spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက်တွင် မွန်ပြည်နယ်အဆင့်(၈) ရှိ

    မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက်တွင် မွန်ပြည်နယ်အဆင့်(၈) ရှိ

    -

    စိမ်းလန်းစိုအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ရေးသားပြုစုသည့် မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၇ ခုနှစ်စစ်တမ်းတွင် မွန်ပြည်နယ်၏ ပတ်ဝန်းကျင်အခြေအနေ အဆင့် (၈) မှာ ရှိနေကြောင်း ဖော်ပြထားသည်။

    မွန်ပြည်နယ်၏ ပတ်ဝန်းကျင်ဆိုင်ရာ အဓိက ပြဿနာများသည် ရာဘာစေးချက်စက်ရုံကြောင့် ရေညစ်ညမ်းခြင်း၊ လေထုညစ်ညမ်းခြင်း၊ ရာဘာစိုက်ရန် မြေသိမ်းဆည်းခြင်း၊ သောက်သုံးရေရှားပါးခြင်းနှင့် ကျောက်မိုင်းကုမ္ပဏီနှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားခြင်းစသည့် အကြောင်းအရင်းများ တွေ့ရှိခဲ့သည်ဟု စစ်တမ်းအရ သိရသည်။

    မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၇ ခုနှစ်စစ်တမ်း(Copy)

    မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “မွန်ပြည်နယ်မှာ ကျောက်မိုင်းတွေ များနေတယ်။ အခုဆိုရင် တောတောင်တွေလည်း ပျက်စီးလာပြီ။ ဒါကို ထိန်းသိမ်းဖို့က နောက်ထပ်ကျောက်မိုင်းလုပ်ငန်းအသစ်တွေကို အစိုးရအနေနဲ့က ခွင့်ပြုသင့် မသင့် လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်သွားမှာ” ဟု ပြောသည်။

    ပျက်စီးဆုံးရှုံးခဲ့သည့် ပတ်ဝန်းကျင်များကို ယခင်အခြေအနေအတိုင်း ပြန်ဖြစ်လာနိုင်အောင် မလုပ်ဆောင်နိုင်သော်လည်း သစ်ပင်များ စိုက်ပျိုးခြင်း၊ ပလတ်စတစ်အိတ်၊ ဂတ်စ် စသည့်အရာများကို လျှော့သုံးခြင်းအားဖြင့် ထိန်းသိမ်းသွားနိုင်သည်ဟု သူက ဆက်ပြောသည်။

    မြန်မာနိုင်ငံတွင် လက်တလောဖြစ်ပေါ်နေသည့် ရာသီဥတုအခြေအနေပြောင်းလဲမှုကို အများပြည်သူသိရှိစေရန် ရည်ရွယ်ပြီး ယင်းစစ်တမ်းကို ပြုစုခဲ့ခြင်းဖြစ်သည်ဟု စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း (Program Director) ဦးလွင်မောင်မောင်ဆွေက ပြောသည်။

    “ပတ်ဝန်းကျင်တစ်ခုကို ပျက်စီးအောင် ဘယ်အရာက တွန်းအားတွေ ဖိအားတွေပေးနေတာလဲ၊ ပတ်ဝန်းကျင်ပြဿနာကြောင့် ပြည်သူတွေရဲ့လူနေမှုဘဝမှာ ဘယ်လိုတွေ ဖြစ်နေလဲ၊ ဖြစ်နေတဲ့ အခြေအနေပေါ် သက်ဆိုင်ရာ(အစိုးရ)ကနေ ဘယ်လိုတုံ့ပြန်ထားတာတွေရှိလဲ အစသဖြင့် အခြေခံ(၆) ခုအပေါ်မူတည်ပြီးတော့ လေ့လာခဲ့တယ်” ဟု သူက ဆက်ပြောသည်။

    (၁၀) မြို့နယ်ရှိသော မွန်ပြည်နယ်တွင် ချောင်းဆုံ၊ သထုံနှင့် ကျိုက်မရောမြို့နယ်တွင် ပတ်ဝန်းကျင်ထိခိုက်မှုအဆိုးဆုံးအခြေအနေဖြစ်ပြီး မုဒုံ၊ မော်လမြိုင်နှင့် ရေးမြို့နယ်တို့သည် ပတ်ဝန်းကျင်အကောင်းဆုံးအခြေအနေအဖြစ် ရှိနေကြောင်း စစ်တမ်းမှာ ဖော်ပြထားသည်။

    ယင်းစစ်တမ်း ဖော်ပြချက်အရ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နှင့် ကချင်ပြည်နယ်တို့သည် အဆင့် (၁) နေရာမှ (၃) နေရာအထိ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၃) ခု၏ ပတ်ဝန်းကျင်အကောင်းဆုံးအခြေအနေအဖြစ် ရပ်တည်နေပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ပတ်ဝန်းကျင်အဆိုးရွားဆုံးအခြေအနေအဖြစ် ရပ်တည်နေကြောင်း တွေ့ရသည်။

    ၂၀၁၇ ခုနှစ် ပတ်ဝန်းကျင်ရေးရာပြည်သူ့စစ်တမ်းရလဒ်များအရ မြန်မာနိုင်ငံ၏ ယေဘုယျပတ်ဝန်းကျင်အခြေအနေတစ်ရပ်မှာ ပျမ်းမျှ ၅၈ မှတ်သာရှိပြီး ယခင်နှစ် ရလဒ်များဖြစ်သည့် ၂၀၁၄ ခုနှစ် ပျမ်းမျှ ၆၀ နှင့် ၂၀၁၅ ခုနှစ် ပျမ်းမျှ ၆၁ ထက် နည်းပါးသဖြင့် ပိုမိုဆိုးရွားလာသည်ကို တွေ့ရှိခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts