွင် ပြည်နယ်အစိုးရ ဦးဆောင်သည့် ယခုနှစ်လမ်းလျှောက်သင်္ကြန်ပွဲကို ပြည်သူတွေပါဝင်လာရန် အချိန်မီပြင်ဆင်ထားခြင်းမရှိသည့်အတွက် အစီအစဉ်ပျက်ခဲ့ရသည်ဆိုသော်လည်း ယမန်နှစ် ၂၀၁၇ ခုနှစ် မော်လမြိုင်လမ်းလျှောက်သင်္ကြန်ကို လူငယ်များစုပေါင်းကျင်းပခဲ့ရာတွင် အလွန်စည်ကားကြောင်း သံလွင်တိုင်းမ်းဂျာနယ်အယ်ဒီတာ ဦးကိုကိုဇော်က သုံးသပ်သည်။

    ကဗျာဝကမ်းခြေရုန်းရင်းဆန်ခတ်ဖြစ်မှုတွင် ရဲသုံးဦးဒဏ်ရာရရှိသဖြင့် သေနတ်ပစ်ဖောက်လူစုခွဲ

    ရေးမြို့နယ်၊ ကဗျာဝကမ်းခြေတွင် သင်္ကြန်ရေကစားလူငယ်အဖွဲ့နှင့် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ သင်္ကြန်အကျ (ဧပြီ ၁၄ ရက်) နေ့လည်ပိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ် ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိသဖြင့် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း ကဗျာဝကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

    ကမ်းခြေသို့ လာရောက်လည်ပတ်သည့် မော်တော်ကား၊ ဆိုင်ကယ်များအား ကမ်းခြေအထိမခေါ်ဆောင်သွားရန် အုပ်ချုပ်ရေးအဖွဲ့နှင့် ကမ်းခြေတွင်စျေးရောင်းချသူများ အစည်းအဝေးပြုလုပ်နေစဉ် သင်္ကြန်ရေကစားလူငယ်အဖွဲ့ ဆောင်းဘောက်အသံချဲ့စက် ကျယ်လောင်စွာဖွင့်ထားသည်ကို သွားရောက်တားမြစ်သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

    ယင်းဖြစ်စဉ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဆိုင်းဘုတ်၊ ခေါင်မိုးနှင့် ခြံစည်းရိုးတစ်ချို့ ပျက်စီးခဲ့ကြောင်း၊ ဖြစ်စဉ်တွင် ပါ၀င်သည့်လူငယ်များနာမည်စာရင်းကို မေးမြန်းခြင်းသာပြုလုပ်ခဲ့ပြီး ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

    ကဗျာဝ ကမ်းခြေသင်္ကြန်ကာလမြင်ကွင်း(Facebook)

    မွန်ပြည်နယ်အကျဉ်းထောင်များမှ အကျဉ်းသား/သူ ၅၈၉ ဦး လွတ်မြောက်ခွင့်ရ

    နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/သူ ၅၈၉ ဦး သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇) တွင် လွတ်မြောက်လာကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ သတင်းရရှိသည်။

    မော်လမြိုင်(ကျိုက်မရော) အကျဉ်းထောင်မှ ကျား (၁၀၄) ဦး၊ မ (၂) ဦး။ သထုံအကျဉ်းထောင်မှ ကျား (၁၃) ဦး၊ ကျိုက်ထိုမြို့နယ် အင်္ဂပူကုန်ထုတ်စခန်းမှ ကျား (၉၄) ဦး၊ မုပ္ပလင်ကုန်ထုတ်စခန်းမှ ကျား (၉၄) ဦး၊ မ (၆၀) ဦး၊ တောင်စွန်းကုန်ထုတ်စခန်းမှ ကျား (၄၂) ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ ကျား (၅၄) ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ ကျား (၅၈) ဦး၊ အင်းဗြောင်ကုန်ထုတ်စခန်းမှ ကျား (၁၁၆) ဦး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

    နိုင်ငံတဝန်း အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသည့် နိုင်ငံသားအကျဉ်းသား/သူ (၈၄၉၀) ဦးနှင့် နိုင်ငံခြားသား(၅၁) ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ မူးယစ်ပုဒ်မဖြင့် ကျခံနေရသော အကျဉ်းသား အများစု ပြစ်ဒဏ်မှ လွတ်မြောက်လာကြောင်း သိရသည်။

    ကျိုက်မရောအကျဉ်းထောင်(Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts