မွန်စာပေအသိုင်းအဝိုင်းတွင် စာရေးဆရာများသည် နှစ်ပေါင်းများစွာကပင် စာပေကို မိမိတို့နားလည်တတ်ကျွမ်းသလို နည်းမျိုးစုံဖြင့် ရေးသားဖော်ထုတ်ခဲ့ကြသည်။ စာရေးသူအများစုမှာ မိမိတို့စိတ်ထဲတွင် ကိန်းအောင်းနေသော ဗဟုသုတ၊ သိမှတ်ဖွယ်ရာအသိပညာ၊ အတတ်ပညာများကို ပြည်သူများသိရှိခံစားနိုင်ရန် “ဂျာနယ်၊မဂ္ဂဇင်း”များမှတဆင့် ပြန်လည်မျှဝေရေးသားခဲ့ကြသည်။
အခြားသောပညာရပ်များထက်”စာပေအသိပညာ” ပြည့်ဝလျှင်အခြားတစ်ယောက်ထက် ခေါင်းတစ်လုံးပိုသာနေသလိုပင်။ ထို့ကြောင့်စာပေသည်လူမျိုးစုရဲ့ အရေးကြီးသောအထူးအစိတ်အပိုင်းအဖြစ် တည်ရှိနေသည်။
ယခု’ဂလိုဘယ်လိုက်ဇေရှင်း’ ကမ္ဘာ့ရွာကြီးခေတ်တွင် စာပေများကိုဆိုရှယ်မီဒီယာများပေါ်မှ နည်းမျိုးစုံ ရေးသားလာကြသည်။ လူမှုကွန်ယက်စာမျက်နှာ Facebook မှသာမက Online Media များ Website မှလည်း ဖြန့်ဝေရေးသားတင်ဆက်လာကြသည်။
ယနေ့ကာလတွင်”မဂ္ဂဇင်း၊ဂျာနယ်”များ နေဝင်ချိန်ဟု ဆိုရမလို ဖြစ်နေသည်။ “သုတ၊ရသ” အသားပေးသော” မဂ္ဂဇင်း၊ဂျာနယ်” များ တဖြုတ်ဖြုတ်ကြွေလွင့်နေဆဲပင်။ မည်သို့ပင်ရှိစေ စာရေးဆရာများက အရှုံးခံပြီး မိမိတို့ဖြတ်သန်းလာခဲ့သော စာပေသမိုင်းကို မှတ်တိုင်တစ်ခု ကျန်ရစ်စေရန် “လုံးချင်းစာအုပ်များ၊ တစ်ကိုယ်တော်စုစည်းမှုစာအုပ်များ” ရိုက်နှိပ်ဖြန့်ဝေနေဆဲပင် ဖြစ်သည်။
၄င်းတို့စာပေအပေါ် မည်မျှဖက်တွယ်မှုရှိသည်ကို မှန်းနိုင်သည်။ “စာပေနှင့်ဘာသာစကား” သည် လူမျိုးစုတစ်စု၏ အသက်သွေးကြောဖြစ်သည်။ “ယဉ်ကျေးမှု”သည်လူမျိုး၏ပြယုဂ်ဖြစ်သည်။ “စာပေပျောက်လျှင် လူမျိုးလည်းတိမ်ကောပျက်စီးသွားမည်” ဟူသော ရှေးစာဆိုပညာရှိများ၏ အဆိုအမိန့်အတိုင်း ခေတ်အဆက်ဆက်ရဟန်းစာဆိုများနှင့် မွန်စာဆိုများက စာပေကိုအခက်အခဲမျိုးစုံကြားမှ လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့သည်။
“အသက်၊ သွေး၊ ချွေး” များ စတေးခဲ့သောကြောင့် ယင်းစာပေများ ယနေ့ထိရှင်သန်နေခြင်းကိုလည်း လူငယ်များအနေဖြင့် နားလည်သဘောပေါက်ရန် လိုပါသည်။ ရှေးမွန်စာဆိုကဝိဆရာများကလည်း စာပေများကျန်ရှိအောင် နည်းလမ်းအမျိုးမျိုးဖြင့် ထိန်းသိမ်းလာခဲ့သည်။
ကျောက်သားကိုထွင်းထုပြီး ကျောက်ထက်အက္ခရာတင်ရေးသားထားသော ‘ကျောက်စာ’ များ၊ ပေပုရိပိုက်ပေါ်တွင် ကညစ်မှင်ဖြင့်ရေးသားသော ‘ပေစာ’များ၊ ဘုရားဆင်တုတော်၊ ဝတ်၊ တန်ဆောင်းနံရံများတွင် ရေးသားထားသော ‘မင်စာ’ များ၊ ခေါင်းလောင်းပေါ်တွင် ရေးသားထားသော ‘ခေါင်းလောင်းစာ’များ စသည့်အမွေအနှစ်များစွာ ချန်ထားခဲ့ပါသည်။ ယနေ့ Digital ခေတ်အပြောင်းအလဲကြား စာပေမျိုးဆက်များ ပြတ်တောက်မသွားအောင် အထူးသတိထားရမည် ဖြစ်သည်။
တပို့တွဲလဆန်း (၃) ရက်ကို ‘မွန်ကဝိဆရာနေ့’ အဖြစ် ရှေးယခင်ကတည်းကပင် ဆရာတော်ကြီး၊ သံဃာတော်ကြီးမှသတ်မှတ်ထားခဲ့သည်။ ကမာဝက်မြို့ ဓါတ်တော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပါလိတမထေရ်မြတ်နှင့် ဖားအောက်ဝေဠုဝန်ကျောင်းတိုက် ဆရာတော်တို့ပူးပေါင်းပြီး ၁၉၄၆ မှ ၄၈ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် မော်လမြိုင်မြို့တွင်ကျင်းပ ပြုလုပ်ခဲ့ဖူးသည့် အထောက်အထားများ ရှိသည်။
ကောဇာသက္ကရာဇ်(၁၁၀၂)ခုနှစ်၊ တပို့တွဲလဆန်း (၃) ရက်နေ့တွင် မွန်စာပေပညာရှင်အကျော်အမော် ဝေါဆရာတော်၏ “လောကသိဒ္ဓိကျမ်း”ကို ပြုစုအောင်မြင်သည့်နေ့ကိုအစွဲပြု၍ ‘မွန်ကဝိဆရာနေ့’အဖြစ် ဆရာတော်ကြီးတို့ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုနောက် ဖားအောက်ရွာဝေဠုဝန်ကျောင်းတိုက်ဆရာတော် ဘဝနတ်ထံပျံလွန်တော်မူပြီးနောက်တွင် ဆက်လက်ကျင်းပနိုင်ခြင်းမရှိတော့ပါ။ ကောဇာသက္ကရာဇ် ၁၉၆၂-၆၃ ခုနှစ်ခန့်တွင် မွန်စာရေးဆရာများမှဦးဆောင်ပြီး ရေးမြို့နယ်မွန်စာပေချစ်မြတ်နိုးသူများနှင့်အတူ “မွန်ကဝိဆရာနေ့”ကို နှစ်နှစ်ဆက်တိုက်ပြုလုပ်ခဲ့ပြန်သည်။ ယင်းနောက်ပြန်လည်အဆက်ပြတ်သွားခဲ့သည်။
တဖန် မွန်ကဝိဆရာနေ့ကို ပြီးခဲ့သည့်နှစ် တပို့တွဲလဆန်း(၃)ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိဓါတ်တော်ကျောင်းတိုက်တွင် ပြန်လည်ကျင်းပခဲ့သည်။ မွန်ကဝိဆရာနေ့ ပြန်လည်ဖော်ထုတ်ကျင်းပရခြင်းနှင့်ပတ်သတ်၍ မွန်စာရေးဆရာ နိုင်အောင်ဂျနဲ့က “သက်ရှိဂန္ဓဝင်ရဟန်းစာဆို ‘ဘဒ္ဒန္တပါလိမထေရ်မြတ်’ ဆရာတော်အားဂုဏ်ပြုလိုခြင်း၊ ရှိရင်းစွဲမွန်ကဝိဆရာနေ့ကို ပြန်လည်ဖော်ထုတ်လိုခြင်းနှင့် တကွဲတပြားဖြစ်နေသော မွန်စာရေးဆရာများပြန်လည်းစုစည်းမှုရှိစေရန် ‘မွန်စာရေးဆရာအသင်း(ယာယီ)’ကို ဖွဲ့စည်းလိုခြင်းတို့ဖြစ်သည်” ဟု ဆိုသည်။
ရာစုသစ်တွင် ပထမအကြိမ်အဖြစ် မွန်ကဝိဆရာနေ့ကိုကျင်းပနိုင်ခဲ့ပြီး “မွန်စာရေးဆရာအသင်း(ယာယီ)”ကိုလည်း အားလုံးသဘောတူအကြံပြုချက်များဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။ မွန်စာရေးအသင်း(ယာယီ)မှ ဦးဆောင်ကမကထပြုပြီး “မွန်စာရေးဆရာညီလာခံ”တရပ်အား ကမာဝက်မြို့၊ ဓါတ်ကျောင်းတိုက်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က ကျင်းပခဲ့သည်။ ထိုညီလာခံတွင် “မွန်စာရေးဆရာအသင်း” ကို ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ယခင်နှစ်ပေါင်းများစွာကတည်းက မွန်စာပေသည် သမိုင်းအထောက်အထားခိုင်လုံစွာ တည်ရှိခဲ့သည်။ မွန်စာပေအနှစ်သာရများ တိုးတက်ပွားများလာအောင် ခေတ်အဆက်ဆက်က စာပေပညာရှင်များ ကြိုးပမ်းအားထုတ်ခဲ့သည်။ ထိုသို့ကြိုးပမ်းအားထုတ်ရာတွင် စာပေပညာရှင် (ခ) စာရေးဆရာများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ သို့ရာတွင် ခေတ်ကိုမျက်ကွယ်ပြုပြီး ဖော်လံဖားအကြိုက်ဆောင် ရေးသားသူများကိုမဆိုလိုပါ။ အမှန်တရားဘက်ရပ်တည်ပြီး ပြည်သူ့ဘက်တော်သားစစ်စစ်များကိုသာ ဆိုလိုသည်။ စာရေးဆရာများသည် ခေတ်တစ်ခေတ်ကို အမှန်တရားရှုထောင့်တစ်နေရာရာမှ ညွှန်ကြားထောက်ပြနေသည့် ခေတ်ကြေးမုံပင် ဖြစ်သည်။
ဂန္ဓဝင်မွန်အာဇာနည်ရဟန်းစာဆို “ဝေါဆရာတော်”၏ စာပေချစ်စိတ်ဓါတ်ကို ဂုဏ်ပြုခြင်းအားဖြင့် “မွန်ကဝိဆရာနေ့”ကို သတ်မှတ်နိုင်ခဲ့သည်။ သက်ရှိထင်ရှားလျက်ရှိသော မွန်ဂန္ဓဝင်ရဟန်းစာဆိုဆရာတော် “ပါလိတမထေရ်မြတ်”ကို ဂုဏ်ပြုခြင်းအားဖြင့်လည်း”မွန်စာရေးဆရာအသင်း”ကို ဖွဲ့စည်းခဲ့ပြန်သည်။ ထိုသို့အသင်းအဖွဲ့များ ဖော်ထုတ်နိုင်ခြင်းသည် အမျိုးမျိုးအဖုံဖုံကွဲပြားနေသော စာပေရေးနည်းရေးဟန်များကို စနစ်တကျလမ်းပြနိုင်ရန်လည်း ဖြစ်သည်။
“မွန်ကဝိဆရာနေ့”သည် စာရေးဆရာများ၏ ဂုဏ်သိက္ခာနေ့တစ်နေ့ ဖြစ်ပါသည်။ စာပေ၏အမြင့်ဆုံးဝိသေသ တစ်ခုလည်းဖြစ်သည်။ တစ်ဘဝလုံးပေးဆပ်ခဲ့သူတို့၏ အမြင့်ဆုံးမှတ်တိုင်ပင် ဆိုချင်ပါသည်။ “မွန်စာရေးဆရာအသင်း”သည် မျိုးဆက်သစ်မွန်စာပေကို ဆက်လက်ဖော်ထုတ်ရန်နှင့် လူငယ်ကလောင်သစ်များအား လက်ကမ်းကြိုဆိုရန် ဖြစ်သည်။
အချို့သော မွန်ဘာသာဂျာနယ်၊ မဂ္ဂဇင်းအယ်ဒီတာများသည် ကလောင်အဟောင်းများကိုသာ နေရာပေးနေတာချည်း မပြုလုပ်သင့်ပါ။ အရည်အချင်းပြည့်မီ သောကလောင်သစ်များကိုလည်း နေရာပေးသင့်သည်ဟု မြင်သည်။ စာပေကလောင်သမားဟောင်းများကိုသာ မှီခိုနေလျှင် တစ်နေ့တွင် စာပေမျိုးဆက်ပြတ်တောက်သွားနိုင်သည်။ အယ်ဒီတာဆရာများအနေဖြင့် ကလောင်သစ်များကို လစ်လျူမပြုစေလိုပါ။
မွန်ဘာသာမဂ္ဂဇင်း၊ ဂျာနယ်များပုံနှိပ်ထုတ်ဝေနေသော အဖွဲ့အစည်းများအနေဖြင့် ကလောင်သစ်များအတွက် နေရာသစ်(ကွင်းသစ်)တစ်ခု ဖန်တီးပေးရန် တိုက်တွန်းလိုပါသည်။ ‘အဟောင်း’များသည်လည်း တစ်ချိန်က’အသစ်’ဘဝကပင်စတင်ခဲ့ရသူများ မဟုတ်ပါလား။ အသစ်နှင့်အဟောင်းမျှတစွာ ရောသမလိုက်လျှင် ဟင်းပေါင်းအိုးကြီးတစ်ခုပမာ ရသမျိုးစုံခံစားနိုင်မည် ဖြစ်ပါသည်။
ခေတ်သစ် “မွန်ကဝိဆရာများနေ့”ကို ပထမအကြိမ်အောင်မြင်စွာ ပြန်လည်ဖော်ထုတ်ကျင်းပနိုင်ခဲ့ပြီး ဖြစ်သည်။ ထိုနေ့ကိုအစွဲပြုပြီး တကွဲတပြားပြန့်ကျဲနေသော မွန်စာရေးဆရာများကို “မွန်စာရေးဆရာအသင်း”အဖြစ် စုစည်းနိုင်ခဲ့သည်။ “မွန်ကဝိဆရာများ” ရှင်သန်ပေါက်ဖွားရာ “မွန်စာရေးအသင်း”မှသည် အနာဂတ်စာပေအကျိုးများ ဆက်လက်ဦးဆောင်ထမ်းရွက်နိုင်ရန် စာပေမျိုးဆက်သစ် “ကလောင်သစ်များကိုလက်ဆင့်ကမ်းကြိုဆိုကြပါစို့” ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ကျေးဇူးတင်ပါသည်